bap-logo
Opinion

တော်လှန်ရေးပန်းတိုင်ဆီ ကျောပေးနေသော အိမ်နီးချင်းများ

bNzuxDMLau6JxqRJJRxrd-image

လွန်ခဲ့သော ၂ နှစ် က

ဗမာနှစ်သစ်သင်္ကြန်ကာလအဝင်ကစပြီး အိမ်နီးချင်းအင်အားကြီးနိုင်ငံနှစ်ခုရဲ့ လှုပ်ရှားမှုတွေက နဂိုရှိရင်းထက် ပို၍ သက်ဝင်လှုပ်ရှားလာခဲ့တယ်။ အနောက်ဘက်အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံဆိုတာက ၁၉၈၈ ခုနှစ်ကာလက တည်းက ဗမာ့ဒီမိုကရေစီအရေးကို အစောဆုံးအားပေးခဲ့သူဖြစ်တယ်။ ကမ္ဘာ့အကြီးဆုံးသော ဒီမိုကရေစီနိုင်ငံ ဖြစ်ခြင်းက ထိုအတွက် တွန်းအားတစ်ရပ်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ ၈၈ ကာလဗမာ့အရေးမှာ တိမ်းရှောင်သူ တွေကို လက်ခံတာကစလို့ ဗမာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးကြောင်း တိတိပပထုတ်ဖော်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီကာလက သက်ဆိုးသိပ်မရှည်ခဲ့ဘူး။

 

တရုတ်ရဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာမှုနဲ့ ဗမာစစ်အာဏာရှင်တွေက အိန္ဒိယကိုပုန်ကန်နေတဲ့ အရှေ့ဖက် နယ်စပ်ရှိ လက်နက်ကိုင်အင်အားစုတွေနဲ့ ပြန်ကစားပြချိန် အိန္ဒိယရဲ့ ခြေလှမ်းက သိုသိပ်စွာ နောက်ပြန်ဆုတ်ခဲ့ တာမှာ အခုတိုင်ဖြစ်တယ်။

 

သို့တိုင်အောင် စစ်အာဏာရှင်နဲ့ဆက်ဆံရေးကတော့ ယခင်ထက်ပိုနီးစပ်တဲ့ အရိပ်အယောင်တွေပြလာခဲ့တယ်။ ပမာအားဖြင့် ဗမာစစ်တပ်အတွက်လိုအပ်တဲ့ လက်နက်တချို့ တိတ်တဆိတ်ရောင်းချပေးခဲ့တာမျိုးကစလို့ ရေငုပ် သင်္ဘော လွှဲပြောင်းပေးတာမျိုးထိဖြစ်တယ်။

 

လက်ရှိမှာ အိန္ဒိယက မကြာသေးခင်ရက်ပိုင်းကပဲ ကုလားတန်စီမံကိန်းဖွင့်ပွဲပြုလုပ်ခဲ့တယ်။ စင်စစ်အဲဒီကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက သဘောတူ အကောင်အထည်ဖော်ခဲ့တာဖြစ်သလို အချိန်အားဖြင့် ဆယ်စုနှစ်မက ကြာခဲ့ပြီလည်းဖြစ်တယ်။ အရှေ့မျှော်မူဝါဒအရ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အိန္ဒိယရဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီ ပေးရေးကိစ္စတွေမှာ နှောင့်နှေးတတ်တဲ့ သဘောအတိုင်း အခုလိုကြန့်ကြာနေခဲ့တာဖြစ်တယ်။ တစ်ဖက်မှာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ရဲ့ မူဝါဒနဲ့ပတ်သက်တဲ့ အဖြေကတော့ရှင်းတယ်ဆိုရမယ်။

 

တရုတ်နိုင်ငံဆိုတာက ဗမာ့အရေးနဲ့ပတ်သက်ရင် အစဉ်အဆက်ဆိုသလို ရှေ့ကခံကာပေးလေ့ရှိရာ အဲဒီအချက်ကို ၈၈ခုနှစ်အလွန် နောက်ပိုင်းကာလတွေအတွင်း အထင်အရှားမြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အဲဒီကာလတွေ တစ်ကမ္ဘာ လုံးရဲ့ဖယ်ကျဉ်မှုကို ခံခဲ့ရတဲ့ စစ်အာဏာရှင်အုပ်စုအတွက် တစ်ခုတည်းသော အားကိုးအားထားပြု ပြည်ပနိုင်ငံက တရုတ်နိုင်ငံပဲရှိခဲ့တယ်။ အဲဒီအခြေအနေမှာ ပြည်တွင်းရှိသယံ ဇာတတွေ၊ ကုန်ကြမ်းတွေကို တရုတ်ဆီက လက် နက်အကူအညီနဲ့ လဲလှယ်ရင်း အချိန်ကြာလာတာနဲ့အမျှ တရုတ်ရဲ့ သြဇာသက်ရောက်မှုကို ပိုမိုကြီးမားလာစေဖို့ ဖန်တီးသလိုဖြစ်စေခဲ့တယ်။ ဗမာပြည်ဟာ အဲဒီလို ကြာရှည်တဲ့ကာလကြီးတစ်ခုကို ဖြတ်သန်းခဲ့၊ ဖြတ်သန်းနေရ ဆဲလည်းဖြစ်တယ်။

 

လက်ရှိကာလ အမေရိကန်၏ NDAAပေါ်လာပြီးချိန် တရုတ်ရဲ့ ဗမာ့အရေး ပါဝင်ပတ်သက်မှုက ပို၍ ကြီးမား လာတာ မြင်လာရတယ်။ ဗမာ့အရေးဆိုင်ရာ တရုတ်ကိုယ်စားလှယ်ရဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံ တာကစလို့ ကုလသမဂ္ဂ ဗမာ့အရေးသံတမန်ဖြစ်သူနိုလင်းဟေဇာတရုတ်ပြည်သွားပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံတာတွေထိ ခပ်စိပ်စိပ်မြင်လာရတယ်။ အလားတူစွာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခင်စစ် အာဏာရှင်ဟောင်း တွေနဲ့ တွေ့ဆုံတာတွေ၊ လက်ရှိစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာတွေ စသဖြင့်မြင်လာရတယ်။ တဆက်တည်း ထိုင်းမှာလုပ်ခဲ့တဲ့ ဗမာ့အရေး အလွတ်သဘောဆွေးနွေးပွဲ နောက်ဆက်တွဲလို့ ဆိုရနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယမှာ ထပ်မံလုပ်ဆောင်ခဲ့တယ်။

 

ဒီတွေ့ဆုံပွဲတွေမှာ ဗမာရဲ့ အရေးကြီးအိမ်နီးချင်းတွေသာမက စောင့်ကြည့်ပညာရှင်တွေလည်း ပါတာမို့ ဒီဖြစ်ပေါ်မှုတွေမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှု ဘယ်လောက်ရှိမလဲဆိုတာက အပ်ကျမတ်ကျမသိနိုင်ပေ။ ဒီကြားထဲ ရိုဟင်ဂျာ အရေးမှာ တရုတ်နဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ကရှိနေခဲ့ပြန်တယ်။ သေချာတာက တရုတ်ရဲ့ အခုလို ထင်ထင်ပေါ်ပေါ် ပါဝင်လာမှုက ထုံးစံအတိုင်း လက်ချည်းဗလာသက်သက် မူဝါဒအားဖြင့်တော့ ဟုတ်ဟန်မတူပေ။

 

နှစ်နိုင်ငံကြား ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှုကိစ္စတွေကလည်း ခပ်စိပ်စိပ် ရှိလာနေခဲ့တာမို့ တရုတ်ရဲ့ခြေလှမ်းက ဘယ်လိုရှိမယ်ဆိုတာကို ခန့်မှန်းကြည့်ရနိုင်မယ်ထင်၏။

 

မည်သို့ဆိုစေ တရုတ်ပဲ ဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ် ဗမာနဲ့ ဘယ်လိုမှကင်းကွာလို့ မရကောင်းသော အိမ်နီးချင်းနိုင်ငံ တွေပဲဖြစ်တယ်။ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားရှိနေသလို နယ်နမိတ်ချင်း ထိစပ်နေတာမို့ လုံခြုံရေးကဲ့သို့ အရေးကြီးကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားကြမှာ သေချာတယ်။ ဒါပေမဲ့ တစ်ခု သတိပြုသင့်တာက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေမှာ အာဏာကို လက်ကိုင်ပြုထားသူတွေဖက်က ရပ်ပြီး တရားဝင်မှုကို ကြည့်တတ်ကြတဲ့ ယဉ်ကျေးမှုကလည်း အားကောင်းနေဆဲမို့ အဲဒီအထဲ ဗမာပြည်သူတွေ၊ အထူးသဖြင့် အသက်ကိုဖက်နဲ့ထုပ်ပြီး နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခ ပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ လိုလားချက်တွေကို ထင်ဟပ်ဖို့လိုအပ်မှာဖြစ်တယ်။

 

လက်ရှိအားဖြင့် ဗမာ့အရေးပါဝင်ပတ်သက်နေတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကိုယ်၌ ပြည်တွင်းရှိခိုကိုးရာ မဲ့စစ်ရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစသော ကိစ္စရပ်တွေအပေါ် ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ခုမှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသေးတာကကမ္ဘာကြီးရဲ့ ဝမ်းနည်းစရာပျက်ကွက်မှုပဲဖြစ်မည်။ ဒါကြောင့် ဗမာ့အရေးမှာ ဘယ်သူတွေ ဘယ်လိုပင် ပါဝင်ပတ်သက်နေစေကာမူ ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခ၊ သုက္ခတွေကို တစ်စုံ တစ်ရာ ကုစားဖို့မပါဝင်ဘဲ ပါဝင်ပတ်သက်မှုက လက်တွေ့ကျတဲ့ အဖြစ်မှန်တရားကို ထင်ဟပ်နိုင်မှာ မဟုတ်ဘူး ဆို တာ သတိမူကြရမှာဖြစ်ပါတယ်။

 

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်း
တရုတ်
အိန္ဒိယ
ထိုင်းနိုင်ငံ

Share With
bap-logo