bap-logo
Editorial

အဓိကနှင့် သာမည ခွဲခြားနိုင်စေ

PUoodHXfG_TED2Tfg37HE-image

လွန်ခဲ့သော ၂ နှစ် က

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်မှုဆောင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို ပါတီမှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း မတ်လ ၃ ရက် တွင် ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

မမှန်မကန်သက်သေထွက်ဆိုခြင်း၊ ပါတီရပ်တည်ချက်အား ဆန့်ကျင်ခြင်းနှင့် ပါတီအမည်ကို အလွဲ သုံးစားပြု၍ စစ်အာဏာရှင် အလိုကျ လုပ်ဆောင်နေခြင်း စသည့် ခိုင်လုံသော အထောက်အထားများကြောင့် ယင်းသို့ ထုတ်ပယ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ယင်းသတင်းထုတ်ပြန်ချက်ကို ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ မတရားဖမ်းဆီးချုပ်နှောင်ခံ ထားရသည့် နွေဦးတော်လှန်ရေး ကာလတွင် ပါတီ၏ လုပ်ငန်းတာဝန်များကို ဗဟိုအလုပ်ကော်မတီမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၏ ဒုတိယအပိုဒ်တွင် အထင်အရှား ဖော်ပြထားသည်။

 

ဒီချုပ်ပါတီမှ ထုတ်ပယ်ခံရသူများအနက် ဗဟိုကော်မတီဝင် ဦးတိုးလွင်က ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရားဝင်မှု၊ ပြည်တွင်းပြည်ပနေထိုင်မှု၊ လုပ်ပိုင်ခွင့်အာဏာနှင့် ပါတီရေးရာကိစ္စများကို လူမှုကွန်ရက် မီဒီယာများမှတစ်ဆင့် တုံ့ပြန်၍ ကန့်ကွက်ပြောဆိုလာသည်။ ဗဟိုအလုပ်ကော်မတီ၏ လုပ်ပိုင်ခွင့်ကို လည်း မေးခွန်းထုတ်ခဲ့သည်။

 

ထိုအခြေအနေများကို ဒီချုပ်ပါတီ ထိပ်ပိုင်းဦးဆောင်သူများ၏ အကွဲအပြဲဖြစ်ရပ်အဖြစ် ပုံဖော် ပြောဆို လာကြသည်။ အာရုံစိုက်လာကြသည်။ မှတ်ချက်ပေးပြောဆိုကြသည်။

 

နွေဦးတော်လှန်ရေးကြီးတစ်ရပ်လုံး၏ ရှုထောင့်မှကြည့်လျှင် ယင်းအား အလွန်သေးငယ်သော ဖြစ်ရပ် တစ်ခုအဖြစ် သာနားလည်သင့်သည်။ ပြည်သူလူထုအများစု ထောက်ခံအားပေးသော အင်အားကြီးသည့် ပါတီကြီးတစ်ခု၏ အရေးကိစ္စသည် ပြည်သူအပေါ်သက်ရောက်မှု ကြီးမားသည်ဟု ဆိုနိုင်သော်လည်း နွေဦးတော်လှန်ရေးကာလအတွင်း ဖြစ်တည်မှုဖြင့် ချိန်ထိုးကြည့်ပါက အဆိုပါ ဖြစ်ရပ်သည် ပါတီတွင်း အရေးကိစ္စသပ်သပ်ဟုသာ ဆိုရမည်။

 

ပါတီတည်ထောင်မှုသက်တမ်း နှစ် ၃၀ ကျော်ကာလအတွင်း ဖော်ပြပါကိစ္စရပ်များဖြင့်တူညီသော ကိစ္စများကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ပါတီတည်ထောင်ခါစတွင် ပါတီအတွင်း တပ်မတော်သားများ ပါဝင်နေခြင်း အတွက်အငြင်းပွား ခဲ့ကြသည်။ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ရပ်ဆိုင်းခြင်းခံရပါက ရွေးကောက်ပွဲဝင်နိုင်ရန် အရံပါတီတစ်ခုတည် ထောင်၍ ရွေးကောက်ပွဲဝင်ခဲ့ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး သဘောထားကွဲလွဲ၍ ပါတီဝင်များ နှုတ်ထွက်ခြင်း၊ ကြားဖြတ် ရွေး‌ကောက်ပွဲဝင်ခဲ့ခြင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လူကို မကြည့်၊ ပါတီ ကိုသာကြည့်မူဖြင့် ကိုယ်စားလှယ်ရွေးချယ်စေခဲ့ခြင်းစသည့် အကြောင်းအရာကိစ္စများသည် ကြုံခဲ့ပြီးဖြစ်သည်။

 

နောင်တွင်လည်း ထိုသို့သော ကိစ္စရပ်ပေါင်းများစွာ ကြုံတွေ့ရဦးမည်ဖြစ်သည်။ ထိုသို့သော အချင်းအရာများနှင့် ပတ်သက်၍ စစ်အာဏာရှင်၏ သင်းခွဲသပ်လျှိုခြင်းနှင့် ဝါဒဖြန့်မှိုင်းတိုက်ခြင်းများ ကိုလည်း မမေ့ထားရန် လိုအပ်ပေသည်။

 

မည်သို့ဆိုစေ ထိုအကြောင်းအရာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ပါတီတွင်းကိစ္စရပ် အသီးသီးအတွက် မူဝါဒ၊ လုပ်ထုံးလုပ်နည်း အစရှိသည်တို့ကို သာမာန်အခြေအနေ၊ ပုံမှန်အခြေအနေနှင့် အရေးပေါ် အခြေအနေများအတွက် ချမှတ်ပြီး ယင်းအတိုင်း အသက်ဝင်အောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။ သို့မှသာ လူတစ်ဦး၊ လူတစ်စုအပေါ် တွင် ဆုံးဖြတ်ချက်များ တည်နေခြင်း မဟုတ်ပါဘဲ အငြင်း ပွားစရာကိစ္စများ လျော့နည်းသွားမည်ဖြစ်သည်။ အများ ပြည်သူက ယုံကြည်စွာ အပ်နှံထားသည် တာဝန်များကိုလည်း ကောင်းမွန်ထိရောက်စွာ စီမံနိုင်မည်ဖြစ်သည်။

 

ဤနေရာတွင် မမေ့မလျော့အပ်သော အကြောင်းက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေ စီစနစ် ထူထောင်ခြင်းသည် နွေဦးတော်လှန်ရေး၏ အဓိကကျသော ရည်ရွယ်ချက်နှင့် ပန်းတိုင် ဆိုသောအရာ ဖြစ်သည်။

 

တစ်ပါတီ၊ တစ်စုတစ်ဖွဲ့ အာဏာရရှိရေး ကြိုးပမ်းအား ထုတ်နေကြခြင်း မဟုတ်ပါ။ လက်နက်ကိုင် တော်လှန်ရေး တစ်ရပ်ဖြင့် တစ်စုတစ်ဖွဲ့ကိုနန်းချ၍ မိမိအလိုရှိသူကို နန်းတင်ရန် ကြိုးပမ်းအားထုတ် နေကြခြင်း မဟုတ်ပါ။ စနစ်ကောင်းတစ်ခုကို ထူထောင်ပြီး လွတ်လပ်၍ တရားမျှတသောနှင့် ပြည်သူ့ထံမှ အာဏာသက်ဆင်းသော နိုင်ငံတစ်ခု ထူထောင်ရန် အားထုတ်နေကြခြင်း ဖြစ်သည်။

 

ထို့ကြောင့် အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုကို ထူထောင်ပြီးသူများ၊ ထူထောင်ရန် ကြံဆနေသူများနှင့် တည်မြဲရန် ကြိုး ပမ်းနေသူများသည် မိမိတို့ အတွင်းရေးကိစ္စများကို မိမိတို့ကိုယ်တိုင်နိုင်နင်းအောင် ကိုင်တွယ်သင့်ပါသည်။ မိမိတို့ အရည်အချင်းအလိုက်၊ မိမိတို့ လုပ်ရည်ကိုင်ရည်အလိုက် သင့်တော်သည် များကို နောင်အနာဂတ်တွင် အများပြည်သူက ခေါင်းခေါက်ရွေးချယ်ကြတော့မည် ဖြစ်သည်။

 

ဩဇာပါဝါအရှိန်အဟုန်ကို အခွင့်ကောင်းယူတည်ဆောက်သည့် အုတ်တံတိုင်းများ နွေဦး‌တော်လှန်ရေး ကြောင့် ပြိုကျတော့မည်ဖြစ်သည်။

 

ထို့ကြောင့် ‌စစ်အုပ်စု၏ ခြေထိုးခံသွေးထိုးလာသည့် နွေဦးတော်လှန်ရေးအရှိန်လျော့စေခြင်းများကို ရှောင်ရှား၍ တော်လှန်ရေးအောင်ကြောင်းကိုသာ အလေးထားအာရုံ စိုက်သင့်ကြောင်း တိုက်တွန်းရပါသည်။ နွေဦး တော်လှန်ရေးက အဖြူအမည်းကွဲပြားအောင် စစ်ထုတ်ပြနေသည်ကိုလည်း ထင်သာ မြင်သာသိမြင်သင့်ပါသည်။

 

Burma Associated Press

 

အယ်ဒီတာ

Share With
bap-logo