bap-logo
Editorial

သတိကြီးကြီးထားရမည့် အကြောင်းရင်းများ

o0DqVz0rG3_uns05ZrZVx-image

လွန်ခဲ့သော ၂ နှစ် က

မဲစာရင်းမှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းထပ်မံကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

 

လဝကစာရင်း၊ ရွေးကော်စာရင်းနှင့် ထွေအုပ်စာ ရင်းဟူ၍ မဲစာရင်းများရှိသည့်အနက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မဲစာရင်းသည် ပိုမိုတိ ကျနိုင်သည်ဟု မင်းအောင်လှိုင်က အကြောင်းပြထားသည်။

 

ရွေးကောက်ပွဲ မဲမသမာ၍ အာဏာသိမ်းရပါသည်ဆိုသော စစ်ကောင်စီသည် ရွေးကောက်ပွဲကော်မရှင်ကို ယင်းတို့ စိတ်ကြိုက်ဖွဲ့စည်းခြင်း၊ မဲစာရင်းပြန်လည်ပြုစုခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင် ခြင်းနှင့် ပါတီများ ပြန်လည်ထူထောင်စေခြင်း တို့ကို ပြုလုပ်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုခဲ့‌သေးသည်။

 

သို့သော်လည်း အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံသည် သာမာန်အခြေအနေသို့ ပြန်လည်မရောက် ရှိသေးဟု အကြောင်းပြ၍ အာဏာသိမ်းသက်တမ်းကို ၆ လ တိုးခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံ၏ ဒေသအချို့ကို စစ်အုပ်ချုပ်ရေးကြေညာ၍ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်ရန် စီမံခဲ့သည်။

 

စစ်ရေးအရ တိုက်ပွဲပြင်းထန်နေသည့် ဒေသများနှင့် နယ်မြေစိုးမိုးမှုလိုချင်သော အရပ်များသို့ လေကြောင်း တိုက် ခိုက်မှုများ အသုံးပြု၍ အသာစီးရစေရန် အပြင်း အထန်တိုက်ခိုက်နေသည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထိပ်တန်းပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ဒီမိုကရေစီလိုလားသည့် နိုင်ငံရေး ခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်ချခြင်းနှင့် ‌သေဒဏ် စီရင်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

 

အထက်ဖော်ပြပါ အခြေအနေများကြားများအပြင် စစ်ကောင်စီဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံ တကာကလည်း ကန့်ကွက်လျက်ရှိသည်။ ထို့ပြင် ပြည်သူလူထု တခဲနက်ထောက်ခံအားပေး၍ ပူးပေါင်းပါဝင် လာမည့် ရွေးကောက်မဖြစ်နိုင်ကြောင်း သိသာထင်ရှားနေသည်။

 

သို့သော် စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲကျင်းပရန် မည်သို့‌သော ပြင်ဆင်မှုများ လိုအပ် နေသေးကြောင်း တစ်ခုပြီးတစ်ခု၊ တစ်ရစ်ပြီးတစ်ရစ် အသံထုတ်အကြောင်းပြနေ သည့် ခြေလှမ်းများကို သိသာစွာမြင်‌နေရသည်။

 

ထိုသို့ထင်သာမြင်သာ ထုတ်ပြနေသောအကြောင်းများသည် စစ်ကောင်စီ၏ အာဏာသိမ်းသက်တမ်းကို ဆွဲဆန့် ရန်နှင့် ယင်းတို့အသာစီးရရန် အားထုတ်ခြင်းသာဖြစ်သည်။

 

 

လျှပ်စစ်မီးလုံလောက်အောင် မပေးခြင်း၊ အလုပ်အကိုင်အခွင့်အရေး နည်းပါးလာခြင်း၊ စစ်ဘေးရှောင်ရခြင်း၊ ပညာရေးသင်ယူရေး အကျပ်အတည်းတွေ့လာခြင်းနှင့် စားဝတ်နေရေး ကျပ်တည်းလာခြင်း အခက်အခဲ ပြဿနာများကြားတွင် ပြည်သူလူထုသည် နိစ္စဓူဝရုန်းကန်လှုပ်ရှား ရခြင်းဖြင့် အသားကျသွားစေရန်၊ ပရိယေသန အကြား နလန်မထူနိုင်ဘဲ အာဏာရှင်ဆန့်ကျင်မှု အားယုတ်သွားစေရန် အကွက်ကျကျ စီမံနေသည်ကို သတိပြုရန်လိုအပ်သည်။

 

နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုသည် အာဏာရှင်ဆန့်ကျင်ကြောင်းနှင့် ဒီမိုကရေစီလိုလားကြောင်း အစွမ်း ကုန် အားထုတ်မှုဖြင့် ပြသခဲ့ကြပြီးဖြစ်သည်။ ပြည်သူလူထုသည် တာဝန်ကျေပွန်သည်ထက် ပိုမိုသော နိုင်ငံသား တာဝန်ကို ထမ်းခဲ့ကြပြီးဖြစ်သည်။

 

ယင်းအခြေအနေများအကြားတွင် ၂၀၂၃ ခုနှစ်ကို တော် လှန်ရေးအဆုံးအဖြတ်နှစ်ဟု ကြွေးကြော်ထားသည်နှင့် အညီ နွေဦးတော်လှန်ရေးဦးဆောင်သူများသည် မိမိတို့၏ မဟာ ဗျူဟာများကို အချိန်အခါကိုက် ထုတ်သုံးရန် လိုအပ်မည်။

 

တော်လှန်ရေးအဆုံးအဖြတ်ကာလသည် တရွေ့ရွေ့ဖြင့် တိုတောင်းလာသည်ကို သတိပြုရပါမည်။ ပြည်သူလူထု က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ယုံကြည်ရာအတိုင်း အကောင်အထည် မဖော်ဆောင်နိုင်ပါက ယုံကြည် မှု ပျက်စီးမည့်အပြင် နိုင်ငံမှာလည်း အာဏာရှင်အောက် အဖတ်ဆယ်မရအောင် ပျက်သုဉ်းသွားနိုင်သည်ကို အထူးသတိချပ်သင့်ပါသည်။

 

Burma Associated Press

 

အယ်ဒီတာ

Share With
bap-logo