Local News
စစ်တောင်းမြစ်အနောက်ဘက်တိုက်ပွဲတွင် စစ်ကောင်စီ ၃၀ ကျော် သေဆုံး
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းကျေးရွာနှင့် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေး တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ကြောင်း Bago Region PDF က ယနေ့ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၆ ရက်တွင် လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများထံမှ ရွှေငွေလက်ဝတ်ရတနာအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများသည် စစ်ကောင်စီတပ်သားများ ပြည်သူ့နေအိမ်များမှ ခိုးယူလာသော ပစ္စည်းများဖြစ်ခြင်းကြောင့် ယင်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
စစ်ကောင်စီဘက်မှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများတွင် MA3 ၄ လက်၊ MA11 ၂ လက်၊ MA2 ၁ လက်၊ ကျည်ဘောက် ၁၈ ခု၊ ကျည် ၅၂၀ တောင့်၊ ၆၀ မမဗုံးသီး ၂ လုံးနှင့် ရိက္ခာ အများအပြားပါဝင်သည်။
ပြည်သူပိုင်နေအိမ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓားပြတိုက်ခိုးယူလာသော ပစ္စည်းများတွင် လက်ကောက် ၂ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်းနှင့် ဖုန်း ၃ လုံး သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်သည်။
တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ(၄) တပ်ခွဲ(၆) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၇ မှ ၈ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထပ်မံအတည်ပြုလျက်ရှိသည်။
အထိနာလျက်ရှိသော စစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ်များဖြင့် ရမ်းကားပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု များကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူပိုင်နေအိမ်များနှင့် မြစ်ကူးတံတားများအား မီးရှို့ဖျက်ဆီးလျက် ရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိဘဲ နယ်မြေစိုးမိုးမှုများအား ဆက်လက် ဆောင်ရွက်နေ ပြီး စစ်ဘေးရှောင်ပြည်သူများကိုလည်း လိုအပ်သော ထောက်ပံ့ပေးမှုများ ပေးပို့နိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ။ သိမ်းဆည်းရမိသော လက်နက်များကို တွေ့ရစဉ်။
ဓာတ်ပုံ။ တောင်ငူခရိုင် PDF တပ်ရင်း
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က