Opinion
တစ်ဖက်လမ်းက နာရေးနှစ်ခု
လွန်ခဲ့သော ၂ နှစ် က
ဇူလိုင် ၁။
မတူညီသည့် တော်လှန်ရေးနယ်မြေနှစ်ခုသို့ ရောက်နေချိန်တွင် နာရေးသတင်းနှစ်ခု ရှေ့ဆင့်နောက်ဆင့် ကြားရသည်။
သူတို့နှစ်ယောက်စလုံးသည် ကျနော်နှင့် အထူးတလည် ရင်းနှီးပတ်သက်မှုများရှိကြသည်။
ကျနော်နှင့် တွေ့ဆုံသည့်ကာလ ကွာခြားသော်လည်း ယင်းတို့နှစ်ယောက်တွင် တစ်ယောက်နှင့်တစ်ယောက် တူညီသည့် အချက်များစွာရှိသည်။
တစ်ဦးက သူငယ်စဉ်က ကျနော်စာသင်ပေးခဲ့ဖူးသည့် တပည့်တစ်ယောက်ဖြစ်ကာ ကျန်တစ်ဦးမှာ ကျနော်နှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆက်ဆံရေးရှိသည့် သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သည်။ သူ့အိမ့်ကိုယ်အိမ် ဝင်ထွက်စားသောက်ကြသူများလည်းဖြစ်သည်။
ကျနော့်မိတ်ဆွေ နှစ်ဦးစလုံး၏ တူညီချက်တစ်ခုမှာ ယင်းတို့၏ မိသားစုတွင် တစ်ဦးတည်းသော သားများ ဖြစ်ကြသည်။
ယင်းတို့နှစ်ဦးစလုံးမှာ စစ်သားများလည်းဖြစ်ကြသည်။
လက်ရှိအချိန်ကာလတွင် အုံနှင့်ကျင်းနှင့် ခုခံတော်လှန်မှုကို ခံနေရသည့် စစ်ကောင်စီ၏ ဘက်တော်သား တနည်း အားဖြင့် လက်ပါးစေ စစ်သားများဖြစ်ကြသည်။ တစ်ဦးက အခြားအဆင့် ကျန်တစ်ဦးမှာ ပြန်တမ်းဝင် အရာရှိ ဖြစ်သည်။
သူတို့နှစ်ယောက် ထပ်မံတူညီသည့်အချက်မှာ တပည့်ဟောင်းဖြစ်သူမှာ အရက်အလွန်အကျွံ သောက်သည့် အတွက် မိဘက စစ်ထဲပို့ရသည့်သူဖြစ်သည်။ သူငယ်ချင်းဖြစ်သူမှာလည်း တက္ကသိုလ်ကျောင်းသားဘဝတွင် အပျော်အပါး လိုက်စားကာ ပိုက်ဆံဖြုန်းလွန်းသည့်အတွက် မိဘက စစ်ထဲထည့်လိုက်သူဖြစ်သည်။
ထိုအကြောင်းအရာ နှစ်ခုသည် သူတို့နှစ်ဦး စစ်တပ်ထဲရောက်သွားသည့် အကြောင်းတရားများဖြစ်သည်။
တပည့်ဖြစ်သူမှာ စစ်ထဲရောက်သည်အထိ အသောက်လည်း မပျက်သလို အသက်လည်း မပျောက်သည့်အတွက် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်တွင် မွန်ပြည်နယ်အတွင်းရှိ တပ်ရင်းတစ်ခုတွင် အခြားအဆင့်ဖြင့် ရှိနေသည်။
ယခုနှစ် ဧပြီလ အစတွင် သူ၏ နာရေးသတင်းကို ကြားလိုက်ရသည်။
ကရင်ပြည်နယ် ရှေ့တန်းတနေရာတွင် ကျဆုံးသွားပြီဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် ကျနော်လည်း ကရင့်တော်လှန်ရေးနယ်မြေတနေရာတွင် ရှိနေခဲ့သည်။
တပည့်ဟောင်း၏ နာရေးကို နေအိမ်တွင် တိတ်တဆိတ်လုပ်ခဲ့ရသည်ဟု ပြန်ကြားရသည်။
အရက်အလွန် အကျွံကြိုက်သည့် အရက်သမားမှာ စစ်မတိုက်လျှင်လည်း အရက်ကြောင့် သေမည်သာဖြစ်သည်။ အရက်သောက်၍ မသေဘဲ စစ်တိုက်၍ သေခဲ့သည့်အတွက် အတော်အတန်မျက်နှာမွဲသည့် နာရေးသည်ပင် မျက်နှာ မငယ်ရသည့် ကျေးရွာတွင် သူ၏ နာရေးမှာ မိသားစုဝင် အနည်းငယ်ဖြင့် တိတ်ဆိတ်စွာ ပြီးဆုံးခဲ့သည်။
နောက်ထပ် နာရေးသတင်းတစ်ခုမှာ တစ်လအကြာဖြစ်သည့် မေလအစတွင် ကျနော့်ထံ ရောက်လာခဲ့သည်။
သူ့နာရေးကတော့ တိတ်တဆိတ်မဖြစ်ခဲ့ပါ။
ရန်ကုန်မြို့ ဆင်ခြေဖုံးတွင်နေထိုင်ပြီး သူအပါအဝင် မိသားစုအားလုံးမှာ ထင်ရှားသူများမဟုတ်ကြသော်ငြား ကျနော့် သူငယ်ချင်း၏ နာရေးမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရသည့် နာရေးတစ်ခုဖြစ်ခဲ့ရသည်။
ခုခံတော်လှန်မှု ပြင်းထန်သည့် ကရင်နီပြည်တွင် ကျဆုံးခဲ့သည့် ပြန်တမ်းဝင်အရာရှိအဆင့်ဆိုသည့်အတွက် မြို့မေတ္တာကို ပိုခံရကာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရခြင်းဖြစ်သည်။
စစ်တိုက်ချင်၍ စစ်ထဲဝင်သွားခြင်းမဟုတ်သည့် ကျနော့်သူငယ်ချင်းအကြောင်းကို ကောင်းစွာသိသည်။ အရာရှိမဖြစ်မီကထဲကပင် သူ့ထံတွင် ချောမောပြီး အနစ်နာခံသည့် ဇနီးသည်ရှိသည်။ သွက်လက်ချက်ချာသည့် သားတစ်ယောက်လည်းရှိသည်။
သူက အခြားအဆင့်မှနေ၍ စာမေးပွဲအဆင့်ဆင့်ဖြေကာ ပြန်တမ်းဝင်အရာရှိဖြစ်လာသူဖြစ်သည်။ အရာရှိဘဝ တွင်တော့ ရှမ်းပြည်တွင် တာဝန်ကျသည်။
အာဏာ မသိမ်းမီကတော့ ရှေ့တန်းရောက်နေချိန်မှာပင် ကျနော်အပါအဝင် သူငယ်ချင်းများနှင့် ဗွီဒီယိုမက်စေ့ ပို့ကာ သူအဆင်ပြေကြောင်း အမြဲပြောသည်။ မကြာခဏမဟုတ်သောလည်း ခွင့်ရ၍ အပြင်မှာ တွေ့ဖြစ်သည့် အချိန်များတွင်လည်း စစ်တပ်အတွင်း အကြောင်းများ နိုင်ငံရေးအကြောင်းများကို လုံးဝ ပြောတတ်သူမဟုတ်ဘဲ အခြားထွေရာလေးပါး ပျော်စရာ အကြောင်းများကိုသာ ပြောလေ့ရှိသည်။
အာဏာသိမ်းပြီးနောက် အခေါ်အပြောမလုပ်တော့သော်လည်း လူမှုကွန်ယက်တွင်တော့ သူ့ကို သူငယ်ချင်း အဖြစ်မှ ဖယ်ထုတ်ခြင်းကို မလုပ်ခဲ့ပေ။ သူ၏ ဖေ့ဘုတ်ကလည်း နိုင်ငံရေးအကြောင်းအရာများထက် သူစွဲလမ်း သည့် ဂိမ်းအကြောင်းအရာများကသာ နေရာယူထားသည်။
သူကျဆုံးသွားပြီဟု သတင်းကြားရချိန်တွင် ကျနော်သည်လည်း ကရင်နီ စစ်မြေပြင်တစ်နေရာတွင် ရှိနေခဲ့သည်။ သူ့နာရေးသည် လူမှုကွန်ယက်တွင် လူပြောများစရာ ကိစ္စတစ်ခုဖြစ်သော်လည်း တစ်ပတ်လောက်ကြာမှ ကျနော့်ထံရောက်လာခဲ့ခြင်းဖြစ်သည်။ လျှောက်သည့်လမ်းခြင်းမတူသော်လည်း သူငယ်ချင်းအတွက် အတော် လေး ဝမ်းနည်းမိသည်။
စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ယင်းတို့၏ တစ်ဦးတည်းသောသားများဖြစ်သည့် သူတို့နှစ်ဦး၏ နောက်ဆုံးမျက်နှာ ကိုပင် မိသားစုက မမြင်ခဲ့ရပေ။ ယင်းတို့၏ အသုဘ အခမ်းအနားမှာလည်း စစ်သားတစ်ယောက်၏ ဂုဏ်သိက္ခာ ကို မရခဲ့ပေ။
စစ်ပွဲ၏ အခြားတစ်ဖက်တွင် ထိုင်နေရင်း တပည့်ဖြစ်သူနှင့် သူငယ်ချင်းဖြစ်သူတို့၏ နာရေးကို ကြားရချိန်တွင် တွေးမိသည်က ယင်းတို့ကို သတ်ဖြတ်သူမှာ အတိုက်အခံအုပ်စုများမဟုတ်ပါ။ သူတို့ကိုယ်တိုင် ဖက်တွယ်ထား သည့် စစ်တပ်ကြီးပင်ဖြစ်သည် ဟူ၍ဖြစ်သည်။
ပြည်သူတို့၏ အော့နှလုံးနာဖြစ်နေသည့် စစ်တပ်ကို ဖက်တွယ်ထားသည့်အတွက် သူတို့လိုပင် နေ့စဉ်သေဆုံးသူ များစွာ ရှိပါလိမ့်မည်။ သို့ရာတွင် သူတို့ မိသားစုများထံတွင်တော့ ထပ်မံဆုံးရှုံးစရာ သားတစ်ယောက်မရှိတော့ပါ။
အဓမ္မနှင့် ဓမ္မဟူ၍ လမ်းခွဲခဲ့သည့်အတွက် ထိုတစ်ဖက်လမ်းက နာရေးနှစ်ခုထံ ကျနော် မရောက်ခဲ့ပါ။
ပုံစာ- အာဏာသိမ်းမှုဖြစ်ခဲ့သည့် ၂၀၂၁ အစောပိုင်းကာလ ရန်ကုန်မြို့တွင် ဆန္ဒပြသူများကို စောင့်ကြည့်နေသည့် စစ်သားများ
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က