Opinion
မင်းတို့ဦးနှောက် ၈၈၊ ငါတို့ ဦးနှောက် ၂၁
လွန်ခဲ့သော ၄ နှစ် က
သြဂုတ် ၈။
ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ ပထမဆုံးအကြိမ် အင်အားအကြီးမားဆုံး လူထု အုံကြွမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး ၃၃ နှစ်ပြည့် (ယခု ၂၀၂၃ တွင် ၃၅ ) နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လူထုတရပ်လုံး ထကြွခဲ့တာကို အစွဲပြုပြီး ရှစ်လေးလုံးလို့ လူထုအရေးတော်ပုံလို့ ခေါ်ခဲ့ကြတာပါ။
ရှစ်လေးလုံးရဲ့ တောင်းဆိုမှုတွေမရသေးခင်၊ ကြွေးကြော်သံတွေ မစဲသေးခင်၊ ကတ္တရာလမ်း ပေါ်ကျခဲ့တဲ့ ပြည်သူတွေရဲ့ သွေးတွေ မခြောက်သေးခင်မှာပဲ ၂၁ ရာစုရဲ့ အာဏာရှင် လက်သစ် တွေကြောင့် မြန်မာပြည်ဟာ စတုထ္ထအကြိမ် စစ်ကျွန်ဘဝရောက်ခဲ့ရပါတယ်။
နှစ်ပေါင်း သုံးဆယ်ကျော်ကြာခဲ့ပေမယ့် ရှစ်လေးလုံးကနေ လက်ဆင့်ကမ်းခဲ့တဲ့ တော်လှန်ရေး သန္ဓေဟာ ယနေ့ မြင်နေရတဲ့ မျိုးဆက်တွေမှာ ကိန်းအောင်းနေဆဲဖြစ်ပါတယ်။
၈၈ နဲ့ ၂၁ ဒီမိုကရေစီရေး တောင်းဆိုတဲ့ အနှစ်သာရခြင်းတူပေမယ့် တော်လှန်ရေးရဲ့ ပုံပန်း သဏ္ဍန်ကတော့ များစွာကွာခြားသွားခဲ့ပါပြီ။
၁၉၈၈ က အမူအကျင့်တွေ၊ အတွေးအခေါ်ဟောင်းတွေ၊ သပ်လျိုသွေးခွဲမှုတွေဟာ အာဏာရှင်တွေနဲ့ သူ့ရဲ့ လက်ပါးစေတွေဆီမှာပဲ ကျန်နေခဲ့ပါတော့တယ်။
ဒါကြောင့်ပဲ “မင်းတို့ဦးနှောက် ၈၈၊ ငါတို့ ဦးနှောက် ၂၁” ဆိုပြီး ဂျန်နရေးရှင်းဇက်လို့ သိမှတ်ထားကြတဲ့ ၂၁ ရာစုရဲ့ တော်လှန်ရေးမျိုးဆက်တွေက ကြွေးကြော်အံတုနေကြတာပါ။
၈၈ နဲ့ ၂၁ ဘာတွေ တူညီပြီး ဘာတွေ ကွာခြားသွားခဲ့ပြီလဲဆိုတာကို စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်နဲ့ ကြုံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာထင်ရှားစွာ တွေ့နိုင်ပါတယ်။
အာဏာသိမ်းမှု အကြိမ်ကြိမ်နဲ့ အာဏာယစ်မူးတဲ့ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အကြောင်းပြချက်များ
လွတ်လပ်ရေးရပြီးကထဲကဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုလေးကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် စစ်အာဏာသိမ်းမှုကြီးက ၁၉၅၈ ခုနှစ် မှာ ပေါ်ပေါက်ခဲ့တာပါ။
အာဏာရ ဖဆပလ ပြိုကွဲပြီးနောက် ၁၉၅၈ အောက်တိုဘာမှာ ပြည်သူ့လွှတ်တော် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးနုအပါအဝင် အစိုးရတဖွဲ့လုံး ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြု တင်မြှောက်ခဲ့တာကနေ စခဲ့တာပါ။
ရလဒ်အဖြစ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး ပါတဲ့ အိမ်စောင့် အစိုးရဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။
“နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် နိုင်ငံ စစ်မီး တောက်မယ့်ဘေးက ထိန်းတယ်”
“နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ဂိုဏ်းဂဏကွဲပြားမှုတွေကြောင့် နိုင်ငံ စစ်မီး တောက်မယ့်ဘေးက ထိန်းတယ်” ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံတော် အာဏာကို ယူခဲ့တာဖြစ်ပါတယ်။
အဲဒီလို အာဏာယူရာမှာလည်း စစ်တပ်ကလူတွေနဲ့ပဲ အစိုးရဖွဲ့တယ်ဆိုတဲ့ သဘောမပြလိုတဲ့အတွက် အိမ်စောင့်အစိုးရအဖွဲ့ထဲမှာ အရပ်သားတွေကို ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားမဟုတ်တဲ့သူတွေကို အစိုးရလုပ်ဖို့ စတင်ပွဲထုတ်ခဲ့တာဖြစ်ပြီး အကျိုးဆက်အနေနဲ့ အဲဒီ မျိုးဆက်ရဲ့ အမွေဆိုးကို ယနေ့တိုင် ခံနေရဆဲဖြစ်ပါတယ်။
အိမ်စောင့် အစိုးရ အနေနဲ့ ၁၉၆ဝ ခုနှစ် ဧပြီလ အထိ ၁၈ လတာ တိုင်းပြည် အာဏာကို သိမ်း ခဲ့ပါတယ်။
ဒုတိယအကြိမ်
ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုကတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။
သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနုတို့အပြင် အခြားဝန်ကြီး ငါးဦး၊ တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ်နှင့် ရှမ်း၊ ကရင်နီတိုင်းရင်းသားခေါင်းဆောင် ၃၀ ကျော်ကို ထိန်းသိမ်းပြီး စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တာပါ။
“ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်၍” ဆိုပြီး အကြောင်းပြချက်ပေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် မတ် ၂ ရက် နံနက်ပိုင်းမှာ မြန်မာ့အသံရေဒီယိုကတစ်ဆင့် ဗိုလ်ချုပ်ကြီး နေဝင်းက မိန့်ခွန်းပြောကြားခဲ့ရာမှာ “ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်၍” ဆိုပြီး အကြောင်းပြချက်ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရ တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရဟာ နိုင်ငံတော်အာဏာကို ၁၂ နှစ်ကြာ ချုပ်ကိုင်ခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံကို တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုကြီးကို အဓိကကြိုးကိုင် ဦးစီးခဲ့ သူကတော့ ဗိုလ်ချုပ်ကြီးနေဝင်း ပဲ ဖြစ်ပါတယ်။

တတိယအကြိမ်
မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရှည်ကြာဆုံးစစ်အုပ်ချုပ်မှုကို စတင်ခဲ့တဲ့ တတိယအကြိမ် စစ်အာဏာ သိမ်းမှုကြီးကတော့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် မှာ ပေါ်ပေါက်ခဲ့တာပါ။
အဲဒီ တတိယအကြိမ် အာဏာ သိမ်းမှု ကိုတော့ ဗိုလ်ချုပ်ကြီး စောမောင် က ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ တရားဝင်အားဖြင့် ပြောဆိုကြပေမဲ့လည်း စစ်ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့စနက်တော့ မကင်းခဲ့ပါဘူး။
"နိုင်ငံတော်တဝှန်း၌အဘက်ဘက်မှယိုယွင်းနေသောအခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော် အာဏာအရပ်ရပ်ကို ထိန်းသိမ်း လိုက်သည်" ဆိုပြီး စစ်တပ်က ထပ်မံအကြောင်းပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လို့ အမည်တပ်ထားတဲ့ နဝတအစိုးရ ပေါ်ပေါက် ခဲ့ပါတယ်။
“ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြီးရင် တပ်မတော်ဟာ ဘားတိုက်ကို ပြန်မှာ ဖြစ်တယ်”
“ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြီးရင် တပ်မတော်ဟာ ဘားတိုက်ကို ပြန်မှာ ဖြစ်တယ်” လို့ အဲဒီအချိန်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။ နောက်ဆုံး တော့သူပဲ စစ်တပ်ကနေ ထွက်ခဲ့ရပါတယ်။ စစ်တပ်ကတော့ နောင်နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် အာဏာသိမ်းထားခဲ့ပါတယ်။
တတိယအကြိမ် အာဏာသိမ်းမှုမှာ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က အုပ်ချုပ်ခဲ့သူ၊ တာဝန်ရှိခဲ့သူ တစ်ဦးတစ်ယောက်ကိုမှ အရေးယူ အပြစ်ပေးတာမျိုးမရှိခဲ့ပါဘူး။ ဒါကိုကြည့်ရင် အာဏာရှင်တွေ အချင်းချင်း ကြိုတင်စည်းဝါးရိုက်ထားမှုကို တွေ့ရမှာပါ။
လေးကြိမ်မြောက် အာဏာသိမ်းမှု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ မဲမသမာမှုတွေ ကျူးလွန်ပြီး နိုင်ငံတော် အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ခေါင်းအောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပါတယ်။
အာဏာသိမ်းတာလို့ သုံးနှုန်းရင် ဆတ်ဆတ်ထိမခံတဲ့ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်း ပြီးပြီးချင်းမှာပဲ အရပ်သားအချို့ပါတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့ပါတယ်။
အဲဒီနောက် ခြောက်လအကြာမှာပဲ သွားလေသူ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ခြေရာအတိုင်း အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။
“အချိန်တန်ရင် ရွေးကောက်ပွဲကျင်းပပေးပြီး အာဏာပြန်ပေးမှာ” ဆိုတဲ့ ဘယ်သူမှ မယုံနိုင်တဲ့ ကတိတွေကိုလည်း သူက ပေးနေဆဲဖြစ်ပါတယ်။
“အချိန်တန်ရင် ရွေးကောက်ပွဲကျင်းပပေးပြီး အာဏာပြန်ပေးမှာ” ဆိုတဲ့ ဘယ်သူမှ မယုံနိုင်တဲ့ ကတိတွေကိုလည်း သူက ပေးနေဆဲဖြစ်ပါတယ်။
ရှစ်လေးလုံးနဲ့ ၂၁ ရာစု နှစ်ငါးလုံး လူထုအုံကြွမှုကြီး
၁၉၈၈ လူထု လှုပ်ရှားမှုဟာ မတ်လဆန်း ကတည်းက အစပြု ခဲ့တာပါ။
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့တဲ့ အရေးအခင်းနဲ့ တံတားဖြူ အရေးအခင်းတွေမှာ ဆန္ဒပြ ကျောင်းသားနဲ့ အရပ်သားတွေ ဖြိုခွဲခံခဲ့ရပြီးနောက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို အန်တု ဆန့်ကျင်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီလှုပ်ရှားမှုတွေ နောက်ကွယ်မှာ နှစ်ပေါင်း ၂ဝ ကျော် နိုင်ငံရေး၊ စီးပွားရေး ဖိနှိပ် ခံရမှုတွေနဲ့ ကျပ်တည်းမှုတွေက ရှိနေခဲ့ပါတယ်။
အဲဒီအချိန်ကလည်း လူစုလူဝေးမဖြစ်အောင် စစ်ဥပဒေတွေ ထုတ်ထားပေမယ့် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။
ရှစ်လေးလုံးနေ့ရယ်လို့ဖြစ်လာမယ့်နေ့မှာတော့ လူတန်းစားအလွှာစုံ၊ မြန်မာတပြည်လုံး တောရောမြို့ပါမကျန် လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ်။
စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် လူထုလှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ရပေမယ့် ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် နိုင်ငံကို ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ မဆလအစိုးရဟာ အာဏာကို လက်လွှတ် ခဲ့ရပါတယ်။
စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် လူထုလှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ရပေမယ့် ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် နိုင်ငံကို ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ မဆလအစိုးရဟာ အာဏာကို လက်လွှတ် ခဲ့ရပါတယ်။
၂၁ ရာစုရဲ့ နှစ်ငါးလုံး
၂၁ ရာစု လူထု လှုပ်ရှားမှုကြီးရဲ့ အစ လမ်းပေါ်ထွက် ဆန္ဒပြမှုဟာ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး လေးရက်မြောက်နေ့မှာ စတင်ခဲ့ပါတယ်။
၂၂.၂.၂၀၂၁ ကိုတော့ နှစ်ငါးလုံးနေ့လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံးမှာ လူထု သန်းနဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
“ဆန္ဒပြတာ အာဏာသိမ်းလို့” ဆိုပြီး တော်လှန်ရေးမျိုးဆက်သစ်တွေကို ဟစ်အော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ကို ဖီဆန်အံတုတဲ့နေရာမှာ ၈၈ ထက် ၂၁ မှာ ပိုမိုအားကောင်းတာကတော့ ဆရာဝန်တွေ၊ ဆရာ ဆရာမတွေ၊ အခြားခြားသော နိုင်ငံဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ အရှည်ကြာဆုံးနဲ့ တက်တက်ကြွကြွနေကြတာဖြစ်ပါတယ်။ ဒါကြောင့် CDM သမားတွေ အတွက် နိုဗယ်လ်ငြိမ်းချမ်းရေးဆုမှာ အမည် စာရင်းတင်သွင်းခြင်းခံခဲ့ရပါတယ်။
ဒီလိုပဲ အာဏာသိမ်းပြီး ၆ လတိုင်လာသည့်တိုင် ဘယ်လိုပဲ အခက်အခဲတွေရှိရှိ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေက အနယ်နယ် အရပ်ရပ်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ နည်းပညာဖွင့်ဖြိုးလာမှုကလည်း မြန်မာ့နွေဦးတော်လှန်ရေးကို အရှိန်ကောင်းကောင်းမှာ ဆက်ရှိနေစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
အာဏာရှင်တို့ရဲ့ အကြမ်းဖက် ဖြိုခွင်းခြင်းများ
၁၉၈၈ စက်တင်ဘာမှာ အာဏာသိမ်းပြီးနောက်မှာတော့ နဝတဟာ သပိတ်စခန်းမှန်သမျှကို အကြမ်းဖက် ဖြိုခွင်းပါတော့တယ်။
ရန်ကုန်တမြို့လုံးရဲ့ ရပ်ကွက်အသီးသီးက လမ်းမကြီးတွေ လမ်းသွယ်တွေမှာ ပိတ်ဆို့ကာရံထားတဲ့ အကာအရံအတားအစီးတွေကို သံချပ်ကာကားတွေအပါအဝင် စစ်ကားတွေနဲ့ ရှင်းလင်း ဖြိုဖျက် ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။
သြဂုတ် ၈ ရက်မှာ ရန်ကုန်နဲ့မြို့ အတော်များများမှာ လူထောင်သောင်းချီ ဆန္ဒပြကြပါတယ်။ ရှစ် လေးလုံး ဖြစ်တဲ့ရက်ကစပြီး ၄ ရက် ဆက်တိုက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
သေနတ်နဲ့ပစ်ခတ်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် ကျောင်းသားကျောင်းသူတွေ အပါအဝင် ရာနဲ့ချီတဲ့ ပြည်သူလူထုတွေ ရဟန်းသံဃာတွေ ထိခိုက်သေကြေ ဒဏ်ရာရခဲ့ပြီး သွေးမြေကျ ခဲ့ရပါတယ်။
" အာဏာသိမ်းမှုကြီးအတွင်း သေဆုံးရသူ ၁၅ ဦးပဲ ရှိခဲ့တယ်" ဆိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ပြောဆိုချက်ဟာ ၈၈ ကာလ လူထုကြားမှာ ပြက်လုံးတခု ဖြစ်ခဲ့ရပါတယ်။
" အာဏာသိမ်းမှုကြီးအတွင်း သေဆုံးရသူ ၁၅ ဦးပဲ ရှိခဲ့တယ်" ဆိုတဲ့ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ပြောဆိုချက်ဟာ ၈၈ ကာလ လူထုကြားမှာ ပြက်လုံးတခု ဖြစ်ခဲ့ရပါတယ်။
၂၁ ရာစု အာဏာသိမ်းမှုမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ လက်ပါးစေတွေဟာ အာဏာသိမ်းပြီး သုံးပတ်အကြာမှာပဲ ပစ်ခတ်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ခြောက်လ အကြာမှာတော့ လူပေါင်း ၁၀၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာလည်း ပြည်သူတွေရဲ့ ကျန်းမာရေးကို လျစ်လျူရှုခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ နေ့စဉ်ထောင်နဲ့ချီရှိခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး
၈၈ မှာရော ၂၁ မှာပါ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ကျောင်းသား ကျောင်းသူတွေ အများအပြား အပါအဝင်၊ ဒီမိုကရေစီလိုလား သူအမြောက်အများ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံ နယ်စပ်ဆီအပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာဒေသကို တိမ်းရှောင် တောခိုမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။
၈၈ ကာလ တောခိုသွားကြတဲ့ ကျောင်းသားလူငယ်တွေစုပေါင်းပြီး ကျောင်းသားတပ်မတော်ကို ကေအင်န်ယူ ထိန်းချုပ်ရာ ဝမ်ခတပ်စခန်းမှာ ထူထောင်ခဲ့ပါတယ်။
သို့သော်လည်း အဲဒီအချိန်ကာလ သွေးခွဲသပ်လျိုမှုတွေ အချင်းချင်း စိတ်ဝမ်းကွဲမှုတွေကြောင့် ကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ ကြီးကြီးမားမား အောင်မြင်မှုမရခဲ့ဘဲ အရုပ်ဆိုးအကျည်းတန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
၂၁ ရာစုမှာတော့ ၈၈ ကာလ သင်ခန်းစာတွေကိုယူပြီး အနယ်နယ်အရပ်ရပ်က လူငယ်တွေဟာ စစ်သင်တန်းတွေတက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပိုမို စနစ်တကျဖွဲ့စည်းလာခဲ့ပါတယ်။ ဖွဲ့စည်းပြီး နောက်မှာလည်း ရရာလက်နက်တွေနဲ့ စစ်အာဏာရှင်တွေ ကြောက်ဒူးတုန်အောင် လုပ်ပြနေဆဲဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော်ဆိုတာကို ယခုနှစ် မေလ ၅ ရက်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အာဏာရှင်တွေရဲ့ မဟုတ်မမှန် ဝါဒဖြန့်မှု
ရှစ်လေးလုံးကာလအတွင်း မင်းမဲ့စရိုက်ပုံစံ လုယက် သတ်ဖြတ်တာတွေကိုလည်း “လှိုင်းကြီး လေထန် ဖြစ်ရပ်မှန်” ဆိုပြီး စစ်အစိုးရခေတ်မှာ ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့အပြင် သတင်းစာတွေကနေလည်း ဝါဒအမျိုးမျိုးဖြန့်ပြီး တော်လှန်ရေးကို ဂုဏ်သရေညိုးအောင် မှေးမှိန်အောင်ကြိုးစားခဲ့ကြပါတယ်။
ဒါ့အပြင် ပါပီမ ဇာတ်ကားကို ရိုက်ကူးပြသပြီး ကျောင်းသား ခေါင်းဆောင်တွေ အကျင့်ပျက်ခြစားနေသယောင်၊ ကျောင်းသူတွေ ဘဝပျက်ကုန်သယောင်ဆိုတဲ့ ပုံရိပ်တွေ မြင်လာအောင် ဝါဒဖြန့်ခဲ့ကြပါတယ်။
ယခု ၂၁ ရာစု နည်းပညာခေတ်မှာလည်း အာဏာရှင်တွေဟာ အင်တာတွေဖြတ်တောက် သတင်းအမှောင်ချ တဲ့အပြင် ပြည်သူတွေကို လိမ်လို့ရဦးမယ် အထင်နဲ့ အပိုင်စီးထားတဲ့ သတင်းစာတွေ ရုပ်မြင်သံကြားတွေ ရေဒီယိုတွေကနေ မဟုတ်မမှန် ဝါဒဖြန့်နေဆဲဖြစ်ပါတယ်။
အဝေးရောက် အစိုးရများ
ရှစ်လေးလုံးအပြီး နှစ်နှစ်အကြာ ၁၉၉၀ မှာကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီကို စစ်တပ်က အာဏာလွှဲမပေးခဲ့ပါဘူး။
၁၉၉၀ ဒါကြောင့် ရွေးကောက်ပွဲအပြီး ၂ လအကြာ ဇူလိုင်လမှာ အနိုင်ရ ဒီချုပ်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိအဖွဲ့ဝင်တွေဟာ ဗိုလ်အောင်ကျော်လမ်းက ဂန္ဒီခန်းမမှာ ပြုလုပ်ခဲ့တဲ့ “ဂန္ဒီညီလာခံကြီးကနေ ပြည်သူ့လွှတ်တော်ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး တိုင်းပြည်အာဏာကို လွှဲပြောင်းရယူနိုင်ဖို့၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ပြီး နဝတ စစ်အစိုးရ ကို တောင်းဆိုခဲ့ပါတယ်။
“ပြည်သူ့လွှတ်တော်ကို ခေါ်မပေးနိုင်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးနိုင်၊ မဆွေးနွေးနိုင်၊ ၁/၉၀ ကို ထောက်ခံလက်မှတ်ထိုးရမည်၊ မလိုက်နာပါက ဖြိုခွင်းပစ်မည်"
နဝတအတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်ကတော့ “ပြည်သူ့လွှတ်တော်ကို ခေါ်မပေးနိုင်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးနိုင်၊ မဆွေးနွေးနိုင်၊ ၁/၉၀ ကို ထောက်ခံလက်မှတ်ထိုးရမည်၊ မလိုက်နာပါက ဖြိုခွင်းပစ်မည်” ဆိုတဲ့ စာမျက်နှာ ၁၃ မျက်နှာပါ စာတစောင်နဲ့ တုန့်ပြန်ခဲ့ပါတယ်။
ဂန္ဒီညီလာခံနောက်ပိုင်းမှာ စစ်တပ်ကနေပြီး အန်အယ်လ်ဒီ အနိုင်ရကိုယ်စားလှယ်တွေကိုဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချခံရတာလုပ်လာတာကြောင့် ထိန်းသိမ်းခံသူတွေရှိခဲ့သလို ထွက်ပြေးတိမ်းရှောင် ရတာတွေလည်း ဖြစ်ခဲ့ကြပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရကအသိအမှတ်မပြုမှုကြောင့် စင်ပြိုင်အစိုးရ လို့ နာမည်ကြီးခဲ့တဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)” ကိုပေါ်ပေါက် စေခဲ့ပါတယ်။
၁၉၉၀ ဒီဇင်ဘာ ၁၈ ရက် မာနယ်ပလော ဒေသမှာပဲ အန်အယ်လ်ဒီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချိုနဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်ချို့တို့နဲ့ NCGUB ကိုဖွဲ့စည်းခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်း ဝန်ကြီးချုပ်ဖြစ်တဲ့ NCGUB ဟာ နောက်ပိုင်းမှာ အမေရိကကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး အဝေးရောက် အစိုးရအဖွဲ့အနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ပြည်ပကနေလှုပ်ရှားခဲ့ကြပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အန်အယ်ဒီ ဝင်ပြိုင်ပြီးနောက်မှာတော့ စင်ပြိုင်အစိုးရကို ၂၀၁၂ စက်တင်ဘာမှာ ဖျက်သိမ်းခဲ့ပါတယ်။
NUG
၂၁ ရာစု အာဏာသိမ်းမှုမှာလည်း အစိုးရအဖွဲ့ဝင် အန်အယ်လ်ဒီ ခေါင်းဆောင် အတော်များများ အဖမ်းခံခဲ့ရပါတယ်။
သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲဒီကမှ တဆင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဧပြီ ၁၆ ရက်က လွတ်မြောက်နယ်မြေမှာ ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုဆိုရင် ဝန်ကြီးဌာန ၁၆ ခုနဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း ထိတွေ့ဆက်ဆံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်တာတွေ့ရပါတယ်။
ဒီမိုကရေစီ ရရှိရေး…. စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး… ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး
ရှစ်လေးလုံး လှုပ်ရှားမှု အကျိုးဆက် အနေနဲ့ အနှစ် ၃ဝ နီးပါး ကြာမြင့်ခဲ့ပြီးနောက် မြန်မာ နိုင်ငံမှာ အရပ်သား စစ်စစ် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီလို အစိုးရတရပ် ပြန်ပေါ်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း စစ်တပ်ကစိတ်ကြိုက်ရေးခဲ့တဲ့ ဖွဲ့စည်းပုံအောက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်လို့ ယနေ့လို အခြေအနေမျိုးနဲ့ တဖန်ပြန်ပြီး ကြုံတွေ့နေရပါတယ်။
ထစ်ကနဲရှိ စစ်တပ်က အာဏာသိမ်းတဲ့စနစ် ဆက်အမြစ်တွယ်နေရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်ရင့်ကျက်မှုသာမက ဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်း နှောင့်နှေးလာမှာဖြစ်တဲ့အပြင် ဖိနှိပ်မှုတွေ မငြိမ်မသက်မှုတွေဟာလည်း ဆက်အမြစ်တွယ်နေနိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းနဲ့လည်း ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ၂၁ ရာစုရဲ့ တော်လှန်ရေးမှာပါဝင်နေကြသူတွေက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုပြီး ကြွေးကြော်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။
“တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်” ဆိုတဲ့အတိုင်း ၂၁ ရာစုရဲ့ မြန်မာ့နွေဦးတော်လှန်ရေးသာမက တော်လှန်ရေး အဆက်ဆက် တာဝန်ကျေခဲ့ကြတဲ့ ပြည်သူတွေအတွက် အောင်ပွဲဆိုတာ မလွဲမသွေရောက်လာဦးမှာပါ။
၁၉၈၈ က အတွေးအခေါ် အမူအကျင့်တွေနဲ့ အနိုင်ကျင့်အုပ်ချုပ်တာကို ဘယ်သူကမှ မလိုလား တော့တာကြောင့်ပဲဖြစ်ပါတယ်။
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က