Opinion
ဘုရားသုံးဆူမြို့ထဲ စစ်သားတွေ ဝင်လာတော့မလား
လွန်ခဲ့သော ၁၈ နာရီ က
(အတွေးအမြင်)
BAP၊ စက်တင်ဘာ ၂၃။
မြဝတီမြို့ကို စစ်အုပ်စုက တကျော့ပြန်ခြေချလိုက်ခြင်းဟာ အခြားသော ထိုင်းနယ်စပ်မြို့တခုဖြစ်တဲ့ ဘုရားသုံးဆူဒေသခံတွေအတွက် ကျယ်လောင်တဲ့ အချက်ပေးသံကို ကြားလိုက်ရသလိုပါပဲ။
မြဝတီမြို့နဲ့ ကီလိုမီတာ ၃၀၀ (မိုင် ၂၀၀ နီးပါး) အကွာမှာရှိတဲ့ ဘုရားသုံးဆူမြို့မှာလည်း တူညီတဲ့ အကြောင်းတရားတွေက ရှိလို့နေပါတယ်။
- ဘုရားသုံးဆူမြို့ထဲက စစ်တပ်
၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းမှာ ဘုရားသုံးဆူမြို့ထဲက အစိုးရရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းခဲ့ချိန်မှာ ဘုရားသုံးဆူမြို့ထဲမှာရှိတဲ့ စစ်တပ်ဟာ နတ်နေကိုင်းသဖွယ်ကျန်နေခဲ့ပါတယ်။
အဲဒီနောက် ဘုရားသုံးဆူမြို့အဝင်ကရတဲ့ အခွန်အခတွေကို စစ်တပ်က လူလုံးထွက်ပြဖို့မလိုဘဲ ယနေ့ အချိန်ထိ ရနေခဲ့တာပါ။
ဒါက မကြာခင်က စစ်တပ်အောက် လုံးလုံးလျားလျားပြန်ရောက်သွားတဲ့ မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့ရဲ့ အခြေအနေနဲ့ တူညီနေပါတယ်။
မြဝတီမြို့မှာ မြို့စောင့်တပ်အဖြစ်ကျန်နေတဲ့ ခလရ(၂၇၅) ဟာ ကရင်နယ်ခြားစောင့်ရဲ့ စောင့်ရှောက်မှု အောက်မှာ ဘေးကင်းကင်းနဲ့ အချိန်အတန်ကြာနေခဲ့ပါတယ်။ အဲဒီလိုနေရင်းက ကျုုံဒိုး-ကော့ကရိတ်ကနေ ချီလာတဲ့ အောင်ဇေယျစစ်ကြောင်း သင်္ကန်းညီနောင်ကို နီးကပ်လာချိန်မှာ တပ်ထဲကနေထွက်ပြီး ခုခံတော်လှန်ရေးသမားတွေကို အကြပ်ရိုက်စေခဲ့ကာ နယ်မြေတွေ လက်လွှတ်ခဲ့ရပါတယ်။
ဘုရားသုံးဆူမြို့ထဲက စစ်တပ်ဟာလည်း ဗိုလ်အေဝမ်းဦးဆောင်တဲ့ DKBA ရဲ့ အရိပ်အာဝါသအောက်မှာ ဘေးကင်းကင်းနဲ့ နေနေရပါတယ်။
လက်ရှိအချိန်မှလည်း ဘုရားသုံးဆူကို စစ်ချီရာလမ်းကြောင်းတွေဖြစ်တဲ့ အနန်းကွင်း၊ သံပုရာ၊ လွတ်ရှမ်းနဲ့ တောင်စွန်းဘက်တွေမှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေရှိနေလို့ မြို့ခံတွေအဖို့ စစ်တပ်ဟာ ဘုရားသုံးဆူ မြို့ထဲကို အုံနဲ့ကျင်းနဲ့ရောက်လာမလားဆိုပြီး စိုးရိမ်နေတာပါ။
- ဘုရားသုံးဆူကို KNU က အုပ်ချုပ်နေသလား
ဘုရားသုံးဆူမြို့ပေါ်က စစ်အုပ်စု အုပ်ချုပ်ရေးယန္တယားတွေ မရှိတော့တဲ့ ၈ လ နီးပါးကြာတဲ့ အချိန်မှာ ကရင်အမျိုးသား အစည်းအရုံး-KNU က အုပ်ချုပ်ရေးတာဝန်တွေ ယူနေပြီဆိုပြီး အသံလွှင့်ခဲ့ပါတယ်။
KNU ဘက်က အဲဒီလိုပြောပြီး ရက်ပိုင်းမှာပဲ စစ်တပ်က ဘုရားသုံးဆူမှာ လူလုံးထွက်ပြခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ KNU ဘက်ကလည်း ဘုရားသုံးဆူအုပ်ချုပ်ရေးနဲ့ပတ်သတ်ပြီး လူသိရှင်ကြား ထပ်ပြောတာတွေ မရှိတော့ဘဲ။ စစ်တပ်ကလည်း သူ့ရဲ့ ဝပ်ကျင်းတွေထဲကို ပြန်သွားခဲ့ပါတယ်။
မြေပြင်ရဲ့ လက်တွေ့အခြေအနေမှာ အာဏာသိမ်းစစ်တပ်ရော KNU ပါ ဘုရားသုံံးဆူမှာ အာဏာ အပြည့်အဝ ရှိမနေပါဘူး။
စစ်တပ်ဟာ သူ့တပ်ဝင်းထဲမှာ နေနေရချိန်မှာ KNU က ဘုရားသုံးဆူမြို့ထဲက ခိုးဆိုးလုယက်အမှုတွေ မူးယစ်ဆေးဝါးအမှုတွေကို ကိုင်တွယ်နေရပါတယ်။
KNU ရဲ့ ဩဇာဟာ မြို့ထဲမှာ အပြည့်အဝရှိမနေဘဲ ဘုရားသုံးဆူရဲ့ဟာ အာဏာဟာ DKBA အကြီးအကဲ ဗိုလ်အေဝမ်းရဲ့ လက်ထဲမှာသာရှိနေပါတယ်။
ထိုင်းဘက်ကနေ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဘုရားသုံးဆူမြို့အတွက် အင်တာနက်ရရှိဖို့ကို လည်း DKBA အကြီးအကဲက ဆောင်ရွက်ပေးထားပြန်ပါသေးတယ်။
ဘုရားသုံးဆူ အနီးစစ်ရေးလှုပ်ရှားမှုတွေရှိလာချိန် မြဝတီကို စစ်တပ်ပြန်ခြေချနိုင်ချိန်မှာ ဘုရားသုံးဆူ ထဲက DKBA တပ်ဖွဲ့တွေက လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို လုံခြုံရေး စစ်ဆေးတာတွေကို လုပ်လာခဲ့ပါတယ်။
- ဘုရားသုံးဆူက တရုတ်တွေ ဘယ်ရောက်သွားလဲ
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံရဲ့ ဖိအားတွေအောက်မှာ ကရင်နယ်ခြားစောင့်အပါအဝင်၊ DKBA တပ်ဖွဲ့တွေဟာလည်း သူတို့အကာအကွယ်ပေးထားတဲ့အထဲက တရုတ်အပါအဝင် အွန်လိုင်း လောင်း ကစားလုပ်ငန်းမှာပါတဲ့ နိုင်ငံခြားသားတွေကို ဟန်ပြလွှတ်ပေးခဲ့ပါတယ်။
ဟန်ပြလို့ ဆိုရတာက ကရင်နယ်ခြားစောင့်ထံမှာရော DKBA ထံမှာပါ ယနေ့အထိ တရုတ်တွေဟာ ဘေးကင်းကင်းနဲ့ အလုပ်တွေ ဆက်လုပ်နေသေးလို့ပါပဲ။
ဘုရားသုံးဆူမြို့ပေါ်မှာ ပြန့်ကြဲနေတဲ့ တရုတ်တွေကို DKBA အကြီးအကဲ ဗိုလ်အေဝမ်းရဲ့ အပန်းဖြေ ရိပ်သာတွေထဲကို စုထည့်ထားပြီး လူမြင်ကွင်းကနေ ကွယ်ဝှက်ပေးခဲ့တာပါ။
ဒါက မြို့ခံတွေသာမက စစ်တပ်ပါသိတဲ့ လူတိုင်းသိနေတဲ့ လျှို့ဝှက်ချက်ပါ။
ဘုရားသုံးဆူမြို့ပေါ်က လက်လုပ်လက်စားနဲ့ စီးပွားရေးသမားတွေကလည်း သူတို့မြို့မှာ ငွေသုံးနိုင်တဲ့ တရုတ်တွေ ရှိနေခြင်းဟာ စီးပွားရေးလုပ်ရ ပိုကောင်းတယ်ဆိုတဲ့ အမြင်ကလည်း ရှိနေပါသေးတယ်။
- ဗိုလ်အေဝမ်းက ဘုရားသုံးဆူကိုလာမဲ့ စစ်တပ်ကို ကော်ဇော်နီခင်းပေးမှာလား
DKBA အကြီးအကဲ ဗိုလ်အေဝမ်းဟာ စစ်တပ်နဲ့တင်မက KNU အပါအဝင် အခြားသော တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းရှိပြီး ဩဇာသက်ရောက်မှုလည်းရှိပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ဆိုရင် ဗိုလ်အေဝမ်းက အကူအညီပေးဖို့ အမြဲလိုလို လမ်းဖွင့်ပေး ထားပါတယ်။
တရုတ်တွေဆီကနေ အကျိုးအမြတ်ကြီးကြီးမားမားရနေတဲ့ ဗိုလ်အေဝမ်းဟာ သူ့အတွက် ဝေစုပိုခွဲပေး ရနိုင်တဲ့ သို့မဟုတ် သူနဲ့ သူ့စီးပွားရေးတွေကို တိုက်ရိုက်ခြိမ်းခြောက်လာနိုင်တဲ့ နောက်ထပ် စစ်သားတွေ ကို ဘုရားသုံးဆူမြို့ထဲ အလွယ်လေးပေးဝင်ဖို့တော့ မရှိလောက်ပါဘူး။
ဒါဆိုရင် တိုက်မှာလား
DKBA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်တပ်နဲ့လည်း မပြတ်စဲတဲ့ ဆက်ဆံရေးတွေရှိနေပါတယ်။
ဒါကြောင့် DKBA အမည်ခံပြီး စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေ အတော်လေးကို နည်းပါ လိမ့်မယ်။
- ကျီးလန့်စာစားနေရတဲ့ မြို့ခံတွေ
၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းမှာဖြစ်တဲ့ စီးနင်းမှုတွေကလွဲရင် ဘုရားသုံးဆူဟာ ကရင်ဒေသထဲက နောက်ထပ် လပ်ဗီးဂတ်စ်ပါပဲ။
အရက်ဘီယာ၊ မူးယစ်ဆေးတွေ၊ လက်နက်အရောင်းအဝယ်တွေ၊ လောင်းကစားဝိုင်းတွေ၊ KTV၊ အနှိပ်ခန်း၊ ဇိမ်န်း၊ ဟိုင်းခန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းကြီးတွေရှိတဲ့ မြို့ဖြစ်ပါတယ်။
စီးပွားရေးဆန်ဆန် သက်ဝင်လှုပ်ရှားနေတဲ့ ဒီနယ်စပ်မြို့ဟာ အခုတော့ မြို့ထဲကို “စစ်တပ် ဝင်လာတော့မလား” ဆိုတဲ့ သောကတွေရှိလာနေပါပြီ။
Top News
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၈ နာရီ က