Data
စစ်အုပ်စု “အတုအယောင်” ရွေးကောက်ပွဲအတွက် လူမှုကွန်ရက်မှာ ဘယ်ပါတီတွေ အသာစီးရနေသလဲ
လွန်ခဲ့သော ၃ နာရီ က
စစ်အုပ်စု “အတုအယောင်” ရွေးကောက်ပွဲအတွက် လူမှုကွန်ရက်မှာ ဘယ်ပါတီတွေ အသာစီးရနေသလဲ
BAP၊ နိုဝင်ဘာ ၁၂၊
အာဏာသိမ်း စစ်အုပ်စုက လာမဲ့ ဒီဇင်ဘာ လကုန်ပိုင်းမှာ အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ဖို့ ရှိနေပါတယ်။
‘အတုအယောင်’ ရွေးကောက်ပွဲကိုပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တက်ကြွနေတဲ့ နိုင်ငံရေးပါတီ တွေကလည်း ဒုနဲ့ဒေးပါ။
စစ်အုပ်စုရွေးကောက်ပွဲကို နိုင်ငံရေးပါတိ ၅၇ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
အဲဒီထဲကမှ ပါတီ ၆ ခုက မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ဖို့ရှိနေပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ စစ်အုပ်စုရွေးကောက်ပွဲကို ထောက်ခံသူတွေအကြား လွန်ဆွဲပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆန္ဒနယ်မြေတိုင်းကို လူကိုယ်တိုင်သွားဖို့ အခက်အခဲရှိနေကြပါတယ်။
ဒါကြောင့်ပဲ Facebook၊ TikTok စတဲ့ လူမှုကွန်ရက်တွေဟာ နိုင်ငံရေးပါတီက ကိုယ်စားလှယ် လောင်းတွေ လက်လှမ်းမမီတဲ့ နေရာတွေကို ပို့ဆောင်ပေးနေပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်လို့ရပြီဆိုတဲ့ရက် မတိုင်ခင်ကထဲက စစ်ဗိုလ်ချုပ်တွေ သူတို့ရဲ့ လက်ကိုင်တုတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီက ဆိုရှယ်မီဒီယာ တခုဖြစ်ပြီး မြန်မာပြည်မှာ လူသုံးများတဲ့ Facebook လူမှုကွန်ရက်ကနေ စည်းရုံးတာတွေ လုပ်နေခဲ့တာပါ။
ဓနအင်အားတောင့်တင်းတဲ့အတွက် ပံ့ပိုးမှုအားကောင်းတဲ့ ကြံ့ခိုင်ရေးပါတီက အခုလို လူမှုကွန်ရက်မှာ ခြေလှမ်းသွက်နေချိန်မှာ တခြားပါတီတွေက Facebookစာမျက်နှာပေါ်မှာတောင် တက်ကြွတဲ့လှုပ်ရှားမှု မလုပ်နိုင်ကြပါဘူး။
နိုင်ငံရေးပါတီ ၅၇ ခုထဲမှာ ၂၆ ခုကသာ Facebook လူမှုကွန်ရက်ကို တက်တက်ကြွကြွ အသုံးပြုနေ တာကို BAP က တွေ့ရပါတယ်။

အဲဒီထဲမှာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကြံ့ခိုင်ရေးပါတီက follower 476K (လေးသိန်း ခုနှစ်သောင်းကျော်) နဲ့ အများဆုံးရှိနေပါတယ်။
သူ့နောက်မှာတော့ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်ရဲ့ ပြည့်သူ့ရှေ့ဆောင်ပါတီက follower 357K ( သုံးသိန်းငါးသောင်းကျော်)နဲ့ ဒုတိယအများဆုံးရှိနေပြီး တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက Follower 148K ( တသိန်းလေးသောင်းကျော်) နဲ့ တတိယ အများဆုံးရှိနေပါတယ်။
၈၈ မျိုးဆက်တဦးဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကတော့ follower 72K (ခုနှစ်သောင်းကျော်) သာရှိနေပါတယ်။

စစ်အုပ်စုရဲ့ရွေးကောက်ပွဲ ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီ ၆ ခု ရှိနေပြီး အဲဒီထဲမှာလည်း ကြံ့ခိုင်ရေးပါတီက သိသိသာသာ အသာစီးရနေပါတယ်။

ပါတီ တည်ထောင်မှု ၃၇ နှစ်ရှိပြီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ- (တစည)ရဲ့ လူမှုကွန်ရက်မှာ Follow လုပ်ထားတဲ့အရေအတွက်က အံ့ဩစရာကောင်းလောက်အောင် နည်းပါးနေတာ ကို တွေ့ရမှာပါ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ ပါတီသက်တမ်း နှစ်ပေါင်းင ၄၀ နီးပါးရှိတဲ့ တစညပါတီကို Follow လုပ်ထားသူက 6.8K (ခြောက်ထောင်ကျော်) သာရှိနေတာကိုတွေ့ရပါတယ်။
တနိုင်ငံလုံးပြိုင်မဲ့ နိုင်ငံရေးပါတီတွေထဲမှာမှ Facebookအပြင် နောက်ထပ်လူကြိုက်များတဲ့ TikTok လူမှုကွန်ရက် အသုံးပြုတဲ့ ပါတီတွေလည်း ရှိနေပါတယ်။

TikTok အသုံးပြုနေတဲ့ နိုင်ငံရေးပါတီတွေထဲမှာမှ ကျားဖြူပါတီလို့ လူသိကြတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက follower 69.3K (ခြောက်သောင်း ကိုးထောင်ကျော်) နဲ့ အများဆုံးရှိနေပါတယ်။
Facebookမှာ follower အများဆုံးဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ TikTok ပေါ်မှာ follower 25.3K (နှစ်သောင်းငါးထောင်ကျော်) နဲ့ ဒုတိယနေရာမှာသာရှိနေပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီက follower 17K (တသောင်းခုနှစ်ထောင်) နဲ့ တတိယနေရာမှာပါ။
ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သများဖွံ့ဖြိုးတိုးတက်ရေးပါတီက TikTok ပေါ်မှာ လူဦးရေ ထောင်ဂဏန်းလောက်သာရှိပါတယ်။
တနိုင်ငံလုံးပြိုင်မဲ့ ပါတီ ၆ ခုအနက် လူမှုကွန်ရက်မှာ ပရိသတ်အနည်းဆုံးဖြစ်တဲ့ တစည ပါတီက TikTok ပေါ်မှာလည်း လူဦးရေ ရာဂဏန်းလောက်သာ Follow လုပ်ထားကြပါတယ်။
လူမှုကွန်ရက်အသုံးမပြုသလောက်နည်းတဲ့ ပါတီတွေ
တိုင်းဒေသကြီးပြည်နယ်အဆင့်တွေမှာသာ ဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေထဲမှာလည်း လူမှုကွန်ရက် အသုံးမပြုတဲ့ နိုင်ငံရေးပါတီတွေက ရှိနေပါသေးတယ်။

လူမှုကွန်ရက်ရှိနေပေမဲ့ အသုံးမပြုသလောက်နည်းနဲ့ နိုင်ငံရေးပါတီက ၆ ခုအထိရှိနေပြီး အဲဒီထဲမှာမှ Follower 36K (သုံးသောင်းခြောက်ထောင်) ရှိတဲ့ ရခိုင်ဦးဆောင်ပါတီရဲ့ အပြာရောင်အမှန်ခြစ်ပါတဲ့ လူမှုကွန်ရက် စာမျက်နှာက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာမှာပဲ နောက်ဆုံးပိုစ့်တင်ထားတာတွေ့ရပါတယ်။
Follower 10K (တသောင်း) စီ ရှိကြတဲ့ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ‘ဝ’ အမျိုးသားပါတီတို့ဟာလည်း ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာပဲ သူတို့ရဲ့ စာမျက်နှာကို နောက်ဆုံးအသုံးပြုထားပါတယ်။
Facebook လူမှုကွန်ရက် စာမျက်နှာမတွေ့ရတဲ့ နိုင်ငံရေးပါတီတွေ

စစ်အုပ်စုရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ရှိတဲ့ နိုင်ငံရေးပါတီ ၅၇ ခုထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ၂၄ ပါတီက Facebook လူမှုကွန်ရက်စာမျက်နှာတောင် ရှိမနေပါဘူး။ အများစုက တိုင်းရင်းသားလူမျိုးစုကို အခြေခံတဲ့ ပါတီတွေပါ။
မြန်မာပြည်မှာ ဘယ်ပါတီက လူမှုကွန်ရက်မှာ Follower အများဆုံးလဲ
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အခု စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD က နိုင်ငံရေးပါတီတွေထဲမှာ Follower အပြတ်အသတ်နဲ့ အများဆုံး ဖြစ်ပါတယ်။
NLD ပါတီရဲ့ Facebook မှာ Follow လုပ်ထားသူက 3.3 M ( သုံးသန်းကျော်) အထိ ရှိနေတာပါ။
နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်အုပ်စုက ပယ်ဖျက်ခဲ့ပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထားပါတယ်။
Burma Associated Press