bap-logo
Opinion

မင်းအောင်လှိုင်ရဲ့ ၅၀၅ ကြာပွတ်နဲ့ စစ်ကျွန်တို့ အပျော်ရှာမယ့် အကယ်ဒမီ ဆုပေးပွဲ

6MsMGfjKM0zaG8ZPX2hu0-image

လွန်ခဲ့သော ၂ နှစ် က

အနုပညာရှင်တွေကို ချီးမြှောက်ဖို့ အကယ်ဒမီ ဆုပေးပွဲကျင်းပဖို့ ကြိုးစားရတာပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အကယ်ဒမီဆုပေးပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ ကြိုးစားခဲ့ပါတယ်။ အကယ်ဒမီဆု ပေးပွဲဟာ အနုပညာကိစ္စသာဖြစ်ပြီး နိုင်ငံရေးနဲ့ မပတ်သက်သလို ဆင်ခြေဆင်လက်တွေလည်း ပေးနေခဲ့ပါတယ်။

 

ဘယ်လိုပဲ ဆိုကြပါစေ၊ အခုကျင်းပမယ့် ၂၀၂၃ အကယ်ဒမီဆုပေးပွဲဟာ နိုင်ငံရေးပွဲဖြစ်တယ်၊ မြန်မာ့ရုပ်ရှင်သမိုင်း မှာ အကျည်းတန်ဆုံး စစ်အာဏာရှင် လူသတ်သမားတစ်ယောက်ရဲ့ အသုံးချခံ နိုင်ငံရေး စင်မြင့်တစ်ခုလည်းဖြစ် တယ်လို့ အတိအလင်း ဆိုချင်ပါတယ်။ တကယ်တော့ အကယ်ဒမီပွဲ ဖြစ်မြောက်ရေးကို နည်းအမျိုးမျိုးနဲ့ ကြံစည်နေခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ လိုလားချက်က များများစားစား မရှိပါဘူး သူအာဏာသိမ်းတဲ့ အချိန်မှာ ဝိုင်းပြီး ဆန့်ကျင်ခဲ့တဲ့ အနုပညာရှင်တွေ ပြီးခဲ့တဲ့ နှစ်တာကာလမှာ သူ့ရဲ့ အာဏာသိမ်း စစ်ကောင်စီကို ဝေးဝေး ရှောင်နေခဲ့ကြပြီး အထီးကျန်စေခဲ့တဲ့ အနုပညာရှင်အသိုင်းအဝိုင်းဟာ ဒီတစ်ကြိမ်မှာ သူ့ကို လက်အုပ်လေးချီ သူ့ရဲ့ မိန့်ခွန်းရှည်ကြီးကို နာခံနေတဲ့ ရုပ်ပုံတွေ သတင်းစာနဲ့ ရုပ်မြင်သံကြားမှာထုတ်ပြပြီး ပွဲခံဖို့ သက်သက်ပါပဲ။

 

ဒါဟာ မင်းအောင်လှိုင် ငတ်မွတ်နေတဲ့ အာဟာရအားဆေးတစ်ခွက် ဖြစ်သလို သူယုံကြည်တဲ့ တစ်ခုတည်းသော စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာလည်း ဖြစ်ပါတယ်။

 

အာဏာသိမ်းစဉ်က မြန်မာ့လူ့အဖွဲ့အစည်းအသီးသီးက အခုလောက် ဝိုင်းဝန်းဆန့်ကျင်ကြလိမ့်မယ်လို့ ထင်မှတ် မထားခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်း ဆန့်ကျင်ရေးနဲ့ CDM လှုပ်ရှားမှုကို ဦးဆောင် လှုပ်ရှားခဲ့ကြတဲ့ ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေအပေါ် တော်လေး နာကြည်း ခါးသီးခဲ့တာပါ။ စာပေနဲ့ သတင်းစာလောကလောက်မှာသာ အာဏာပိုင်နဲ့ စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ဝံ့သူများတယ်လို့ နားလည်ထားခဲ့ပေမယ့် ခေတ်အဆက်ဆက် ခြင်းထဲက ကြက်တွေလို အသုံးတော်ခံခဲ့ကြတဲ့၊ အထူးသဖြင့် နာမည် ကျော် ရုပ်ရှင်အနုပညာရှင်တွေက အခုလောက် ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသား ရပ်တည် ဆန့်ကျင်ကြ လိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပုံပါဘဲ။

 

ဒါ့ကြောင့် အလွန်တရာခံပြင်းစွာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ ဝရမ်းထုတ်ပြီး မှတ်လောက်သားလောက်အောင် ဆုံး မဖို့ လုပ်ခဲ့တာပါ။ ပထမ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အနုပညာရှင်အားလုံးကို ၅၀၅ ပိုက်ကွန်နဲ့ ပစ် အုပ်ပြီးမှ တစ်ဘက်က အခွင့်အရေးသမား၊ ပွဲစား အနုပညာသည်တချို့ကို ကြားခံသုံးပြီး ခံဝန်ထိုး အညံ့ခံဖို့ စည်းရုံး ဖြောင်းဖျခိုင်းပါတယ်။ သို့သော် ဒီနည်းလမ်းက လူမသိသူမသိ ပြီးမြောက်သွားခဲ့ရသလို မင်းအောင်လှိုင် လိုချင်တဲ့ သူ့ကို ဝန်းရံရပ်တည်တာမျိုး၊ သူ့ပွဲမှာ အသုံးတော်ခံတာမျိုးအထိ ဖြစ်မလာတော့ အခုလို ရှေ့တိုး ကြံစည်ရပြန်တာ ဖြစ်ပါတယ်။

 

မင်းအောင်လှိုင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးက ရိုးရှင်းပါတယ် အာဏာသိမ်းစဉ်ကတည်းကနေ လက်ရှိအချိန်ထိ သူ ရင်ဆိုင်နေရဆဲ အဓိက နိုင်ငံရေး တိုက်ပွဲက အာဏာရယူသိမ်းပိုက်မှုဟာ တရားဝင်သလား တရားမဝင်ဘူးလား ဆိုတာပါပဲ။ အခုချိန်ထိ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဒီတိုက်ပွဲကို ရင်ဆိုင်နေရဆဲပါပဲ။ ဒါကြောင့် ပြည်တွင်းမှာ လက်လှမ်းမီသလောက် လူများများပါတဲ့ ပွဲတွေကို အမြဲရှာဖွေကျင်းပနေတာပါ။ အားလုံးတွေ့ခဲ့ကြတဲ့အတိုင်း ဗိုလ်ရှုခံသဘင် တပ်မတော်နေ့ စစ်ချီ အခမ်းအနားမှ အစ သင်္ကြန် ပွဲတော်အလယ် သံဃာတစ်သောင်း ဆွမ်းဆံ စိမ်းလောင်းပွဲ အဆုံး တစ်လတစ်မျိုး မရိုးရအောင် ကြံစည် ကျင်းပနေတာဖြစ်ပါတယ်။ ဒီလို လူအများပါဝင်တဲ့ ပွဲတွေကို ရှိသမျှ ဌာနဆိုင်ရာ ဝန်ထမ်းအင်အားကို အမာခံအသုံးပြုကျင်းပပြီး ပြည်သူတွေ ပါဝင်လာအောင် နည်းမျိုးစုံဖြင့် ဆွဲဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

 

အဲ့ဒီလို လူများပြီး ပွဲစည်နေတဲ့ ပုံရိပ်တွေကို မြဝတီနဲ့ မြန်မာ့အသံ ရုပ်သံဌာနတွေကတစ်ဆင့် ထုတ်လွှင့်စေပြီး ကိုယ်ရော၊ ကိုယ့်လူတွေရော၊ ကြည့်ပြီးအားတက်၊ ကြည့်မိတဲ့ပြည်သူတွေက ငါတို့ရှုံးနေပြီလို ခံစားလာရပြီး စိတ်ဓါတ်ကျ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်ကောင်စီကို လက်ခံတဲ့ ပြည်သူတွေလည်း ရှိပါလားလို့ ထင်မြင်လာဆိုတဲ့ အကျိုးရလဒ်မျိုးကို ဦးတည် ပစ်မှတ်ထား ကြိုးစားနေတာဖြစ်ပါတယ်

 

အခု အကယ်ဒမီဆုပေးပွဲမှာလည်း အနုပညာရှင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်လာအောင် အထက်လမ်းနည်း၊ အောက်လမ်းနည်း အမျိုးမျိုးအသုံးပြု ကြိုတင်ကြံစည်ထားပြန်ပါတယ်။ သင်္ကြန်ကာလမှကတည်းက စစ်နည်း ဗျူဟာဆန်ဆန် အကဲစမ်းခဲ့တာ ဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံအထိရောက်နေပြီးမှ ခံဝန်ထိုးပြီး အညံ့ခံဖို့ ပြန်ဝင် လာတဲ့ ဂီတသမားနှစ်ယောက်ကို သင်္ကြန်ပွဲတော်ရက်မှာ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြပြီး ပွဲဆူအောင်လုပ်ခဲ့ပါတယ်

 

ပြည်သူတွေရဲ့ တုံ့ပြန်ဆန့်ကျင်အားကို စမ်းကြည့်ခဲ့သလို အနုပညာရှင်တွေနဲ့ ပရိသတ်အကြား အပ်ကြောင်း ကြီးမားလာအောင် ပွဲဦးထွက် လှုံဆော်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီက အသာစီးရနေရုံမက အချိန်မရွေး ပြဿနာ ဖန်တီးပြီး ထောင်ထဲထည့်နိုင်တဲ့ အနေအထားရှိတာကြောင့် လူထုရဲ့ဝေဖန်မှုတွေကို လောလောဆယ် ခေါင်းထဲက ထုတ်ထားမှ ဖြစ်မယ်၊ လက်တလောရှင်သန်ရပ်တည်ရေးက အရေးကြီးတယ်ဆိုတဲ့ အယူအဆကို အနုပညာရှင်တွေ ခေါင်းထဲ ရိုက်သွင်းလိုက်တဲ့ပွဲဖြစ်ပါတယ်။

 

အဲ့ဒီလို အတွေးတွေနဲ့ ဘာလုပ်ရမှန်းမသိ တွေဝေနေတဲ့အနုပညာရှင်တွေကို အဆုံးသတ်ရိုက်ချက်အဖြစ် ခြိမ်း ခြောက်မှုတစ်ခုကိုပါ လုပ်ပြခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ လူမမယ်ကလေးတွေ အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုကို ဝမ်းနည်းခြင်း အထိမ်းအမှတ် Facebook Profile အနက်ရောင် ပြောင်းပစ်ခဲ့တဲ့ အနုပညာရှင်နှစ်ဦးနဲ့ သတင်းစာဆရာတစ်ဦးကို ဖမ်းဆီးပြီး ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

 

ဒါဟာ အကယ်ဒမီဆုပေးပွဲ တက်မယ် မတက်ဘူးဂယက်ထနေတဲ့ ရုပ်ရှင်လောကအတွက် ၅၀၅ ကြာပွတ်သံ တစ်ရွှမ်းရွှမ်း သတိပေးလိုက်တဲ့ အချိန်ကိုက်ဖြစ်ခဲ့ပါတယ်။ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ရုပ်ရှင် အနုပညာ ရှင်တွေ၊ တိုးတိုးတိတ်တိတ် ခံဝန်ထိုးထားခဲ့တဲ့အနုပညာတွေအတွက်တော့ လတ်တလော ရှင်သန်ရေးနဲ့ ပြည်သူ လူထုရဲ့ အမုန်းတရားကြားမှာ လတ်တလောရှင်သန်ရေးက ပိုအရေးကြီးတယ်ဆိုတဲ့ တွေးဘက်ကို ပိုပြီး ယိမ်းယိုင်စေပါတယ်။

 

အချိန်ကိုက်ဆိုသလိုပါပဲ၊ ပိုက်ဆံနဲ့ကျော်ကြားမှုကိုသာ မက်မောတဲ့ ရုပ်ရှင်အနုပညာရှင်တစ်ယောက်နဲ့ အဖမ်းခံရ တယ်လို့ သတင်းထွက်ပြီး ပြန်လွတ်လာခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က မီဒီယာ အင်တာဗျူးတစ်ခုမှာ ပြည်သူလူထုရဲ့ ဝေဖန်ပြောဆိုမှုတွေကို ခံနိုင်ရည်ရှိဖို့နဲ့ ပြည်သူက အနုပညာရှင်တွေကို မုန်းလည်း ခဏပါပဲဆိုတဲ့ အားပေးစကားဆန်ဆန် တွန်းအားပေးလှုံ့ဆော်ခဲ့ပြန်ပါတယ်။ သေချာတာကတော့ နေပြည်တော်မှာ ကျင်းပမယ့် အကယ်ဒမီ ဆုပေးပွဲကို အာဏာရူးစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက ရုပ်ရှင်အနုပညာရှင်တွေ အပေါ် အောင်ပွဲခံအလံစိုက်မယ့် ပွဲအဖြစ် လူစုံတက်စုံ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အရေး ဘက်ပေါင်းစုံ ကနေ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ ဒီအကယ်ဒမီဆုပေးပွဲကို ကြည့်မယ်ဆိုရင် အာဏာရူးမင်းအောင်လှိုင်ရဲ့ အာဃာတနဲ့ သူတစ်ချိန်က အားကျခဲ့တဲ့ နဝတခေတ် စစ်ခေါင်းဆောင်တွေရဲ့ ရွှေရောင်ကာလ ပုံရိပ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အကယ်ဒမီဆုပေးပွဲဟာ ရုပ်ရှင် အနုပညာရှင်တွေနဲ့ ရုပ်ရှင်လောကအတွက် အရေးကြီးဆုံး ပွဲတစ်ပွဲဖြစ်လို့ ပြည်သူများအနေနဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ခွဲခြားပြီး စဉ်းစားပေးလို့ မရနိုင်ဘူးလားဆိုတဲ့ အချက်ကို အလေးအနက်ထား တုံ့ပြန်လိုပါတယ်။

 

အကယ်ဒမီဆုပေးပွဲမှ မဟုတ်ပါဘူး နိုင်ငံရေးနဲ့ သီးခြားထားပြီး လွတ်လပ်စွာ စီစဉ်ကျင်းပ ရှင်သန်ခွင့်ရှိသင့်တဲ့ ပွဲတော်တွေ အခါသမယတွေရှိပါတယ် ဥပမာ သင်္ကြန်လို နှစ်သစ်ကူး ပွဲတော်မျိုးကအစ နိုင်ငံတော်ပွဲဆိုတဲ့ ခေါင်း စဉ် အောက်ဆွဲသွင်းပြီး အာဏာပိုင်စိုးထားသူတွေက ကိုယ်ရည်ကိုယ်သွေးပြ ကိုယ့်ကိုယ်ကို ကိုယ့် အဖွဲ့အစည်း ကို အမွှန်းတင်အစွံထုတ်တဲ့ နိုင်ငံရေး အလေ့အထ အစဉ်အလာတွေ ဖယ်ရှား ပစ်သင့်တာကြာခဲ့ပြီဖြစ်ပါတယ် ဒီလို ပွဲမျိုးမှာ အစိုးရမင်းတွေ အာဏာသိမ်းကာလတွေမှာဆို စစ်ခေါင်းဆောင်တွေဟာ မင်းခမ်းမင်းနားနဲ့ ပွဲ ထွက်လာပြီး ပြည်သူအပေါ် အရှင်သခင်သဖွယ် ပွဲခံတဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေကို စစ်ခေါင်းဆောင်တွေ ကြီးစိုး တဲ့ အစိုးရ အဆက်ဆက်မှာ ခြိမ့်ခြိမ့်သဲ စီရင်ကျင်းပခဲ့တာပါ။ ဒီလို အလေ့အထတွေကို ကျွန်တော်တို့ တိုင်းပြည် အနေနဲ့ စွန့်ပစ်ဖို့ သင့်နေပြီလို့ပြောချင်ပါတယ်။

 

အခုအကယ်ဒမီ ဆုပေးပွဲဆိုရင်လည်း ရုပ်ရှင်လောကသားတွေချည်းပဲ လွတ်လွတ်လပ်လပ် စီစဉ် ကျင်းပကြမယ် ရုပ်ရှင်အနုပညာ အောင်မြင်ထွန်းကားရေး သန့်သန်ကိုသာ ရည်ရွယ်ကျင်းပကြမယ်ဆိုရင် ပြည်သူတွေအနေနဲ့ အခုလောက် ဆန့်ကျင်ဝေဖန်စရာ အကြောင်းမရှိပါဘူး အခုတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအောက်မှာ အညံ့ခံ ပူးပေါင်းခဲ့တဲ့ အနုပညာရှင်တွေ ဦးစီးပြီး အစည်းအရုံးတွေ ပြန်လည်ဖွဲ့စည်းစဉ်ကတည်းက စစ်ကောင်စီ အလိုကျ နိုင်ငံရေး ကန့်ကွက်စာ ရှုတ်ချစာတွေထုတ်ခဲ့ကြတာ အားလုံးအမြင်ပဲဖြစ်ပါတယ်။ အနုပညာရှင်တွေ အနေနဲ့ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားခွင့်မရှိပါဘဲ နိုင်ငံရေးအရပေါ်ပေါက်လာတဲ့ ပဋိပက္ခပြဿနာတွေ ဖြစ်ရပ် တွေအပေါ်မှာ စစ်ကောင်စီဘက်က နိုင်ငံရေး အထောက်အပံ့ဖြစ်စေမယ့် တစ်ဖက်သတ် ရေးသားထုတ်ပြန်မှု တွေသာ လုပ်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပယောဂကြောင့် သေကျေပျက်စီးမှုတွေ မငြင်းနိုင်အောင် ရှိခဲ့ ပေမယ့် လူမှုကွန်ယက်ပေါ်မှာ အနက်ရောင် Profile ပုံ ပြောင်းရင်တောင် အရေးယူခံနေရတဲ့အနေအထားမျိုးမှာ အဲ့ဒီအစည်းရုံး၊ အဖွဲ့အစည်းတွေက လေသံတောင် မဟခဲ့ကြပါဘူး

 

တကယ်တော့ ရုပ်ရှင်အစည်းအရုံး အပါအဝင် စစ်ကောင်စီထံ အညံ့ခံနေတဲ့ အနုပညာသည်တွေနဲ့ဖွဲ့စည်းထားတဲ့ အစည်းအရုံး၊ အဖွဲ့အစည်းတွေဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်သဖွယ် အသုံးတော်ခံနေရုံသက်သက်ဖြစ်နေ ပါတယ်။ အခုလည်း အကြောက်တရား အမျိုးမျိုးပေးပြီး ရုပ်ရှင် အနုပညာရှင်တွေ အနေနဲ့ ဆက်လက်ရှင်သန်ချင် တယ် အနုပညာအလုပ်တွေ လုပ်ချင်နေသေးတယ်ဆိုရင် ဒီနေရာမှာ စုကြ ဒီပွဲကို စီရင်ကျင်းပကြဆိုတဲ့ ကျုံးသွင်း စီမံခြင်းက အစပြုလို့ ရှင်ဘုရင်ရူး၊ သမ္မတရူး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ မင်းခမ်းမင်းနားနဲ့ ပါဝင်ချီးမြှောက်နိုင်ရေးအတွက် အကယ်ဒမီခေါင်းစဉ်တပ်ကာ လူများပြီး စည်ကားတဲ့ ပွဲတစ်ပွဲကို စီရင်ကျင်းပ ရခြင်းပဲ ဖြစ်ပါတယ်။

 

အကယ်ဒမီ ဆုပေးပွဲဆိုတော့ အများပြည်သူ စိတ်ဝင်စားကြမယ် ကြည့်ကြ၊ အားပေးကြမယ် ဒီနေရာမှာ နိုင်ငံ တော် ခေါင်းဆောင်ဆိုပြီး မိန့်ခွန်းတွေ ဝင်ပြော၊ ဂါရဝအပြုခံရင်း နိုင်ငံရေးအရ အသားယူမယ်၊ အမြတ်ထုတ်မယ် ဒါဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းအပါ ပြန်ကြားရေးဝန်ကြီးရဲ့ နွေဦးတော်လှန်ရေးအပေါ် တန်ပြန်ဆင်နွှဲဖို့ ကြံဆောင်ထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေး တစ်ရပ်ပါပဲ။ အကယ်၍များ ဒီပွဲကို ဦးစီးဦးဆောင် လုပ်ကြတဲ့ အဖြူ ရောင် အနုပညာရှင်ဆိုသော ပုဂ္ဂိုလ်များအနေနဲ့ အဲ့ဒီလို စစ်ခေါင်းဆောင်နဲ့ သူ့အသိုင်းအဝိုင်းမပါဘဲ အကယ်ဒမီ ဆုပေးပွဲကို စီစဉ် ကျင်းပနိုင်ခဲ့မယ်ဆိုရင်တော့ ပြည်သူတွေက အမှန်တကယ်ပဲ နှစ်ထောင်းအားရဖြစ်ပြီး ရှိထား တဲ့ အမျက်တွေ ဖြေလျှော့ ခွင့်လွှတ်နိုင်ကြမှာပါ။

 

အဲ့ဒီလိုမဟုတ်ဘဲ အကယ်ဒီမီဆုပေးပွဲဟာ အများထင်မြင်ယူဆထားသလို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ နိုင်ငံ ရေး အမြတ်ထုတ်တဲ့ ပွဲသဘင်တစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ၂၀၂၃ အကယ်ဒမီဆုပေးပွဲဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စွန်းပေနေတဲ့ ပြည်သူတွေရဲ့ သွေးတွေ လျှောက်လမ်း ကော်ဇောနီမှာ စွန်းရစ်ထင်းကျန်ခဲ့မယ့် ကျည်းတန် ပွဲတစ်ပွဲဖြစ်သွားမှာ အသေအချာပါပဲ။ ဒီနေရာမှာ မှတ်မှတ်ရရ ပြောချင်မိတာက ဘယ်အစိုးရ တက်တက် ငါတို့အစိုးရဆိုတဲ့ ရပ်တည်ချက်နဲ့ ကျင့်သုံးနေထိုင်နေတဲ့ အနုပညာသမားတွေဟာ မင်းအောင်လှိုင်လို လူသတ်ပြီး ရှင်ဘုရင်လုပ်ချင်တဲ့ အာဏာဓါးပြလက်အောက်မှာ ပြည်သူကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူကို စော်ကား၊ သစ္စာဖေါက်နေတာပဲဖြစ်ပါတယ်။ ပြည်သူကို အားရှိပါးရှိ သတ်နေတဲ့ လူသတ်သမားကို အခစားဝင်ပြီး ပြည်သူ့ နောက်ကျောကို ဓါးနဲ့ထိုးရက်သူတွေပါပဲ။ ပြီးတော့ ၂၀၂၃ အကယ်ဒမီ ဆုပေးပွဲဟာလည်း စစ်ကျွန် နိုင်ငံရေးစနစ်ကို ပြန်လည်အသက်သွင်းမယ့် မင်းအောင်လှိုင်ရဲ့ ၅၀၅ ကြာပွတ်အောက်က စစ်ကျွန်တွေ အပျော် ရှာတဲ့ပွဲပါပဲ။

 

Burma Associated Press

 

စစ်ကောင်စီ
အာဏာသိမ်း
မင်းအောင်လှိုင်

Share With
bap-logo