bap-logo
Opinion

မုဒိမ်း ( သို့မဟုတ်) ယုတ်မာသော စစ်ဗျူဟာ

-BIYFOnauNIAMCtgwjjFQ-image

လွန်ခဲ့သော ၂ နှစ် က

မကြာသေးခင်က စစ်ကိုင်းမြို့နယ်ထဲက PDF စခန်းတချို့ ညဘက်မှာအလစ်အငိုက် ဝင်စီးခံရပြီး တော်လှန်ရေး တပ်သားတချို့ အသတ်ခံရမှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့အနက် ကင်းတော်ရွာစခန်းကို ဝင်စီးတဲ့ဖြစ်စဉ်မှာ တော် လှန်ရေး ရဲမေနှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေက မသတ်ခင်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်၊ သတ်ပြီးတော့ ဝတ်လစ်စားလစ်နဲ့ အလောင်းတွေကို လူမြင်ကွင်းမှာ ထားခဲ့တဲ့ သတင်းဖတ်ရမိတယ်။

 

အဲဒီသတင်းဖတ်ရတော့ သင်တန်းတစ်ခုမှာ ဆရာမတစ်ယောက် ဆွေးနွေးခဲ့ဖူးတဲ့ အကြောင်းသွားသတိရမိတယ်။ အဲဒီတုန်းက ဆရာမက University of the Philippines မှာ ပါရဂူဘွဲ့အတွက် ကျမ်းရေးနေတာပါ။ သူလုပ်နေတဲ့ သုတေသနက စစ်ပွဲအတွင်း အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတဲ့ ဖြစ်စဉ်တချို့အပေါ် Rape as a weapon of war (စစ်ပွဲအတွင်း မုဒိမ်းကျင့်မှုကို လက်နက်တစ်ခုအဖြစ်သုံးခြင်း) ရှုထောင့်ကနေလေ့လာတဲ့ သုတေသန စာတမ်း တစ်ခုပါ။ နောက်ပြီး ဆရာမက ဣတ္ထိယဝါဒ (feminism) သီအိုရီ တချို့ကိုလည်း ထည့်သွင်းအသုံးပြုထား တယ်လို့ ဆိုတယ်။

 

အဲသည်မတိုင်ခင်အထိ ကျနော့်စိတ်ထဲ စစ်ဖြစ်ပွားရာဒေသတွေမှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုတွေဟာ လက်နက်ကိုင် တွေရဲ့ ရမ်းကားမှုသက်သက်၊ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုမျှပဲလို့ ထင်ခဲ့မိတယ်။ တစ်ချိန်ကလည်း ကမ္ဘာမှာ ဒီလိုပဲ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဒါဟာ ကျူးလွန်သူတွေရဲ့ လိင်အလို ဆန္ဒသက်သက်အတွက် မဟုတ်ဘဲ တစ်ဖက်ရန်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ဦးတည်ကျူးလွန်တာ (psychological warfare) ဖြစ်တယ်လို့ သတ်မှတ်လိုက်ကြတယ်။ ဒါဟာ လူမျိုးတမျိုး၊ ဒေသတခုရဲ့ အမွန်အမြတ် အထိမ်းအမှတ် အဆောက်အအုံတွေ၊ အမွေအနှစ်တွေကို ဖျက်ဆီးပစ်ခြင်းလို သဘောမျိုးပါပဲ။

 

ဆရာမက ပြောတယ်။ အစဉ်အလာ လူ့အဖွဲ့အစည်းတွေမှာက အမျိုးသမီးတွေကို ရပ်ရွာရဲ့ အဆင်တန်ဆာတစ်ခု အဖြစ် သဘောထားကြတယ်။ ရပ်ရွာက စောင့်ရှောက်ပေးရသူတွေအဖြစ် သတ်မှတ်ကြတယ်။ လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) စစ်ပွဲတွေ ဖြစ်တဲ့အခါ ရန်သူ့ဘက်တော်သား အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို စော်ကား ပြခြင်းဖြင့် ရန်သူရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးပစ်လိုက်တဲ့နည်းကို သုံးတာဟာ စစ်ရဲ့ အဓိကလက်နက်တစ်ခုလည်း ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး မဟုတ်ဘူး။ စစ်ဗျူဟာတွေထဲမှာကို ဒါက ပါပြီးသားပဲ။

 

စစ်ဖြစ်တဲ့အခါ မိန်းမတွေ မုဒိမ်းကျင့်ခံရတာဟာ လူ့သမိုင်းအစကတည်းကပဲ။ Hunter/gatherer လို့ ခေါ်တဲ့ ယောက်ျားက အမဲလိုက်၊ မိန်းမက ဟင်းရွက်ခူးတဲ့ ခေတ်ကတည်းက လူရိုင်းတစ်စုဟာ တခြားလူရိုင်းတစ်ရွာကို ဝင်ဖျက်ဆီးတဲ့အခါ ယောက်ျားတွေကို သတ်မယ်၊ မိန်းမတွေကို မုဒိမ်းကျင့်မယ်။ ဒီထုံးစံက ခုထိပဲ။ ဒုတိယ ကမ္ဘာ စစ်မှာ၊ ရဝမ်ဒါမှာ၊ ယူဂိုစလားဗီးယားမှာ ဘယ်လက်နက်ကိုင် ပဋိပက္ခကိုပဲ ကြည့်ကြည့် အမျိုးသမီးတွေ အစုလိုက် အပြုံလိုက် မုဒိမ်းကျင့်ခံရတဲ့ ဖြစ်စဉ်တွေက အမြဲဒွန်တွဲနေတယ်။ စစ်ပွဲမှာ တစ်ဖက်ဖက်က အဲသလို တခြားတစ်ဖက်ရဲ့ အမျိုးသမီးတွေကို စော်ကားပြခြင်းဖြင့် ခံရတဲ့ဘက်က တိုက်ခိုက်နေသူတွေဟာ စိတ်ရိုက်ချိုး ခံရတယ်။ အကျိုးဆက်က ခံလိုက်ရတဲ့ဘက်က တိုက်ခိုက်ရေးသမားတွေဟာ မခံချင်ဒေါသတွေနဲ့ ကမူးရှူးထိုး ပြန်တုံ့ပြန်ရင်း စစ်ရေးအရ အမှားကျူးလွန်တာမျိုး ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် စိတ်ဓာတ်ကျပြီး အရှုံး လုံးလုံး ပေးလိုက်တာလည်း ဖြစ်ရင်ဖြစ်မယ်။

 

ဒါကြောင့် တစ်ဖက်ရန်သူရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးတဲ့နည်းတွေထဲမှာ ရန်သူဘက်က မိန်းမတွေကို မုဒိမ်းကျင့်ပြ တာဟာလည်း အတော်ထိရောက်တဲ့ ဗျူဟာတစ်ခုဖြစ်တာကြောင့် ထည့်သွင်းအသုံးပြုကြတယ်။ ဒါကြောင့် လည်း စစ်ပွဲအတွင်း ပြုကျင့်တဲ့ မုဒိမ်းမှုကို စစ်ရာဇဝတ်မှု (war crime) ထဲမှာ ထည့်သွင်းပြီး crimes against humanity (လူသားတစ်မျိုးလုံးကို ကျူးလွန်စော်ကားမှု) အနေနဲ့ပါ အရေးယူ အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာ ဥပဒေက ပြဋ္ဌာန်းထားတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရဲ့ အရေးယူနိုင်ခွင့်ထဲမှာ ဒါလည်း ပါတာပေါ့။

 

စစ်ကိုင်းက ကင်းတော်ရွာဖြစ်စဉ်မှာတော့ ကျူးလွန်ခံရသူ ဦးဟာ အရပ်သားပြည်သူမဟုတ်ဘဲ ရဲမေ ဖြစ်နေတယ်။ တိုက်ခိုက်ရေးသမားလား၊ တခြားတာဝန်ယူထားသူလား မသိရဘူး။ မည်သို့ဆိုစေ တခြား ပြည်သူ့ ကာကွယ်ရေး ရဲဘော်တွေကို သတ်ပြီး အလောင်းမီးရှို့ဖျောက်ဖျက်ပစ်ပေမဲ့ ရဲမေ ဦး အလောင်းကိုတော့ မီးမရှို့ဘဲ ဝတ်လစ်စားလစ်နဲ့ ထားခဲ့တယ်ဆိုတာကိုက ရည်ရွယ်ချက်ပါတာ မြင်နိုင်မယ်။ အထက်ပါ rape as a weapon of war အရဆို ရန်သူကို demoralize/humiliate (အရှက်ရအောင်/စိတ်ဓာတ်ပျက်ပြားအောင်) လုပ်တာပေါ့။

 

နွေဦးတော်လှန်ရေးထဲမှာ အမျိုးသမီးတွေအများအပြားလည်း တက်တက်ကြွကြွပါဝင်ကြတယ်။ တချို့လည်း ကိုယ်တိုင် ဝင်တိုက်တယ်။ တချို့လည်း နောက်တန်းကနေ ကူကြတယ်။ အမျိုးသားရဲဘော်တွေနဲ့ယှဉ်ရင် အမျိုး သမီး ရဲဘော်တွေ (ထောက်ပို့လုပ်နေသူတွေ အပါအဝင်) ဟာ ရန်သူနဲ့တွေ့တဲ့အခါ အသတ်ခံရဖို့အပြင် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုအမျိုးမျိုးကို ရင်ဆိုင်ရဖို့ အန္တရာယ်တစ်ခုပါ ပိုတယ်။ အမျိုးသမီးတစ်ဦးအဖို့ ဘဝမှာအရှက်နဲ့ ဂုဏ်သိက္ခာကို ဒီလိုနည်းနဲ့ စော်ကားခံရတာဟာ အကြီးမားဆုံး အန္တရာယ်၊ အကြီးဆုံး ကံဆိုးမိုးမှောင်ကျမှုလို့ပါ ပြောလို့ ရတယ်။ ဒါကြောင့်မို့ ခုတော်လှန်ရေးမှာ (အထူးသဖြင့် ပြည်တွင်းက) အမျိုးသမီးတွေရဲ့ ပေးဆပ်မှုကို ပုံမှန်ထက် ပိုပြီး အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်း အမျိုးသမီးတွေ သန်းနဲ့ချီပြီး မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ မှတ်တမ်းတွေက ဆိုတယ်။ ဂျာမနီ တစ်နိုင်ငံတည်းမှာတင် ဂျာမန်အမျိုးသမီးပေါင်း အနည်းဆုံး တစ်သိန်းခန့် ရုရှားစစ်သားတွေရဲ့ မုဒိမ်းပြုကျင့်ခံခဲ့ ရတယ်လို့ ခန့်မှန်းကြတယ်။ နန်ကျင်းလူသတ်ပွဲလို့ ခေါ်တဲ့ တရုတ်ပြည်နန်ကျင်းကို ဂျပန်တို့သိမ်းပိုက်စဉ်အတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာလည်း အသက်အရွယ်စုံ တရုတ်အမျိုးသမီး ၂၀,၀၀၀ လောက် မုဒိမ်းပြုကျင့်ခံခဲ့ရ တယ်။

 

၂၀၂၁ ဖေဖော်ဝါရီလ ရက်နဲ့ ၂၀၂၃ ဧပြီလ အကြား လိင်အကြမ်းဖက်မှုပေါင်း ၃၆ ခုကို မှတ်တမ်း တင်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့လ ၁၇ ရက်က ထုတ်ပြန်တဲ့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဆိုတယ်။ အဲဒီအမှုတွေထဲမှာ စစ်တပ်က ကျူးလွန်တာပါသလို တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့ သာမန်အရပ်သား ပြည်သူချင်း ကျူးလွန်တာတွေလည်း ပါတယ်လို့ဆိုတယ်။ စစ်တပ်က ကျူးလွန်တာက မှု၊ တခြား PDF အဖွဲ့တွေက ကျူးလွန်တာက မှု ပါတယ်။ PDF တွေက ကျူးလွန်တဲ့အမှုတွေထဲ စစ်ကိုင်းတိုင်းမှာ အမျိုးသမီး သုံးဦးကို စစ်တပ်ဒလန်လို့စွပ်စွဲပြီး ဖမ်းဆီးမုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်တဲ့ သုံးမှုလည်း ပါတယ်လို့ ဆိုပါတယ်။

 

လက်နက်ကိုင်ပဋိပက္ခမှာ လိင်အကြမ်းဖက်မှုကို လက်နက်ကိုင်အဖွဲ့တိုင်းက ကျူးလွန်နိုင်ခြေရှိတယ် ဆိုပေမဲ့ မြန် မာပြည်မှာ အစဉ်အလာအရတော့ အင်အားအကြီးဆုံးဖြစ်တဲ့ စစ်တပ်က ကျူးလွန်တာက ပိုများပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကစလို့ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တောက်လျှောက် တိုင်းရင်းသားလူနည်းစု နယ်မြေ တွေမှာ စစ်တပ်က အထူးသဖြင့် အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လိင်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အတိုက်အခံ လူမှုအဖွဲ့တွေဘက်က မှတ်တမ်းတင်ခဲ့တာ မနည်းပါဘူး။

 

ပြီးခဲ့တဲ့ ၂၀၁၇ ကာလ ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာ ခုနစ်သိန်းလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရအောင် စစ် တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ဒါဇင်နဲ့ ချီတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေကို တစ်ဦးချင်းစီအနေနဲ့ရော အုပ် စုဖွဲ့အနေနဲ့ပါ မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြောင်း Human Rights Watch တို့လို အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

 

အာဏာရှင်သန်းရွှေလက်ထက် ကံအကြောင်းမလှစွာနဲ့ စစ်ကြောရေးစခန်းကို ခဏတာရောက်ခဲ့စဉ်တုန်းမှာ စစ် ကြောတဲ့ ထောက်လှမ်းရေး တပ်ကြပ်ကြီးတစ်ယောက်က ပြောဖူးတယ်။ အဲဒီတုန်းက ရှမ်းအမျိုးသမီးအဖွဲ့ တစ်ဖွဲ့က ထုတ်တဲ့ License to Rape အစီရင်ခံစာထွက်ပြီးစ ဂယက်ရိုက်နေစဉ်ပေါ့။ သူက ပြောတယ်။

 

ဟေ့ကောင် မင်းမှတ်ထားတို့ တပ်မတော်မှာ မုဒိမ်းကျင့်ဖို့ ဘယ်တုန်းကမှ ခွင့်မပြုထားသလို မုဒိမ်းကျင့်တာ လည်း မရှိဘူး။ ရှိရင်လည်း အဲဒီစစ်သားဟာ တိုက်ပွဲမှာ နဖူးတည့်တည့် ကျည်ဆန်မှန်ပြီးတော့ကို သေရတယ်တဲ့။

 

အဲဒီ ထောက်လှမ်းရေးတပ်ကြပ်ကြီးဟာ သူတကယ်ယုံလို့ ပြောတာလား၊ သူ့တပ်ကိုသူ ကာကွယ်ပြောတာလား တော့ မသိပါဘူး။ ထောက်လှမ်းရေးက လူတွေဟာ ရှေ့တန်းမလိုက်ရတဲ့အတွက် စစ်မြေပြင်အခြေအနေတွေကို ကယ် မသိတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခု စစ်တပ်အတွင်း စနစ်တကျ ရိုက်သွင်းမှိုင်းတိုက် (brain wash) တဲ့ ဓလေ့ကလည်း ရှိတော့ ဒါကို တကယ်ယုံကြည်နေတာလည်း ဖြစ်နိုင်ပါတယ်။

 

သို့ပေမဲ့လည်း ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေ၊ မြန်မာ့သမိုင်းဖြစ်စဉ်တွေကိုကြည့်ရင် စစ်ပွဲအတွင်း အမျိုးသမီးတွေ မုဒိမ်း ပြုကျင့်ခံရတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာမို့ ယခု နွေဦးတော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ မုဒိမ်းမှုသတင်းတွေအပေါ် သံသယဖြစ်စရာ မရှိပါဘူး။ စစ်တပ်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးဘက်က ပဲ ဖြစ်ဖြစ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တစ်ချိန်မှာ ပြန်ပြီးတာဝန်ခံရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ နာမည်အဆိုးဆုံးဖြစ်တဲ့ စစ်တပ်ကတော့ ထိပ်ဆုံးက ပြန်ပေးဆပ်ရမှာပါ။

 

ကင်းတော်ရွာဖြစ်စဉ်အတွင်း ကျဆုံးခဲ့ရသော တော်လှန်ရေးရဲမေ နှစ်ဦးအား ဦးညွှတ်လျက်။

 

Burma Associated Press

မုဒိမ်းမှု
မြန်မာ
အာဏာသိမ်း
စစ်သားများ
စစ်တပ်

Share With
bap-logo