Opinion
တညီတည်းရုန်းဖို့အချိန်ကျပြီ
လွန်ခဲ့သော တစ်နှစ် က
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးက အေးစက်သယောင်ဖြစ်နေသော နွေဦးတော်လှန်ရေး ကို လှုပ်နှိုးလိုက်သလို ဖြစ်စေခဲ့သည်။ တစ်ပြည်လုံးအတိုင်းအတာနှင့် သက်ရောက်မှုတချို့ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် စိတ်ဓာတ်ရေးရာအရ ကြီးမားသောတွန်းအားတစ်ခုဆိုလည်း မမှားပေ။ မြို့ပြရှိ နီးရာဓား ကြောက်နေရသူ ပြည်သူများအတွက် စိတ်ဓာတ်ရေးရာ အားပေးမှုတစ်ခုအဖြစ် ရှုမြင်ကြသလို လက်ရှိ ခုခံစစ်ဆင်နွှဲရင်း စစ်ကောင်စီ၏ ပြင်းထန်သော နှိပ်စက်အနိုင်ကျင့်မှုတို့ကို ခါးစည်းခံနေရသော စစ်ကိုင်း၊ မကွေး စသော ဒေသများအတွက်လည်း ရှေ့ဆက် ဘာလုပ်ရမည်ကို ညွှန်ပြသော လမ်းညွှန်ချက်တစ်ခုအသွင် ဖြစ်စေခဲ့သည်။
ဤနေရာ၌ ခုခံစစ်ဆင်နွှဲရင်း ကိုယ့်ရပ်ရွာဒေသ လုံခြုံရေးဆီဦးတည်ထားသော ဒေသန္တရအဖွဲ့များအနေဖြင့်လည်း လက်ရှိအချိန်ကိုကျော်၍ မကြာမီရောက်ရှိလာမည့် အနာဂတ်အတွက် မည်သို့သောစီမံမှုများဖြင့် ဖော်ဆောင်သင့် သည်ကို ပြန်လည်သုံးသပ်သင့်သော ကာလလည်းဖြစ်သည်။ ဥပမာ စစ်ကိုင်းနှင့် မကွေးအတွင်း၌ ကိုယ့်အရပ် ကိုယ့်ဇာတ်ဆိုသလို သီးသန့်ဆန်စွာ တိုက်ပွဲဝင်နေသောအဖွဲ့များအတွက် မေးခွန်းဟုဆိုလျင်လည်း မှားမည်မထင်။
စစ်ဆိုသည်က တစ်ဦးတစ်ယောက်တည်းဖြင့် ခုခံဆင်နွှဲနိုင်သော ကိစ္စမဟုတ်ပေ။ အလားတူစွာ ဗမာ့နွေဦးတော် လှန်ရေးဆိုသည်ကလည်း တစ်စုတစ်ဖွဲ့တည်း ခုခံတော်လှန်နေရုံဖြင့် ပြီးနိုင်သောကိစ္စမဟုတ်ပေ။ တော်လှန်ရေး အစဦးကာလ ကိုယ့်တွင်ရှိသမျှနှင့် ကြဲကြဲဝိုင်းရင်း စနစ်မကျခြင်းများ ရှိခဲ့လင့်ကစား အချိန်အားဖြင့် သုံးနှစ်နီးပါး ရှိလာသော လက်ရှိချိန်ထိတိုင် တစုံတရာသောစုစည်းမှု ပီပီသသမရှိနိုင်သေးခြင်းက တော်လှန်ရေးအတွက် အား နည်းရာအားနည်းကြောင်းဆိုသည်ကို ပို၍သဘောပေါက်နားလည်ရန် လိုအပ်သည်။ ပြည်သူတို့၏ ယုံကြည်မှု အ တွက် ထိုမစုစည်းနိုင်ခြင်းက စိတ်ဓာတ်ရေးရာပိုင်း၌ မည်မျှထိခိုက်စေနိုင်သလဲဆိုသည့်ကို ချိန်ဆကြည့်ကြရန်လို အပ်ပါမည်။
ဤနေရာတွင် မေ့ထား၍မရသည်က အိမ်နီးချင်းနိုင်ငံများ၏ သဘောထားနှင့်ပါဝင်ပတ်သက်မှုဖြစ်သည်။ အနီးကပ်ဆုံး အင်အားကြီးတရုတ်ပြည်၏ အစဉ်အဆက်ပါဝင်ပတ်သက်မှုကို ပိုပြီးမေ့ထား၍ မရပေ။ သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ တရုတ်တာဝန်ရှိသူတစ်ဦး၏ ဗမာပြည်တွင်းစစ် အမြန်အပစ်အခတ်ရပ်ပြီး ဆွေးနွေးပွဲ လမ်းကြောင်းဆီ ပြန်လှည့်ဖို့ဆိုသော ထုတ်ပြန်ပြောကြားချက်ကို မျက်ခြေမပြတ်ရန် လိုပါသည်။ အဆိုပါထုတ် ပြန်ချက်ထဲ ပြည်သူ၏ အခန်းကဏ္ဍကို ထည့်တွက်စဉ်းစားပေးထားခြင်း မရှိသည်ကလည်း သတိပြုစရာ ဖြစ်သည်။
တချို့သော နိုင်ငံရေးအကဲခတ်များကတော့ တရုတ်၏ အနာဂတ်မျှော်လင့်ချက်ထဲတွင် စစ်ကောင်စီကို အစိုးရအ ဖြစ် ထည့်သွင်းစဉ်းစားခြင်းမရှိသည့်သဘော ခန်းမှန်းချက်များလည်း ရှိနေခဲ့သည်။ ဤသည်ကလည်း စစ်ကောင်စီ၏ လက်ရှိအချိန် အထိနာနေမှုတို့ အပေါ်အခြေခံ၍ သုံးသပ်အကဲခတ်ခြင်းမျိုးသာဖြစ်ပြီး ကံသေကံမ မည်သူမျှ အာမခံနိုင်ခြင်းမရှိသည်က သေချာသည်။ နိုင်ငံရေးဆိုသည် ဘုံလုံတလှည့် ငါးပျံတလှည့်ဆိုသလို ဖြစ်နိုင်ခြင်းကိုလည်း သတိထားကြရန် လိုအပ်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အားကြီးသူ သာ နိုင်စားစတမ်းသည် ယနေ့ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၏ ပြချက်ဖြစ်နေသည်က မည်သို့မျှ ငြင်း၍မရသည့် အမှန်တရားလည်း ဖြစ်နေခဲ့၏။
သို့ဖြစ်ရာ အာဏာရှင်၏ မတော်မတရားမှုများကို အဆုံးစွန်တိုက်ဖျက်ရန်သည် ယနေ့အချိန်လောက်ကောင်းမွန် သော အချိန်အခါဟူ၍ တိုင်းပြည်တွင် ရှိနိုင်မည်မဟုတ်ပါ။ ထိုအတွက် လိုအပ်ချက်က လက်ရှိအောင်မြင်မှု များထဲ ပြည်သူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အနေဖြင့် တစိတ်တည်း၊ တဝမ်းတည်း အတူတကွ ပါဝင်အားဖြည့်ကြရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့်သာ ဗမာ့မြေပေါ်ကနေ စစ်အာဏာ ရှင် စနစ်ကို ပို၍ မြန်ဆန်စွာ ချုပ်ငြိမ်းစေမည်ဖြစ်သည်။
သို့ဖြစ်သောကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်မြေမြှုပ်သင်္ဂြိုလ်ဖို့ရာ လက်ရှိရရှိထားသော မြောက်ပိုင်း မဟာမိတ်အဖွဲ့အပါအဝင် အခြားသောအဖွဲ့အသီးသီး၏ အောင်မြင်မှုများကို တပြည်လုံးသဘောထိ ဖြန့်ကျက် ရင်း အဆုံးသတ်အောင်ပွဲဆီ စုစည်းညီညွတ်စွာ အမြန်ချီတက်ရန် အချိန်အခါကောင်းဆိုသည်အား မြဲမြံစွဲကိုင်ရန် လိုအပ်လှပါသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က