Opinion
ကိုယ့်ခွန် ကိုယ့်အားဖြင့်သာ
လွန်ခဲ့သော ၂ နှစ် က
နှစ်ဟောင်းအကုန် နှစ်သစ်ဝင်စ နွေဦးအပူရှိန်က ပြင်းထန်လှသည်။ ထိုအပူထက်သည်းထန်သည်မှာ ပြည်သူတို့၏ အပူပင်ဖြစ်သည်။ မငြိမ်းချမ်းခြင်းက တိုင်းပြည်အနှံ့ လက်ညှိုးထိုးမလွဲရှိနေသည်။ အောက်ပိုင်းတွင်၊ တောင်ပိုင်း တွင်၊ မြောက်ပိုင်းနှင့်အနောက်ပိုင်းတွင်၊ ပြီးလျင် အလယ်ပိုင်းတွင် စသည်ဖြင့် တစ်ပြည်လုံးအနှံ့ သေနတ်သံ၊ ဗုံးသံ များဖြင့် ဆူညံနေသည်။ ဖိတ်စင်သေဆုံးကြသည့် ပြည်သူ့များလည်း မနည်းပင်ဖြစ်၏။ ထို့ပြင် အငတ်ဘေးနှင့် အတူ ယှဉ်တွဲကပ်ပါလာသော ကျန်းမာရေးပြဿနာများအတွက်လည်း ပြည်သူအချင်းချင်း မရှိသည့်ကြားမှ တတ်စွမ်းသမျှ မျှဝေကြရသေးသည်။
တစ်ဖက် ရန်ကုန်လိုနေရာမျိုး၌ တမျှော်တခေါ်လူတန်းကြီးသည်လည်း နိုင်ငံကူးလက်မှတ်ရုံးရှေ့ အချိန်ကုန် လူပန်း အချိန်ပေးရင်း နိုင်ငံကူးလက်မှတ်ရရှိရေး လုံးပမ်းနေကြသည်။ တိုင်းပြည်၏ အနာဂတ်အပေါ် အယုံ အကြည် ကင်းမဲ့သော အကြောင်းပင်ဖြစ်၏။ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီး မျိုးစုံပါဝင်သော ထိုလူတန်း ကြီးသည် နေ့စဉ်နှင့်အမျှ လျော့ပါးမသွားဘဲ တိုးမြဲတိုးနေခဲ့သည်က စစ်အာဏာသိမ်းပြီး နောက်ပိုင်း အချိန်တည်း ကပင် ဖြစ်၏။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရပ်နားမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကြရသူ များ၊ တိုင်းပြည်၏ မျှော်လင့်ချက်မဲ့အနာဂတ်အကြောင့် ရေရှည်အလားအလာကိုရှုမျှော်ပြီး ရေကြည်ရာ မြက်နုရာ ဆီ ထွက်ခွာကြသူများဖြစ်သည်။
သေချာသည်က ထိုသို့သော လူငယ်လူရွယ်အများစုသည် ပညာတတ် လူငယ်များပင်ဖြစ်သည်။ တိုင်းပြည်၏ အဓိ က မောင်းနှင်အားဖြစ်သည့် မျိုးဆက်တစ်ခုသည် ပင်ပန်းသောနေ့ရက်များနှင့် အနာဂတ်မဲ့နေ့ရက်များကို ဖြတ် သန်းနေကြရခြင်းဖြစ်သည်။
ပြည်သူလူထုအတွက်လည်း လက်ရှိအနေအထားအရ အိမ်နေအိမ်မှာမို့ လမ်းသွားလမ်းပေါ်မို့ မလုံခြုံခြင်းက အသင့် ဆီးကြိုနေချိန်ဖြစ်သည်။ ဤသည်က မြို့ကြီးပြကြီးတွင်သာမက တစ်ပြည်လုံးအနှံ့ကြုံလာရသော အခြေ အနေမှန် ဖြစ်၏။ တရားဥပဒေဆိုသည်ကလည်း စာရွက်ပေါ်၌ပင် မရှိတော့သော အခြေအနေဖြစ်သည်။ လူရမ်း ကားများလက်ထဲက လက်နက်သည် မည်မျှအန္တရာယ်ကြီးကြောင်း သက်သေပြနေသော ကာလဆိုလည်းမမှားပေ။
အခြေအနေအကျိုးအကြောင်းက မည်သို့ပင် ဖြစ်နေပါစေ အာဏာသိမ်း စစ်ခေါင်းဆောင်ကဖြင့် တိုင်းပြည်အနှံ့ ခြေဆန့်၍ မစားရဝခမန်းစကားလုံးများဖြင့် ပြည်သူ့ကိုချွေးသိပ်ခန်း ဖန်တီးနေလေသည်။ တစ်ပြည်လုံးအနှံ့ ခိုးဆိုး လုယက်၊ သတ်ဖြတ်၊ ရွာမီးရှို့၊ အဓမ္မဖမ်းဆီး၊ မတရားပြုကျင့်စသော အတောမသတ်ခြင်းတို့အား မျက်ကွယ်ပြု ကာ ဇာတ်လမ်းဆင်နေဆဲပင်ဖြစ်၏။
ယနေ့ကမ္ဘာကြီးက ကိုယ့်အကျိုးစီးပွားမရှိသမျှ လက်တွေ့အရေးယူဆောင်ရွက်မှု ရှားပါလှသော ကမ္ဘာဖြစ်သည်။ လက်ရှိ၌ ပြည်တွင်းစစ်ရှောင်အရေအတွက် သိန်းချီနေချိန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ INGOများထံမှ ထိုစစ်ရှောင်များအရေးကူညီထောက်ပံ့ရန် ဘာမျှမည်မည်ရရ မကြားရသည်ကလည်း ဝမ်းနည်းဖွယ်ရာဖြစ်သည်။
တောထဲတောင်ထဲ အစာပြတ်၊ ရေငတ်၊ အသက်ဆက်နေရသည့် သိန်းချီသောပြည်သူများအတွက် စားနပ်ရိက္ခာမှစ ၍ ဆေးဝါးအထိ အထူးလိုအပ်နေချိန် ကုလသမဂ္ဂသည် အထူးစိုးရိမ်ကြောင်းထုတ်ပြန်ချက် အကြိမ်ကြိမ် ထုတ်ပြန် သည်ကလွဲပြီး လက်တွေ့အကောင်အထည်ဖော်မှုက ပါမလာခဲ့ပေ။
ပြည်တွင်းရှိ INGOအမည်ခံများသည်လည်း မိမိတို့ ရေရှည်ရပ်တည်ရေး အကြောင်းပြချက်ဖြင့် စစ်ကောင်စီ၏ အသိအမှတ်ပြုခံရမှုအတွက် တိတ်တဆိတ်လုပ်ဆောင်နေသည်မှအပ လက်တွေ့ အကူအညီအားဖြင့် ဘာမျှမပေး နိုင်ပေ။ အလားတူ ကြေငြာချက်များတန်းစီထုတ်ခဲ့နေသော အာဆီယံကိုယ်၌ ထိုကိစ္စမျိုးကို အရေးကြီးကိစ္စ တစ်ခု အဖြစ် အကောင်အထည်မဖော်နိုင်ပေ။ သို့ဖြစ်ရာ ပြည်သူများ၏ ဘဝသည် လူသတ်သမားလက်တွင် သေလိုက သေစေဟု ပစ်ချခံထားရသည်နှင့် ဘာမျှမခြားပေ။
မည်သို့ဆိုစေ ပြည်သူလူထုရင်ထဲ၌မူ စစ်အာဏာရှင်စနစ်ကို အမြစ်လှန်လိုစိတ်က ပိုမိုခိုင်မာလာကြသည်က သေ ချာ၏။ မိမိတို့၏ နေ့စဉ် လူမှုဘဝများစွာမက မိမိတို့၏ သားစဉ်မြေးဆက်များအထိပါ သက်ရောက်နိုင်သော အာ ဏာသိမ်းစစ်ကောင်စီ၏ အဖျက်ယန္တရားကို ခွင့်ပြုခြင်းထက် မိုက်မဲသော အရာရှိမည်မဟုတ်ကြောင်း နားလည် နေကြပြီဖြစ်၏။
ထိုစိတ်ဓာတ်အင်အားဖြင့်ပင် နွေဦးတော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်လည်ပတ်ရင်း မဝေးတော့သော ကာလ၌ ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို ဆောင်ကြဉ်းလာနိုင်မည်က အသေအချာပင် ဖြစ်၏။
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၃ ရက် က