bap-logo
Opinion

‘သတိ’ သင့်အား တပ်မတော်က သွေးခွဲလိမ့်မည်

TiODzf-5vLfRRJzgi1fEv-image

လွန်ခဲ့သော ၂ နှစ် က

ဧပြီ ၁၀

ခေတ်အဆက်ဆက် လူလည်ကျတတ်သည့် မြန်မာစစ်တပ်တွင် နိုင်ငံခြားမှ မှာယူတင်သွင်းစရာမလိုသည့် ပြည်တွင်းဖြစ် လက်နက် စစ်စစ်တစ်ခုရှိသည်။

 

ယင်းမှာသွေးခွဲသပ်လျှိုခြင်း' ဖြစ်သည်။

 

ဘယ်သူခွဲခွဲ ဒို့မခွဲ၊ အမြဲစည်းလုံးမည်ဟု ကြွေးကြော်ထားသည့် စစ်တပ်သည် သူကလွဲလျှင် ကျန်သည့် အတိုက် အခံများကို အစိတ်စိတ်အမွှာမွှာကွဲစေရန် အစဉ်အဆက်အားထုတ်ခဲ့သည်။

 

ထိုစစ်တပ်သည် သူကိုယ်တိုင်ရော ကွဲဖူးပါရဲ့လားဆိုလျှင် ကွဲသမှ တော်တော်လေးကို ကွဲခဲ့ဖူးပါသည်။

 

စစ်တပ်အကွဲအပြဲသည် ဖဆပလ အစိုးရလက်ထက်မှပင် စတင်သည်။

 

ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့သည် ကရင်တိုင်းရင်းသား စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ထုတ်ပစ်ခြင်း၊ ဗိုလ်မှူးချုပ်ကျော်ဇောကို ပထုတ်ခြင်းများဖြင့် စစ်တပ်တွင်း စတင်အုပ်စုဖွဲ့ခဲ့ကြသည်။

 

အတိတ်ကို ပြန်သွားသော် ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ဖြစ်လာချိန်တွင် အင်းစိန်တိုက်ပွဲနှင့် တရုတ်ဖြူကျူးကျော်မှု တိုက်ထုတ်ရေးတွင် ထင်ရှားခဲ့သည့် ဗိုလ်ကျော်ဇောကို လစ်လပ်သည့် ဒုတိယ စစ်ဦးစီးချုပ်နေရာအတွက် တောင်းဆိုမှုများရှိခဲ့သည်။ သို့ရာတွင် ဗိုလ်မှူးချုပ်ကျောဇောကို မလိုလားသည့် ဗိုလ်မှူးအောင်ကြီးကဲ့သို့သော ဆိုရှယ်လစ်ပါတီဝင်တပ်မှူးများက သူ့ကိုဖယ်ရှားရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါ အုပ်စုဖွဲ့မှုများအပြီးတွင် မြန်မာပြည်တွင် စစ်တပ်၏ ပထမဆုံး အာဏာသိမ်းမှုဟုဆိုရမည့် အဖြစ် အပျက် ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ် ဦးနုက စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းထံ တိုင်းပြည် အာဏာအပ်မှု ဖြစ်ခဲ့သည်။ စစ်တပ်က အာဏာရယူမှုသည် လွတ်လပ်ရေးရအပြီး ဆယ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် အဆိုပါ မျိုးဆက်သည် တိုင်းပြည်တွင် စစ်တပ်က အာဏာယူခဲ့သည့် ပထမဆုံး မျိုးဆက်ဖြစ်သည်။

 

ထိုအာဏာသိမ်းမှုအပြီး ၁၉၆၀ ရွေးကောက်ပွဲ နောက်ဆက်တွဲအဖြစ် ဗိုလ်နေဝင်းသည် သူ့၏စစ်တပ်ထဲမှ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းတုတ် စသည့်ဆိုရှယ်လစ် ပါတီအနွယ် ထိပ်သီး ၁၃ ယောက်ကို တပ်ထဲမှ ထုတ်ပစ်ခြင်းဖြင့် ဖြေရှင်းလိုက်သည်။

 

ဗိုလ်မင်းအောင်လှိုင်လက်ထက်တွင်မှ မဟုတ် ခေတ်အဆက်ဆက် စစ်တပ်အတွင်းမှ တောခိုခဲ့သူများရှိခဲ့သည်။

 

အသက်ကြီးမှ တဖန်စန်းပွင့်ခဲ့သည့် သရုပ်ဆောင်ရာဇာနေဝင်း၊ အဆိုတော် ဟေမာနေဝင်းနှင့် ဗိုလ်မင်းအောင်လှိုင် ၏ ထောင်ချခြင်းခံခဲ့ရသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့၏ အဖိုးတော်စပ်သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ တောခိုမှုသည် စစ်တပ်၏ အစောဆုံးအကွဲဟု ဆိုရမည်။

 

ထိုမှတစ်ဖန် အာဏာရှင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင်လည်း ထိုအချိန်က စစ်တပ်၏ နံပါတ် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ် ကြီးခင်ညွန့်၏ ဩဇာကြီးမားလာမှုကို ဖယ်ရှားရန်အတွက် ၎င်းကို ထုတ်ပယ်ခဲ့သည်။

 

စစ်တပ်၏ အကွဲအပြဲတိုင်းလိုလိုသည် ပြည်သူကို မျက်နှာမူသည်ထက် မိမိ အာဏာရရေးကိုသာ ဦးတည်သည့် အကွဲအပြဲများဖြစ်သည်။ အရပ်သားများအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးချင်သူနှင့် မပေးချင်သူအကြား အကွဲအပြဲ ဆိုသည်က မရှိသလောက်ပင်။

 

အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်ချုပ်တို့သည် စိုင်ကော်၍ ခြုံပေါ်ရောက်ခြင်း မဟုတ်သောကြောင့်ပင်။ အရာရှိ ငယ်ဘဝ အောက်ခြေအဆင့်ဆင့်တွင် ပြည်သူဘာဖြစ်ဖြစ် စစ်တပ်ကိုသာ သစ္စာခံမည့်သူများသည်သာလျှင် ထိပ်ပိုင်းရောက်နိုင်မည့် အခွင့်အရေးများ ဖန်တီးထားခြင်းကြောင့်လည်း ဖြစ်သည်။

 

ဆိုရလျှင် စစ်တပ်အကွဲအပြဲတို့သည် ဂိုဏ်းကဏကြောင့်သာဖြစ်သည်။

 

ငါနှင့်မတူ ရန်သူဟုသာ ရှုမြင်တတ်သည့် စစ််တပ်သည် ၎င်းအဖွဲ့အစည်း၏ အပြင်ဘက် မတူညီသော တိုင်းရင်းသား မျိုးနွယ်စုများ၏ စည်းလုံးမှုကို ပြိုကွဲစေခြင်းအားဖြင့်တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဟူသည့် ဆောင်ပုဒ်ကို အသက်သွင်းလေ့ရှိသည်။

 

စစ်တပ်ကျင့်သုံးသည့် နည်းဗျူဟာမှာယာလည်းညက်စေ ကြက်လည်း ပန်းစေဆိုသည့် နည်းသာဖြစ်သည်။

 

စစ်တပ်သည် သူသည်သာလျှင် ကျေးဇူးရှင်ဖြစ်ရမည့်အရေးဆိုလျှင် အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်စေမည့် အခြေအနေများကို ဖန်တီးမည်သာဖြစ်သည်။

 

အကြိမ်ကြိမ် ဂိုဏ်းဂဏဖွဲ့မှုများ ကြုံရသော်လည်း စစ်တပ်သည် ကြီးကြီးမားမား မပြိုကွဲခဲ့ပါ။

 

အဘယ်ကြောင့်နည်း စစ်တပ်သည် သူ၏ အားသာချက်နှင့် ရန်သူ၏ အားနည်းချက်ကို ကောင်းကောင်းသိသည့် အတွက် ဖြစ်သည်။

 

တိုင်းရင်းသားလက်နက်ကိုင်များအနက် စစ်တပ်ခွဲခဲ့သမျှ အမြင်သာဆုံး အကွဲဆုံးအဖွဲ့ကို ပြပါဆိုလျှင် ကရင် အမျိုးသားအစည်းအရုံး-KNU ကိုပင် ပြရမည် ဖြစ်သည်။

 

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း အာဏာသိမ်းမှုတွင် KNU သည် ဌာနချုပ် မာနယ်ပလောတွင် အတိုက်အခံ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီရေး လှုပ်ရှား သည့် ကျောင်းသားများကို လက်ခံခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)ကို ထူထောင်ပေးခဲ့သည်။

 

အကျိုးဆက်အဖြစ် စစ်တပ်က KNU ကို ဘာသာရေး ခုတုံးဖြင့် သပ်လျှို သွေးခွဲခဲ့သည်။ စစ်တပ်၏ နည်းဗျူဟာ အောင်မြင်ခဲ့သည်ဟုဆိုရမည်။

 

၁၉၉၄ ခုနှစ် အရောက် KNU တွင် သဘောထားကွဲလွဲမှုများဖြစ်လာကာ ဗိုလ်ချုပ်ကြီး စောလာပွယ် ဦးဆောင်၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ကို ဖွဲ့စည်းထူထောင်ပြီး ခွဲထွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစောထိန်မောင် () ဗိုလ်ချုပ်ကြီးစောဌေးမောင် ဦးဆောင်သည့် KNLA တပ်မဟာ- မှ ခွဲထွက်ကာ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ကရင် ငြိမ်းချမ်း ရေး ကောင်စီ(KNU/KNLA- PC)ကို ဖွဲ့စည်းခဲ့သည်။

 

လက်ရှိနွေဦးတော်လှန်ရေးမြင်ကွင်းများတွင်လည်း စစ်တပ်၏ သပ်လျှိုသွေးခွဲ ခြေလှမ်းကို မျက်ခြေမပြတ်ရန် လိုအပ်သည်။

 

ကွယ်လွန်ခဲ့ပြီဖြစ်သည့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်စကားကို ယူသုံးရသော်မြန်မာပြည်တွင် စစ်တပ်ကျေးဇူး မူး၍ပင် ရှုစရာမရှိဟူ၍ ဖြစ်သည်။

 

ထို့ကြောင့်သတိတပ်မတော်သည် သင့်အား မရ ရသည့်နည်းဖြင့် သွေးခွဲလိမ့်မည်ဟုသာ ဆိုချင်သည်။

 

Burma Associated Press

 

 

 

 

 

မြန်မာ
စစ်ကောင်စီ
စစ်တပ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
ကေအဲန်ယူ

Share With
bap-logo