Opinion
ထပ်မြင်ချင်တဲ့ ကြယ်တံခွန်
လွန်ခဲ့သော ၂ နှစ် က
ရှစ်လေးလုံး ၃၅ နှစ်ပြည့်ပြီတဲ့။
သောက်ကျိုးနည်းပေါ့။
ပြက္ခဒိန်တွေနောက်ပြန်ဆုတ်ကြည့်တော့ ကိုယ့်တစ်သက်လုံး အာဏာရှင်တွေ၊ အာဏာရှင်ရဲ့ အစွယ်အပွားတွေ အတုအယောင် လွတ်လပ်မှုတွေအောက်မှာ ကြီးပြင်းလာတာပဲ။
ကျုပ်ကိုမွေးတာလည်း အခုလို ဩဂုတ်လဖြစ်ပြီး မွေးပြီး သိပ်မကြာခင် ကမ္ဘာမှ ာကြုံတောင့်ကြုံခဲအဖြစ်ကြီးနဲ့ ကြုံခဲ့ရတယ်။
ဟိုးစကြာဝဠာထဲက ကျနော်တို့ မြင်နိုင်တဲ့နေရာနားကို ဟယ်လီကြယ်တံခွန်ကြီးက ဖြတ်သွားသတဲ့။
တစ်ကမ္ဘာလုံး ကြုံရတဲ့ ကပ်ရောဂါတွေကို ခဏထား။
ဒီတိုင်းပြည်မှာနေရင် အရက်တုတွေ၊ မှိုတက်နေတဲ့ အစားအသောက်တွေ၊ စံချိန်မမီတဲ့ အစားအသောက်နဲ့ သောက်ရေသန့်ဆိုတာတွေ၊ စည်းကမ်းမဲ့ မော်တော်ယာဉ်တွေ၊ ဘာမှ မရှိတဲ့ ဆေးရုံတွေကြောင့် ခင်ဗျားဟာ မသေခဲ့ဘူးဆိုရင် အဲဒီကြယ်တံခွန်ကို နောက်ထပ် ၇၆ နှစ် အဲဒီကနေ နည်းနည်းဝေးရင် ၇၉ နှစ် အကြာမှာ ထပ်တွေ့နိုင်သတဲ့။
သိပ်တော့ စိတ်ကူးမယဉ်နဲ့ပေါ့။ အဲဒါတွေကြောင့် မသေခဲ့ရင််တောင် ဒီတိုင်းပြည်မှာ အသက်ရှင်လျက် ခင်ဗျားဘယ်လောက်ကြာကြာ နေရမလဲဆိုတာ အာဏာရှင်တွေကပဲ သတ်မှတ်တာမဟုတ်လား။
ဆိုတော့ ၁၉၈၈ ထပ် သုံးနှစ်စောမွေးလာတဲ့ လူတစ်ယောက်အဖို့ ၈၈ ခုနှစ် အာဏာသိမ်းတာကို မသိလိုက်ရင်တောင် ဖြတ်တော့ ဖြတ်သန်းခဲ့ရတာပါပဲ။
လူမှန်းသိလာတော့လည်း ပဂိုးဒါးနဲ့ ဆိုးဒါး ခေတ်မှာ အာဏာရှင်ကိုရော သူတည်တဲ့ဘုရားတွေပါ လက်အုပ် ချီခဲ့ရသေး။ ယူနီဖောင်းဝတ်ထားရင် လက်အုပ်ချီဖို့ သင်ပေးတဲ့စာသင်ကျောင်းတွေက ကျုပ်တို့တိုင်းပြည်မှာပဲ ရှိပါလိမ့်မယ်။
ကျောင်းသင်ခန်းစာ ပြင်ပအနေနဲ့ ဆရာမတွေက သင်ပေးတာ “ဘဘ ဗိုလ်ချုပ်ကြီး ကျန်းမာပါစေ” တဲ့။
သူငယ်တန်းကနေ တက္ကသိုလ်အထိ ဆယ်နှစ်ဆယ်မိုးသင်ခဲ့တဲ့ အင်္ဂလိပ်စာကို အခုချိန်ထိ အမြှီးအမောက် တည့်အောင် မပြောတတ် မရေးတတ်ပေမဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သတ်ရင် ရိုသေရမယ်ဆိုတဲ့ သင်ကြားမှုကိုတော့ မှတ်မိနေတုန်းပဲ။
ဖတ်စာအုပ်ဆိုတာ နှစ်ကုန်သွားတာတောင် မစုံတဲ့ခေတ်မှာ စာတတ်ပေတတ် ဖြစ်ခဲ့ရတဲ့ လူတွေပေါ့။
အဲဒီလိုကာလ ကျုပ်တို့ခေတ်မှာ ဒီမိုကရေစီရှာချင်ရင် ရေဒီယိုမှာပဲရှိတယ်။ ပြည်ပအသံလွှင့်ဌာနတွေက လွှင့်တဲ့ ဒီမိုကရေစီ ဆိုတာကို အဖိုးရဲ့ ရေဒီယို အစုတ်မှာ ခဏခဏကြားခဲ့ရသကိုး။
အဖိုးနာမည်က သာဒင် “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့ လူမိုက်တော့ မဟုတ်ဘူး။ သူ့ဟာသူလေးဘီးကားလေး မောင်းစားတဲ့ သာဒင်ရယ်ပါ။
သွားထိလို့မရတဲ့အရာတွေထဲမှာ စစ်ဗိုလ်ချုပ်တွေပါသလို အဖိုး သာဒင်ရဲ့ ရေဒီယိုက ဘီးလုံးတွေလည်းပါတယ်။ ဘီးလုံးတွေ လွဲသွားရင် လိုင်းပြန်ရဖို့ အတော်ဖမ်းရတာကြောင့်ပေါ့။
အဲဒီလိုကြီးပြင်းလာတဲ့ ဟိုမရောက် ဒီမရောက် ဂျန်နရေးရှင်း။
ဟိုမရောက် ဒီမရောက်ဆိုတာက ခရီးသွားတာ၊ ကိုယ့်အိပ်ယာမှာ ကိုယ်အိပ်တာကအစ အကုန်လုံးလိုလို အစိုးရက မူပိုင်ဖြစ်နေတော့ မှောင်ခိုမှမဝယ်ရင် ရထားတောင် တွယ်စီးပြီးသွားရမှာဆိုတော့ ဘယ်မှကို သိပ်မရောက် ဖြစ်တာကြောင့်ပါ။
ဘယ်မှမရောက်ပေမဲ့ သမဆိုင်ကိုတော့ ရေနံဆီတန်းစီဖို့ ဆန်လေး၊ ဆပ်ပြာ လေးဝယ်ဖို့ ခဏခဏရောက်ခဲ့တယ်။
ဝါညစ်ညစ် ဘီအိုစီဖယောင်းတိုင်၊ ရေနံဆီမီးအိမ်၊ ဓာတ်ဆီမီးခြစ်၊ တစ်ပေ မီးချောင်းနဲ့ ဘက်ထရီအိုးဆိုတာ ကျုပ်တို့ခေတ်ရဲ့ လျှပ်စစ်စွမ်းအားတွေပဲ။
တောင်သူလယ်သမားဦးကြီးများဆိုတာလည်း ခါးကျိုးအောင်စိုက်ထားရတဲ့ စပါးကို မတန်တဆ နှိမ်ထားတဲ့ ဈေးနဲ့ ဒိုင်မှာသွားသွင်းရတော့ “စပါးတောင် လိုပုံ” ပေါ့ဗျာ။
တယ်လီဖုန်းဆိုတာ ကျောင်းစာနဲ့ ရုပ်မြင်သံကြားလောက်မှာသာ သိဖူးမြင် ဖူးပြီး တော်တော်လေး အရွယ်ရောက်တဲ့အထိ မမြင်ဖူးတဲ့အရာ။ အရေးပေါ်အခြေအနေအတွက် သုံးကြတာ ‘ကြေးနန်း’။
ကျုပ်တော့မှတ်မိသေးတယ် “အမေ နေမကောင်း အမြန်လာပါ” ဆိုတဲ့ ကြေးနန်းကကျုပ်အဖွား ရက်လည်နားနီးမှာ အိမ်ရောက်လာတာ။
အခုခေတ် recycle ဆိုတာ ကျုပ်တို့က ရယ်ရသေးတယ်။ ဆီသွားဝယ်၊ ငံပြာရည်သွားဝယ် တော်တော်များက ခင်ဗျား ပုလင်းတစ်လုံးပေးမှ သူက ပုလင်းတစ်လုံးပြန်ပေးတာ။ စားအုံးဆီဆိုတာ ခဲလွန်လွန်းလို့ ဒယ်အိုးထဲ ရောက်မှ ဆီဆိုတာ သေချာမြင်ရတယ်။
အဲဒီလို စုတ်ပြတ်ညစ်ထေးနေတဲ့ အချိန်ကနေ ကျုပ်တို့မှာ ငါးနှစ်နီးပါးလောက် လူလိုသူလိုလေး ဖြစ်တာမှတ်မိကြဦးမှာပေါ့။ ထောင်အကြောင်း စစ်ကြောရေး အကြောင်း ရေးတဲ့စာအုပ်တွေ အများဆုံးဖတ်ခဲ့ရတဲ့ ကာလပေါ့။
အဲဒီအခြေအနေလေးကနေ ‘ဗြုန်း’ ဆို အာဏာသိမ်းပြန်သတဲ့။
ကျုပ်သက်တမ်းမှာ ဟယ်လီကြယ်တံခွန်ကိုသာ နှစ်ခါကြုံချင်မယ် အာဏာသိမ်းတာကို နှစ်ခါ ထပ်ကြုံမယ်လို့ ဘယ်ထင်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် ကိုယ့်အသက်တာတစ်ခုထဲမှာ ပြည့်သွားတဲ့ ရှစ်လေးလုံး ၃၅ နှစ်ဟာ ကျုပ်အတွက်တော့ စစ်အုပ်ချုပ်မှုမှန်သမျှကို ဆန့်ကျင်ဖို့ လုံလောက်ပါတယ်။
မဟုတ်လို့ကတော့ တိုင်းပြည်မှာ အမြဲတမ်းလိုအပ်တဲ့ အလုပ်အကိုင်က တော်လှန်ရေးပဲမဟုတ်လား။
အခု စာမှာ ဖော်ပြထားတဲ့ ပုံကတော့ ကျုပ်နောက်တစ်ကြိမ် ကိုယ်တိုင်မြင်ဖူး ချင်တဲ့ ဟယ်လီကြယ်တံခွန်ရဲ့ပုံပါ။ စကြဝဠာရဲ့ ထူးခြားဆန်းကြယ်မှုတွေကို ကျုပ်လည်း သိခွင့်ရှိတယ် မဟုတ်လား။
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က