Politics
စစ်သားများက စက်တပ်လေထီးများဖြင့် ဗုံးများသယ်ဆောင်၍ ကျေးရွာများကို မည်သို့ဖျက်ဆီး တိုက်ခိုက် နေသနည်း
လွန်ခဲ့သော ၇ ရက် က
BAP ဘာသာပြန်။
အတိုက်အခံများထိန်းချုပ်ထားသည့် နယ်မြေများရှိ အရပ်သားများကို ဗုံးကြဲရန်အတွက် စစ်တပ်သည် အပျော်တမ်း မော်တာတပ်လေယာဉ်ငယ်များကို အသုံးပြုကာ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနေသည်။
၎င်းတို့သည် သန်းခေါင်ကျော်အချိန်တွင် မြန်မာ့ကောင်းကင်ယံကို ဖြည်းညှင်းစွာ ဖြတ်သန်းရင်း ပေါ်လာတတ်ကြသည်။ အဆိုပါ မော်တော်တပ်ပါရာဂလိုက်ဒါများသည် တောက်ပသော အရောင်အသွေးရှိသည့် ရွက်ထည်များတွင် သတ္တုဖရိန်အသေးစားများကို ဆိုင်းထားသည့် လက်တန်း တီထွင်ထားသော လေယာဉ်ငယ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ သစ်တောများနှင့် ကွေ့ကောက်နေသော မြစ်ချောင်းများရှိရာ ကောင်းကင်ယံထက်တွင် ပျံသန်းနေကြသည်။
ဖျက်ဆီးမှုဒဏ်သည် ချက်ချင်းဖြစ်ပေါ်လာကာ ပြင်းထန်လှသည်။ တိုက်ခိုက်မှုများသည် မိနစ်အနည်းငယ်ကြာမြင့်နိုင်ပြီး တစ်လုံးလျှင် ၁၆ ကီလိုဂရမ် (၃၅ ပေါင်) အထိ အလေးချိန်ရှိသော ဗုံးများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်ချလေ့ရှိသည်
"ပါရာမော်တာ" တစ်စီးစီတွင် စစ်သားနှစ်ဦး သို့မဟုတ် သုံးဦး စီးနင်းလိုက်ပါပြီး တစ်ဦးက မောင်းနှင်ကာ ကျန်ရှိသူများက ဗုံးများကို ကိုင်ဆောင်ထားကြသည်။ ၎င်းတို့၏ လေယာဉ်ငယ်များကို သေးငယ်ပြီး တဂျီဂျီမြည်နေသော အင်ဂျင်ပန်ကာများဖြင့် မောင်းနှင်ကာ မြေပြန့်ကျေးရွာများဆီသို့ ဦးတည်ပျံသန်းကြသည်။ နောက်ဆုံးတွင် မှောင်မိုက်နေသော အရပ်၌ အသံတိတ်လုနီးပါးဖြင့် အောက်ဘက်သို့ နိမ့်ဆင်းပျံသန်းနိုင်ရန် အင်ဂျင်များကို ပိတ်လိုက်ပြီးနောက် ၎င်းတို့၏ ဖောက်ခွဲရေးပစ္စည်းများကို ပစ်ချကြသည်။
ဖျက်ဆီးမှုဒဏ်သည် ချက်ချင်းဖြစ်ပေါ်လာကာ ပြင်းထန်လှသည်။ တိုက်ခိုက်မှုများသည် မိနစ်အနည်းငယ်ကြာမြင့်နိုင်ပြီး တစ်လုံးလျှင် ၁၆ ကီလိုဂရမ် (၃၅ ပေါင်) အထိ အလေးချိန်ရှိသော ဗုံးများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်ချလေ့ရှိသည်။ နေအိမ်များ ပြိုပျက်ကာ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးရပြီး အရပ်သားများမှာ အိပ်ပျော်နေစဉ် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ပွားရသည်။ မိသားစုများ မှောင်မိုက်ထဲသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး အရေးပေါ်ကယ်ဆယ်ရေးသမားများက ဒဏ်ရာရရှိသူများကို အပျက်အစီးများအကြားမှ တူးဖော်နေကြရသဖြင့် ကျေးရွာများမှာ ထိတ်လန့်ခြောက်ခြားမှုနှင့် ရှုပ်ထွေးမှုများအတွင်းသို့ ကျရောက်သွားရသည်။
"လူတွေက ဗုံးခိုကျင်းတွေထဲကို ထွက်ပြေးဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ များသောအားဖြင့် ပြေးချိန်မရကြဘူး။ တိုက်ခိုက်မှုတွေပြီးရင် သေဆုံးတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ။" ဟု ပါရာမော်တာများဖြင့် ပြင်းထန်စွာ ဗုံးကြဲခံနေရသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူ လွမ်းသူ က ပြောသည်။
ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအကြားတွင် တူးဖော်နေဆဲအချိန်၌ပင် လွှစက်သံကဲ့သို့ ထူးခြားသော အင်ဂျင်သံများက လေယာဉ်ငယ်များ ပြန်လည်ရောက်ရှိလာကြောင်း အချက်ပြလေ့ရှိသည်။ ထိုကဲ့သို့သော "နှစ်ထပ်ကွမ်း" တိုက်ခိုက်မှုများတွင် ပထမအကြိမ် ပေါက်ကွဲမှုကြောင့် ထိခိုက်ခံရသူများကို ကူညီရန် အပြေးအလွှား ရောက်ရှိလာသူများကို ပစ်မှတ်ထား၍ ဗုံးများကို ပိုမိုချလေ့ရှိသည်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် တိုက်ခိုက်မှုအနည်းငယ်ဖြင့် စတင်ခဲ့ရာမှ မြန်မာ့ပြည်တွင်းစစ် ခြောက်နှစ်ထဲသို့ ရောက်ရှိလာချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုသည့် ဗျူဟာတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Acled က ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ပါရာမော်တာ ပါဝင်သည့် ဖြစ်စဉ် နှစ်ခုသာ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင်မူ ထိုအရေအတွက်သည် ၃၅၃ ခုအထိ မြင့်တက်လာခဲ့သည်။ ယခုနှစ်၏ ပထမ ငါးလအတွင်းမှာပင် တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်ကို မှတ်တမ်းတင်ထားသည်။
၂၀၂၅ ခုနှစ်တွင် မြန်မာစစ်တပ်သည် အခြားသော လေကြောင်းပိုင်ဆိုင်မှုတစ်ခုကို ထပ်မံဖြည့်စွက်ခဲ့သည်။ ၎င်းမှာ ပါရာမော်တာများထက် ပိုမိုမြန်ဆန်စွာ၊ ပိုမိုမြင့်မားစွာနှင့် ပိုမိုဝေးကွာသော အကွာအဝေးသို့ ပျံသန်းနိုင်သည့် ရဟတ်တွန်းစက်တပ် လေယာဉ်ငယ်တစ်မျိုးဖြစ်သော ဂျိုင်ရိုကော်ပတာ (gyrocopter) ဖြစ်သည်။ Acled အဖွဲ့သည် ၂၀၂၅ ခုနှစ်တွင် ဂျိုင်ရိုကော်ပတာ ပါဝင်သည့် ဖြစ်စဉ် ၆၉ ခုနှင့် ၂၀၂၆ ခုနှစ်၏ ပထမ လေးလအတွင်းတွင် နောက်ထပ် ၇၄ ခုကို မှတ်တမ်းတင်ထားခဲ့သည်။
အချက်အလက်များအရ ထိုတိုက်ခိုက်မှုများကြောင့် ရာနှင့်ချီသော ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း အမှန်တကယ် ထိခိုက်မှုအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။
"ကျွန်တော်တို့ဟာ ဒီလေယာဉ်အသစ်တွေရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတယ်။ သူတို့က ဒါတွေကို သုံးပြီး အရပ်သားတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအခမ်းအနားတွေ၊ လူနေအိမ်တွေ အားလုံးကို တိုက်ခိုက်နေတာ။" ဟု လွမ်းသူ က ပြောသည်။
မြန်မာစစ်အာဏာရှင်အဖွဲ့သည် လွန်ခဲ့သော ငါးနှစ်က အာဏာသိမ်းယူခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဖြိုခွဲကာ ရွေးကောက်ခံအစိုးရအဖွဲ့ဝင် အများအပြားကို ဖမ်းဆီးထောင်ချခဲ့သည်။ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းခဲ့သဖြင့် စစ်ကောင်စီ၊ ဒီမိုကရေစီလိုလားသော တော်လှန်ရေးအဖွဲ့များနှင့် ရေရှည်တည်ရှိလာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂ၏ အချက်အလက်များအရ ထိုအချိန်မှစ၍ လူပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူပေါင်း ၃.၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
စစ်ကောင်စီက စီးပွားဖြစ် မော်တော်တပ် ပါရာဂလိုက်ဒါတွေကို အဓိကဝယ်ယူပြီး တပ်ဆင်တာ။ ပြီးရင် စစ်သားတွေကို လွှတ်ပြီး စိန်ပြောင်းကျည်တွေ ပစ်ချခိုင်းတာ
မကြာသေးမီနှစ်များအတွင်း တော်လှန်ရေးအင်အားစုများက စစ်တပ်ထံမှ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် ၎င်းတို့၏ ခြေလျင်တပ်များ မရောက်ရှိနိုင်သော အတိုက်အခံများ ထိန်းချုပ်ထားသည့် နယ်မြေများကို တိုက်ခိုက်ရန်အတွက် ပုံမှန်အားဖြင့် စူးစမ်းရှာဖွေသူများနှင့် ဝါသနာရှင်များ အသုံးပြုလေ့ရှိသည့် လက်တန်းတီထွင်ထားသည့် လေယာဉ်ငယ်များဖြင့် လေကြောင်းအင်အားကို တိုးချဲ့လာခဲ့သည်။ "ဒါဟာ ဒီပဋိပက္ခမှာ ထူးခြားတဲ့ ဖြစ်ပေါ်မှုတစ်ခုပဲ။ သက်ရောက်မှုကတော့ အလွန်ဆိုးရွားပါတယ်။" ဟု Acled မှ အာရှ-ပစိဖိတ်ဆိုင်ရာ အကြီးတန်းဆန်းစစ်မှူး Su Mon က ပြောသည်။
စစ်ဖက်သုံး ဂျက်လေယာဉ်များနှင့်မတူဘဲ ဤပေါ့ပါးသော လေယာဉ်ငယ်များသည် အခြေခံအဆောက်အအုံ အနည်းငယ်သာ လိုအပ်ပြီး လောင်စာဆီ ပမာဏအနည်းငယ်သာ အသုံးပြုကာ၊ ဝယ်ယူရန် ဈေးနှုန်းချိုသာပြီး ခြေရာခံရန် ခက်ခဲသဖြင့် ကြိုတင်သတိပေးစနစ်များ၏ ဖော်ထုတ်မှုကို ရှောင်လွှဲနိုင်သည်။ စစ်သားများကို သမရိုးကျလေယာဉ်များ မောင်းနှင်ရန် လိုအပ်သည့် နှစ်ချီသော အချိန်များအစား ရက်ပိုင်းအတွင်း မောင်းနှင်နိုင်ရန် လေ့ကျင့်ပေးနိုင်သည်။
စီးပွားဖြစ် ကျယ်ပြန့်စွာ ဝယ်ယူရရှိနိုင်သည့် ပါရာဂလိုက်ဒါများကို ဝယ်ယူခြင်းသည် စစ်တပ်၏ လက်နက်ဝယ်ယူခွင့်ကို ပစ်မှတ်ထားသည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို စစ်ကောင်စီအနေဖြင့် ရှောင်လွှဲနိုင်စေသည်။
"စစ်ကောင်စီက စီးပွားဖြစ် မော်တော်တပ် ပါရာဂလိုက်ဒါတွေကို အဓိကဝယ်ယူပြီး တပ်ဆင်တာ။ ပြီးရင် စစ်သားတွေကို လွှတ်ပြီး စိန်ပြောင်းကျည်တွေ ပစ်ချခိုင်းတာ။" ဟု Human Rights Watch မှ သုတေသနအရာရှိ Shayna Bauchner က ပြောသည်။
တိုက်ခိုက်မှုများ၏ ပထဝီဝင်အနေအထားအရ ပျံ့နှံ့မှုမှာ ပိုမိုတိုးပွားလာနေသည်ဟု ယူဆရသည်။ Acled ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၄၂ မြို့နယ်တွင် ပါရာမော်တာဖြင့် တိုက်ခိုက်မှုများကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ်၏ ပထမ လေးလအတွင်းတွင် ၎င်းတို့ကို နောက်ထပ် မြို့နယ် ခြောက်မြို့နယ်တွင် ထပ်မံအသုံးပြုခဲ့သည်။
တိုက်ခိုက်မှု နှစ်ကြိမ်လျှင် အနည်းဆုံး လူတစ်ဦး သေဆုံးမှု မှတ်တမ်းတင်ထားရပြီး အချို့သော ဖြစ်စဉ်များတွင် ဆယ်ဂဏန်းအထိ သေဆုံးမှုများ ရှိနေကြောင်း Acled က ပြောသည်။ အဆိုပါအဖွဲ့သည် ၂၀၂၅ ခုနှစ်မှစ၍ ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃၂၁ ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
ပါရာမော်တာတွေက ကျောင်းဝန်းနားကို ချဉ်းကပ်လာတဲ့အချိန်မှာ အင်ဂျင်တွေကို ပိတ်ပြီး လေထီးတွေနဲ့ မျောဆင်းလာတာကို နောက်မှ ကျွန်တော်တို့ သိရတယ်
အောက်တိုဘာလက မူလတန်းကျောင်းတစ်ခုတွင် ပြုလုပ်သည့် ဗုဒ္ဓဘာသာပွဲတော်တစ်ခုအား တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးငယ် သုံးဦးအပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights သို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားရာတွင် "[ပါရာမော်တာတွေမှာ] မီးတွေမပါဘူး။ အင်ဂျင်သံလည်း ဘာမှမကြားရဘူး။" ဟု ဆိုသည်။
"ပါရာမော်တာတွေက ကျောင်းဝန်းနားကို ချဉ်းကပ်လာတဲ့အချိန်မှာ အင်ဂျင်တွေကို ပိတ်ပြီး လေထီးတွေနဲ့ မျောဆင်းလာတာကို နောက်မှ ကျွန်တော်တို့ သိရတယ်။"
အမျိုးသမီးတစ်ဦးက ထိုဖြစ်စဉ်အပြီးတွင် Agence France-Presse သို့ ပြောကြားရာတွင် "ကလေးတွေရဲ့ ခန္ဓာကိုယ်တွေဟာ လုံးဝကို စုတ်ပြတ်သတ်သွားခဲ့ရတယ်။" ဟု ဆိုသည်။ နောက်တစ်နေ့တွင်လည်း ၎င်းတို့သည် "ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်လံကောက်ယူနေရဆဲပဲ။" ဟု ၎င်းက ပြောသည်။
ဇန်နဝါရီလတွင် ဂျိုင်ရိုကော်ပတာတစ်စီးသည် ဆာလင်းကြီးမြို့နယ်ရှိ ဆေးရုံတစ်ခုကို တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံ၏ ဆေးရုံအုပ် ဆရာဝန်ကြီးနှင့် အခြား ဆေးရုံဝန်ထမ်း နှစ်ဦး သေဆုံးခဲ့သည်။ နောက်တစ်နေ့တွင် အခြားဂျိုင်ရိုကော်ပတာတစ်စီးက ထိုဆရာဝန်ကို သင်္ဂြိုဟ်မည့် သုသာန်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မိမိမျက်မြင်တွေ့ရှိခဲ့သည့် နောက်ဆုံးတိုက်ခိုက်မှုမှာ မတ်လအတွင်းက ဖြစ်ကြောင်း လွမ်းသူ က ပြောသည်။ သန်းခေါင်ယံအချိန်တွင် လေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထိုဒေသကို ဗုံးကြဲခဲ့ပြီးနောက် ပါရာမော်တာများဖြင့် တိုက်ခိုက်ခဲ့သည်။ "လူ သုံးဦး သေဆုံးပြီး အဆောက်အအုံ ငါးလုံး ပျက်စီးခဲ့တယ်။ ရုပ်အလောင်းတွေကို မနက်ကျမှပဲ ကောက်ယူနိုင်ခဲ့တယ်။" ဟု ၎င်းက ပြောသည်။
ဇွန်လ ၁ ရက်နေ့တွင် မြန်မာအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် မန္တလေးလွတ်လပ်သောသတင်းစာမျက်နှာ (Mandalay Free Press) က ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုဘေးမှ အရပ်သားများ မည်ကဲ့သို့ ကာကွယ်ရမည်ကို အကြံပြုထားသည့် ပိုစတာလှုပ်ရှားမှုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ပိုစတာတစ်ခုတွင် "ခိုင်ခံ့တဲ့ ဗုံးခိုကျင်းတစ်ခုထဲမှာ ချက်ချင်း ခိုလှုံပါ။" ဟု ဖော်ပြထားသည်။ "ကျေးရွာတွေ၊ လူဦးရေထူထပ်တဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေနဲ့ စစ်တပ်အခြေစိုက်စခန်းတွေကို ရှောင်ရှားပါ၊ ဘာလို့လဲဆိုတော့ အဲဒါတွေဟာ ပစ်မှတ်ထားခံရနိုင်လို့ဖြစ်ပါတယ်။"
လူ့အခွင့်အရေးအဖွဲ့များကမူ အကူအညီပေးရေး လမ်းကြောင်းများအပေါ် ပြင်းထန်သော ကန့်သတ်ချက်များကြောင့် အဆိုပါတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ ပိုမိုဆိုးရွားလာရကြောင်း ပြောကြသည်။ "ဒီတိုက်ခိုက်မှုတွေမှာ ဒဏ်ရာရပေမယ့် ချက်ချင်းမသေဆုံးသေးတဲ့ လူတွေအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှု ရရှိဖို့ အခွင့်အလမ်းဟာ အလွန်ပဲ ကန့်သတ်ချက်ရှိနေပါတယ်။" ဟု Bauchner က ပြောသည်။
"လူအနည်းငယ်က တိုက်ရိုက်သေဆုံးခဲ့ပေမယ့် နောက်ပိုင်းမှာ ဆေးဝါးကုသမှုနဲ့ အကူအညီတွေ မရရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာတာကို ကျွန်မတို့ မကြာခဏ ကြားနေရပါတယ်။"
စစ်အာဏာရှင်တို့သည် ၎င်းတို့၏ ထိတ်လန့်ခြောက်ခြားဖွယ်ရာ စစ်ဆင်ရေးကာလအတွင်း မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စနစ်တကျ ဖျက်ဆီးခဲ့သည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်း ၈၇၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ပုဂ္ဂလိကဆေးရုံများကို ပိတ်ပစ်ကာ အနည်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုဌာန ၂၆၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း Human Rights Watch ၏ အချက်အလက်များအရ သိရသည်။
လေ့လာဆန်းစစ်သူများနှင့် လူ့အခွင့်အရေး သုတေသနပြုသူများကမူ အဆိုပါလေယာဉ်ငယ်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခံထားရသည့် ပိုမိုပြင်းထန်လာသော လေကြောင်းတိုက်ခိုက်မှု ပုံစံတစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြသည်။
"စစ်တပ်ဟာ အခုလို ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေသလိုမျိုး အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ (အရပ်ဘက်၊စစ်ဘက်) ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။" ဟု Bauchner က ပြောသည်။
ကမ္ဘာ့ဇာတ်ခုံတွင် ၎င်းတို့၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရန် မကြာသေးမီက ကြိုးပမ်းမှုများ ရှိနေသော်လည်း စစ်ကောင်စီသည် ယခုကဲ့သို့သော လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
အထူးသဖြင့် နိမ့်ဆင်းပျံသန်းသည့် လေယာဉ်ငယ်များကို တော်လှန်ရေးအဖွဲ့များအနေဖြင့် ကာကွယ်ရန် ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှုများသည် လာမည့်လများအတွင်း တစ်နိုင်ငံလုံးတွင် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း Su Mon က ခန့်မှန်းသည်။
"ရလဒ်ကတော့ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်သာမက ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလည်း ဖြစ်စေပါတယ်။ သူတို့ဟာ အမြဲတမ်း မလုံခြုံသလို ခံစားနေရပြီး အမြဲတမ်း ကြောက်ရွံ့နေကြရပါတယ်။" ဟု ၎င်းက ပြောသည်။
ကိုးကား - The Guardian
ပုံစာ - စစ်အာဏာရှင်တို့၏ ပျက်ကျသွားသော ပါရာမော်တာ စက်တပ်လေထီးတစ်စီးကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နှင့် Burma Revolution Rangers တပ်ဖွဲ့တို့က သိမ်းဆည်းရမိခဲ့စဉ်။ ဓာတ်ပုံ - PPDF