bap-logo
Crime

အာရှ ဆိုက်ဘာငွေလိမ်လည်မှုစင်တာများတွင် အမျိုးသမီးများ လူကုန်ကူးခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် မုဒိမ်းကျင့်ခံရခြင်းများ မည်မျှကျယ်ပြန့်နေသနည်း

pH56rY4R8oZVZDNV6lOUz-image

လွန်ခဲ့သော ၂၀ နာရီ က

 

BAP ဘာသာပြန်။

 

လူပေါင်းသောင်းချီ လွတ်မြောက်လာချိန်တွင် ယခင်က အမျိုးသားအများစုသာ ရှိသည်ဟု ထင်မှတ်ထားကြသည့် အဆိုပါအဝန်းအဝိုင်းများအတွင်း ကျားမအခြေပြု အကြမ်းဖက်မှုများ (Gender-based violence) ခံရကြောင်း ရှင်ကျန်ရစ်သူ အမျိုးသမီးများက ပိုမိုထုတ်ဖော်ပြောဆိုလာကြသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ၏ ညဉ့်နက်ပိုင်းတစ်ခုတွင် Sarah(အမည်လွှဲ) သည် သားဖွားမီးဖွားရန် ဗိုက်နာလာသည်ကို ခံစားခဲ့ရသည်။ ထိုအချိန်သည် ည ၁၁ နာရီ ရှိပြီဖြစ်သော်လည်း လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်းရှိ ဆိုက်ဘာငွေလိမ်လည်မှုအဝန်းအဝိုင်း၌မူ အမေရိကန်နိုင်ငံသားများကို အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်ရန်အတွက် အလုပ်သမားများသည် ညဆိုင်းအရှည်ကြီးတစ်ခုကို စတင်လုပ်ကိုင်နေကြပြီ ဖြစ်သည်။

 

ညစဉ် ညတိုင်း အလုပ်သမားများသည် Facebook နှင့် Instagram ပေါ်တွင် စွဲမက်ဖွယ်ကောင်းပြီး ကမ္ဘာအနှံ့ခရီးလှည့်လည်နေသည့် အမျိုးသမီးများ၏ အကောင့်အတုများကို ဖန်တီးကာ ကွန်ပျူတာများရှေ့တွင် မိုးလင်းသည်အထိ ထိုင်နေကြရသည်။ Sarah သည် မက်ဆေ့ခ်ျများ ပေးပို့ကာ ပစ်မှတ်ထားရမည့် သက်ကြီးပိုင်းအမျိုးသားများကို အင်တာနက်ပေါ်တွင် လိုက်လံရှာဖွေခဲ့ပြီး ၎င်းတို့၏ အလုပ်အကိုင်များကို မြှောက်ပင့်ပြောဆိုခြင်း၊ ၎င်းတို့၏ နေ့စဉ်ဘဝအကြောင်း မေးမြန်းခြင်းနှင့် ဇိမ်ခံခရီးစဉ်များ၊ ကမ်းခြေခရီးစဉ်များ၏ ဓာတ်ပုံများကို အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။

 

၎င်းပြောဆိုခဲ့သည့် စကားဝိုင်းတစ်ခုချင်းစီသည် ရက်ပေါင်းများစွာကြာမည့် ဇာတ်ညွှန်းတစ်ခုအတိုင်းဖြစ်စေရန် သေချာစွာ ပုံဖော်ထားခြင်းဖြစ်ပြီး စားပွဲတန်းရှည်ကြီးများအကြား လျှောက်လှမ်းနေသည့် ကြီးကြပ်သူများကလည်း စောင့်ကြည့်နေကြသည်။

 

နောက်ဆုံးတွင် Sarah သည် စကားဝိုင်းကို ခရစ်ပတို (Crypto) ရင်းနှီးမြှုပ်နှံမှုများဆီသို့ ဦးတည်သွားစေပြီး အမြတ်အစွန်းအမြောက်အမြား ရရှိထားသည့် အထောက်အထားအတု Screenshot များကို မျှဝေလေ့ရှိသည်။ မျှော်လင့်ချက်မှာ အခြားတစ်ဖက်မှ လက်ခံရရှိသူသည် ငွေပေးချေမှုတစ်ခု ပြုလုပ်လာစေရန်ဖြစ်ပြီး၊ နောက်ဆုံးတွင် လိမ်လည်လှည့်ဖြားမှုတစ်ခုဖြစ်ကြောင်း ပေါ်ပေါက်လာမည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဆီသို့ ရန်ပုံငွေများ လွှဲပြောင်းပေးလာစေရန် ဖြစ်သည်။

 

ဝက်သတ်ခြင်း” (Pig-butchering) ဟု သိကြသည့် ဤကဲ့သို့သော လိမ်လည်မှုပုံစံသည် ယခုအခါ အလွန်အမင်း အမြတ်အစွန်းရရှိနေသဖြင့် ရာဇဝတ်ဂိုဏ်းများက အဝန်းအဝိုင်းတစ်ခုလုံးကို တည်ဆောက်ထားကြပြီး ၎င်းတို့ထဲမှ အများစုတွင် Sarah ကဲ့သို့ အခြားနိုင်ငံများမှ လူကုန်ကူးခံလာရသည့် အမျိုးသားများနှင့် အမျိုးသမီးများကို ဝန်ထမ်းခန့်အပ်ထားသည်။

 

ညစဉ် ညတိုင်း အလုပ်သမားများသည် Facebook နှင့် Instagram ပေါ်တွင် စွဲမက်ဖွယ်ကောင်းပြီး ကမ္ဘာအနှံ့ခရီးလှည့်လည်နေသည့် အမျိုးသမီးများ၏ အကောင့်အတုများကို ဖန်တီးကာ ကွန်ပျူတာများရှေ့တွင် မိုးလင်းသည်အထိ ထိုင်နေကြရသည်

 

ယူဂန်ဒါနိုင်ငံမှ အသက် ၃၉ နှစ်အရွယ် ယခင်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Sarah သည် လူမှုကွန်ရက်မန်နေဂျာ (Social media manager) အဖြစ် အလုပ်ရမည်ဟူသော ကတိကဝတ်ဖြင့် လာအိုနိုင်ငံသို့ သွေးဆောင်ခေါ်ယူခြင်းခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်မှ စတင်ကာ ရွှေတြိဂံ ရုံးဝန်း သုံးခုအကြား ရောင်းစားခြင်း ခံခဲ့ရသည်။

 

ရောက်ရှိပြီး လအနည်းငယ်အကြာတွင် ၎င်းသည် အလုပ်သမားများက “အမှောင်ခန်း” ဟု ခေါ်ဆိုကြသည့် နေရာအတွင်း၌ ရက်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခံခဲ့ရသည်။

 

အဆိုပါနေရာမှာ အဝန်းအဝိုင်း၏ အထက်လူကြီးများက ရိုက်နှက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်းများကို ပြုလုပ်သည့် သီးခြားအခန်းများ ဖြစ်သည်။ အမျိုးသားတစ်စုသည် ထပ်မံ၍ ငွေလိမ်လည်ရန် ငြင်းဆန်ခဲ့သည့်အတွက် ပူးတွဲပြစ်ဒဏ်အဖြစ် Sarah နှင့် အခြားအမျိုးသမီး သုံးဦးကို မုဒိမ်းကျင့်ရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

 

၎င်းသည် ကိုယ်ဝန်ရှိနေသည်ကို ဖုံးကွယ်ထားခဲ့ပြီး အဆိုပါအဝန်းအဝိုင်းကို မောင်းနှင်နေသည့် တရုတ်အထက်လူကြီးများ သိရှိသွားပါက မိမိကို သတ်ပစ်လိမ့်မည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ သို့သော် ယခုအခါ ကလေးငယ်မှာ မွေးဖွားတော့မည် ဖြစ်သည်။

 

Sarah သည် ရုံးခန်း၏ အများသုံးစမတ်ဖုန်းကို ယူဆောင်ကာ အစောင့်ခဏတာ မရှိသည့်အချိန်တွင် အဆောက်အအုံ၏ အဝင်ဝဆီသို့ အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။ Google translate ကို အသုံးပြု၍ တက္ကစီဒရိုင်ဘာတစ်ဦးအား မိမိကို ဆေးရုံသို့ ပို့ဆောင်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။

 

ကျွန်မ အပြင်ကို ထွက်လာနိုင်ခဲ့တာကို ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။” ဟု ယခုအခါ ကမ်ပါလာမြို့တွင် ရှိနေပြီး ၎င်း၏ဘေးက ကြမ်းပြင်ပေါ်တွင် အသက်နှစ်နှစ်အရွယ် သားဖြစ်သူ ဆော့ကစားနေစဉ် Sarah က ပြောသည်။ “ဘုရားသခင်က ကျွန်မ သွားနိုင်အောင် ကူညီပေးခဲ့တာ ဖြစ်နိုင်ပါတယ်”

 

အမျိုးသားများကဲ့သို့ပင် အမျိုးသမီး ဆိုက်ဘာငွေလိမ်လည်သူများသည်လည်း စာတိုပေးပို့မှုများမှတစ်ဆင့် သားကောင်များကို မျှားခေါ်သည့်အလုပ်များ လုပ်ရမည်ဟု မျှော်လင့်ထားသော်လည်း ၎င်းတို့ကို လူမှုကွန်ရက်အကောင့်အတုများတွင် ကိုယ်ဟန်ပြရန် သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများမှတစ်ဆင့် စကားပြောရန်အတွက်လည်း အသုံးပြုကြသည်

 

အရှေ့တောင်အာရှ၏ ငွေလိမ်လည်မှုအဝန်းအဝိုင်းများအတွင်းသို့ လူကုန်ကူးခြင်းခံခဲ့ရသည့် လူပေါင်းသိန်းချီကဲ့သို့ပင် ရွှေတြိဂံဒေသအတွင်းရှိ Sarah ၏ နေ့စဉ်ဘဝသည် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကျဉ်းမြောင်းသော လူနေမှုဘဝအခြေအနေများနှင့် ရိုက်နှက်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

 

သို့သော် ၎င်းသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု၏ ထပ်ဆောင်းစိတ်ဒဏ်ရာကိုလည်း ခံစားခဲ့ရပြီး ၎င်းမှာ အဆိုပါလုပ်ငန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီးအရေအတွက် ပိုမိုများပြားလာမှုအရ ပုံမှန်အစီရင်ခံတင်ပြမှုများဖြစ်သော်လည်း လျစ်လျူရှုခံထားရသည့် လက်တွေ့ဖြစ်စဥ်များ ဖြစ်သည်။

 

တရုတ်နှင့် ထိုင်ဝမ် ရာဇဝတ်ဂိုဏ်းများက အဓိကမောင်းနှင်နေသည့် တရားမဝင် ဆိုက်ဘာငွေလိမ်လည်မှုသည် ၂၀၂၀ ပြည့်နှစ်မှစ၍ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကျယ်ပြန့်လာခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။

 

အမျိုးသားများကဲ့သို့ပင် အမျိုးသမီး ဆိုက်ဘာငွေလိမ်လည်သူများသည်လည်း စာတိုပေးပို့မှုများမှတစ်ဆင့် သားကောင်များကို မျှားခေါ်သည့်အလုပ်များ လုပ်ရမည်ဟု မျှော်လင့်ထားသော်လည်း ၎င်းတို့ကို လူမှုကွန်ရက်အကောင့်အတုများတွင် ကိုယ်ဟန်ပြရန် သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများမှတစ်ဆင့် စကားပြောရန်အတွက်လည်း အသုံးပြုကြသည်။

 

ကျွမ်းကျင်သူများက လုပ်ငန်းအင်အားစုသည် အမျိုးသားအများစုသာဖြစ်ကြောင်း ရေရှည်နားလည်ထားခဲ့ကြသည်။ သို့သော် မကြာသေးမီလများအတွင်း ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် အစိုးရက ဦးဆောင်သည့် ဝင်ရောက်စီးနင်းမှုများကြောင့် အလုပ်သမားပေါင်းသောင်းချီ လွတ်မြောက်လာခဲ့ချိန်တွင် အမျိုးသမီးအသက်ရှင်ကျန်ရစ်သူများက ယခင် မီဒီယာ သို့မဟုတ် အစိုးရ၏ အာရုံစိုက်မှုကို နည်းပါးစွာသာ ရရှိခဲ့သည့် ကျား မအခြေပြု အကြမ်းဖက်မှုဖြစ်စဉ်များကို ပိုမိုဖော်ထုတ်လာကြသည်။

 

The Guardian သတင်းဌာနသည် အဝန်းအဝိုင်းအလုပ်သမားဟောင်းများဖြစ်ကြသည့် အမျိုးသမီး ခြောက်ဦးနှင့် စကားပြောဆိုခဲ့ရာ၊ ၎င်းတို့က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ရရှိမှုမရှိခြင်းနှင့် နှုတ်ပိုင်းဆိုင်ရာ စော်ကားမှုများ အပါအဝင် ကျား မ အခြေပြု ခေါင်းပုံဖြတ်မှုများကို ပြောပြခဲ့ကြသည်။ အဝန်းအဝိုင်း၏ အထက်လူကြီးများသည် အမျိုးသမီးများကို အပြစ်ပေးရန်အတွက် မုဒိမ်းမှုကို အသုံးပြုကြသကဲ့သို့ အမြတ်အစွန်းများပြားသည့် လိမ်လည်မှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် အမျိုးသားများအတွက် ဆုလာဘ်တစ်ခုအဖြစ်လည်း အသုံးပြုကြကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများသည် အဆိုပါအဝန်းအဝိုင်းများအတွင်းရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စတင်ခြေရာခံနေပြီ ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် “အမျိုးသမီးနှင့် အမျိုးသား သားကောင်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ၂၀၂၄ ခုနှစ်မှစ၍ သိသာထင်ရှားစွာ မြင့်တက်လာကြောင်း အစီရင်ခံထားသည်။” ဟု ဖော်ပြထားပြီး မြန်မာနိုင်ငံတွင် မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရရှိခဲ့သည့် အမျိုးသမီး ၁၂ ဦးနှင့် လျှပ်စစ်ရှော့ခ်တိုက်ခြင်း ခံခဲ့ရသည့် ကိုယ်ဝန်ဆောင် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးတို့ကို ကိုးကားဖော်ပြထားသည်။

 

Amnesty International အဖွဲ့သည်လည်း ပြီးခဲ့သည့်နှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများ မြင့်တက်လာခြင်းကို မှတ်တမ်းတင်ထားခဲ့ပြီး ၎င်း၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Montse Ferrer က “ပြင်းထန်လှသော” မုဒိမ်းမှုဖြစ်စဉ်များ၊ အဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းမှုများနှင့် ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ သေဆုံးမှုများ ပါဝင်ကြောင်း ဆိုသည်။

 

ဤကဲ့သို့ မြင့်တက်လာခြင်းသည် အစီရင်ခံတင်ပြမှု ပိုမိုများပြားလာခြင်းကြောင့်လော သို့မဟုတ် အဝန်းအဝိုင်းများအတွင်းရှိ ဂျန်ဒါအချိုးအစား ပြောင်းလဲလာခြင်းကြောင့်လော ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။ ခြုံငုံကြည့်ပါက ပြီးခဲ့သည့်နှစ်အတွင်း Amnesty International က တွေ့ဆုံမေးမြန်းခဲ့သည့် အသက်ရှင်ကျန်ရစ်သူ ၈၀ နီးပါး၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်ကြပြီး ယခင်နှစ်ကမူ လေးပုံတစ်ပုံခန့်သာ ရှိခဲ့သည်။

 

ကလေးငယ်များနှင့် သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ရန်နှင့် ဆက်စပ်နေသည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကြောင့် အမျိုးသမီးများသည် လုပ်သားရွှေ့ပြောင်းနေထိုင်မှုဆီသို့ ဦးတည်သွားလေ့ရှိကြောင်း လိမ်လည်မှုဆန့်ကျင်ရေး အကျိုးအမြတ်မယူသောအဖွဲ့အစည်းEOS Collective ၏ ပူးတွဲတည်ထောင်သူ Ling Li က ပြောသည်။ မိသားစုဝင်များ သို့မဟုတ် အပေါင်းအဖော်များ၏ လူကုန်ကူးခြင်းကို ခံခဲ့ရကြောင်း အများအပြားက အစီရင်ခံကြသည်။

 

The Guardian က တွေ့ဆုံမေးမြန်းခဲ့သည့် ငွေလိမ်လည်မှု အလုပ်သမား လေးဦးမှာ ခင်ပွန်းမရှိသည့် မိခင်များ (Single mothers) ဖြစ်ကြသည်။ အသက် ၂၉ နှစ်အရွယ် ကင်ညာနိုင်ငံသူ Rachel(အမည်လွှဲ) သည် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံရှိ မုန့်အချိုစက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့သည့် ပွဲစားတစ်ဦးကို ပေးချေရန်အတွက် shillings ၂၀၀,၀၀၀ (£,၁၅၀) ချေးယူခဲ့သည်။

 

သို့သော် ၎င်းအစား ၎င်းသည် မြန်မာနိုင်ငံရှိ ငွေလိမ်လည်မှု ရုံးဝန်း နှစ်ခုအကြား ရောင်းစားခြင်း ခံခဲ့ရပြီး ထိုနေရာတွင် တစ်ကြိမ်လျှင် လိမ်လည်ခံရနိုင်ခြေရှိသည့် သားကောင် အနည်းဆုံး ၁၀၀ နှင့် စကားပြောဆိုရင်း တစ်နေ့လျှင် ၁၈ နာရီအထိ လုပ်ကိုင်ခဲ့ရသည်။

 

အမျိုးသမီးအားလုံး နေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ကြသည်တော့ မဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်မှ အသက် ၂၂ နှစ်အရွယ် ငွေလိမ်လည်မှု အလုပ်သမားတစ်ဦးဖြစ်သူ Lintang(အမည်လွှဲ) သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ္ဘောဒီးယားဆေးရုံတစ်ခုသို့ တက်ရောက်ခဲ့ရချိန်တွင် လမ်းပင် ကောင်းမွန်စွာ မလျှောက်လှမ်းနိုင်တော့ပါ

 

၎င်းက လျင်မြန်စွာ ပြန်လည်အကြောင်းပြန်ရန် ပျက်ကွက်သည့်အခါတွင် အထက်လူကြီးက ၎င်း၏ ဦးခေါင်းကို လက်သီးဖြင့်ထိုးခြင်း၊ ကန်ကျောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

မိဘများနှင့် သားငယ်ကို ထောက်ပံ့နေရသူ Rachel က “ကျွန်မကို ‘မင်းသွားမယ့်နေရာက မကောင်းဘူး။’ လို့ ပြောပြနိုင်မယ့်သူတစ်ယောက်ယောက်သာ ရှိခဲ့ရင် ကျွန်မ နားထောင်မိမှာပါ။ ဒါပေမဲ့ ကျွန်မ ဘာတစ်ခုမှ မသိခဲ့ပါဘူး။ ကျွန်မက အလုပ်သွားလုပ်ဖို့နဲ့ ကိုယ့်အတွက်ရော မိသားစုအတွက်ပါ ငွေရှာချင်ရုံသက်သက်ပါပဲ။” ဟု ပြောသည်။

 

အမျိုးသမီးအားလုံး နေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ကြသည်တော့ မဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ်မှ အသက် ၂၂ နှစ်အရွယ် ငွေလိမ်လည်မှု အလုပ်သမားတစ်ဦးဖြစ်သူ Lintang(အမည်လွှဲ) သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ္ဘောဒီးယားဆေးရုံတစ်ခုသို့ တက်ရောက်ခဲ့ရချိန်တွင် လမ်းပင် ကောင်းမွန်စွာ မလျှောက်လှမ်းနိုင်တော့ပါ။

 

လုံခြုံရေးအရ အမည်မဖော်လိုသည့် NGO တစ်ခုမှ အမှုတွဲကိုင်တွယ်သူတစ်ဦးအား Lintang က မိမိသည် အုပ်စုဖွဲ့၍ အကြိမ်ကြိမ် မုဒိမ်းကျင့်ခံခဲ့ရကြောင်း ပြောပြခဲ့သည်။ အင်ဒိုနီးရှားသံရုံး၏ အဆိုအရ Lintang တွင် အိပ်ချ်အိုင်ဗီ (HIV) ပိုးနှင့် တီဘီရောဂါပိုးတို့ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ၎င်းအား ဆေးကုသမှုခံယူနိုင်ရန် အင်ဒိုနီးရှားနိုင်ငံသို့ စေလွှတ်ရန် NGO အများအပြားက ကြိုးပမ်းခဲ့ကြသော်လည်း ကုန်ကျစရိတ်ကြီးမြင့်ပြီး ခက်ခဲကြောင်း ပေါ်ပေါက်ခဲ့သည်။ ၎င်းသည် မတ်လ ၁၀ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

 

အောက်တိုဘာလ၏ စောစောစီးစီး မိုးလင်းခါစအချိန်၌ Sarah သည် ဆေးရုံတွင် မီးဖွားနေစဉ် ကျန်းမာရေးဝန်ထမ်းများက ဆေးကုသစရိတ် တောင်းခံခဲ့ကြသည်။ “ကျွန်မမှာ ဘာမှမရှိပါဘူး။ ဝတ်စရာ အဝတ်အစားတောင် မရှိပါဘူး။” ဟု ၎င်းက ပြောသည်။

 

သို့သော် ၎င်းတွင် သူငယ်ချင်းတစ်ဦး ရှိခဲ့သည်။ ၎င်းသူငယ်ချင်းမှာ ယခုအခါ ရွှေတြိဂံဒေသ၏ အပြင်ဘက်တွင် နေထိုင်လျက်ရှိသော လာအိုနိုင်ငံသား Ketsana(အမည်လွှဲ) ဖြစ်သည်။ နံနက် ၅ နာရီခန့်တွင် Sarah သည် Ketsana ထံသို့ ၎င်း၏ မွေးကင်းစသားငယ်၏ ဓာတ်ပုံကို စာတိုပေးပို့ခဲ့သည်။

 

စိတ်ရှုပ်ထွေးသွားရသူ Ketsana က “ဘယ်သူ့ကလေးလဲလို့ မေးတယ်။” ဟု ပြောသည်။

 

ဒေသန္တရအစိုးရ အုပ်ချုပ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် ကလေးနှစ်ဦးမိခင် Ketsana သည် အိမ်အကူအဖြစ် အလုပ်ရမည်ဟူသော ကတိကဝတ်ဖြင့် ၂၀၂၂ ခုနှစ်တွင် ရွှေတြိဂံ ငွေလိမ်လည်မှုလုပ်ငန်းအတွင်းသို့ လူကုန်ကူးခြင်း ခံခဲ့ရပြီးနောက် အခြာရုံးဝန်းနှစ်ခုသို့ ရောင်းစားခံခဲ့ရကာ နောက်ဆုံးတွင် Sarah နှင့် အဆောက်အအုံတစ်ခုတည်းသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ဘာသာစကား အခက်အခဲကြောင့် အဆိုပါအမျိုးသမီးများသည် အကြိမ်အနည်းငယ်သာ စကားပြောဆိုဖြစ်ခဲ့ကြသော်လည်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းစဉ် Ketsana မထွက်ပြေးမီ ၎င်းတို့၏ Facebook အကောင့်အချက်အလက်များကို အပြန်အလှန် လဲလှယ်ထားခဲ့ကြသည်။

 

Ketsana သည် Sarah နှင့် ၎င်း၏ကလေးကို သွားရောက်ခေါ်ဆောင်ရန် တက္ကစီတစ်စီး လွှတ်ပေးခဲ့ပြီး နောက်လတွင် ထိုသုံးဦးသည် အခန်းနှစ်ခန်းပါသော တိုက်ခန်းတစ်ခု၌ အတူတကွ နေထိုင်ခဲ့ကြသည်။

 

Sarah သည် NGO တစ်ခု၏ အကူအညီဖြင့် ၎င်း၏သားငယ်ကို မွေးဖွားပြီး ၄၀ ရက်အကြာတွင် ယူဂန်ဒါနိုင်ငံရှိ နေရပ်သို့ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ ၎င်းသည် ထိုအချိန်မှစ၍ အပ်ချုပ်သမားအဖြစ် လုပ်ကိုင်ရန် လေ့ကျင့်ခဲ့ပြီး တစ်နေ့လျှင် ယူဂန်ဒါသျှီလင် ၇,၀၀၀ ခန့် (၁.၄၀) ရှာဖွေနိုင်သော်လည်း ၎င်းမှာ နေထိုင်မှုစရိတ်များကို ကာမိရန် လုံလောက်မှု မရှိပါ။

 

၎င်းက အခြားအမျိုးသမီးများ၊ အထူးသဖြင့် အခြားသော မိခင်တစ်ဦးတည်းရှိသည့် မိသားစုများကို အလုပ်လုပ်ရန် ပြည်ပသို့ မသွားရောက်မီ သေချာစွာ စဉ်းစားသင့်ကြောင်း သို့မဟုတ်ပါက “ရုပ်အလောင်းများ” အဖြစ်သာ ပြန်လာရလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။

 

အိမ်တွင် စားစရာ ဘာမှမရှိသည့်နေ့များ သို့မဟုတ် ဆရာဝန်ထံ သွားရောက်ရန် ငွေကြေးမရှိသည့်နေ့များတွင် Sarah သည် ဘဏ္ဍာရေးအခြေအနေအပေါ် စိတ်ပျက်ရခြင်း၊ သားဖြစ်သူအပေါ် ချစ်ခင်ခြင်းနှင့် ရွှေတြိဂံဒေသတွင် “မိမိဖြတ်သန်းခဲ့ရသည့် များစွာသောအရာများ” ၏ အမှတ်ရနေခြင်းများဖြင့် ခံစားချက်များစွာ ရှုပ်ထွေးလာတတ်သည်။

 

ကလေးအိပ်ပျော်နေတဲ့အချိန်၊ သူ့ကို ကျွေးစရာ ဘာမှမရှိတဲ့အချိန်တွေမှာ အဲဒီအကြောင်းတွေကို တွေးမိတာပဲ။”

ကိုးကား - The Guardian

ပုံစာ - Shunda Park တွင် တွေ့ရှိခဲ့ရသည့် ဆိုက်ဘာငွေလိမ်လည်မှု၏ သားကောင်များကို မျှားခေါ်ရန်အတွက် အွန်လိုင်းအကောင့်အတုများ ဖန်တီးရာတွင် အသုံးပြုသော ဓာတ်ပုံများနှင့် အသုံးအဆောင်ပစ္စည်းများ။ ဓာတ်ပုံ - Jes Aznar/NYT/Redux/eyevine

 

Burma Associated Press  

 

 

လိမ်လည်မှုမှရသည့် ငွေကြေး
လိမ်လည်လှည့်ဖြားခြင်
အာရှ
လိမ်လည်သူများ
အမျိုးသမီးများ
မုဒိမ်းမှု
လူကုန်ကူးမှု

Share With
bap-logo