bap-logo
Opinion

ဘုရားဆင်းတု အရင်းပြုတဲ့ စစ်ခေါင်းဆောင်ရဲ့ နောက်ဆုံးအကြံ ဟန်နိုင်မှာလား

AlH8o0iMQnxVGLG7UXdcf-image

လွန်ခဲ့သော ၂ နှစ် က

 

အားလုံး သိရှိပြီးတဲ့အတိုင်း ၂၀၂၃ ဩဂုတ်လ ရက် မှာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကြီးလို့ ဆိုတဲ့ စကျင်ကျောက်သား ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူ အနေကဇာတင် အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ လူအား၊ ငွေအား မြောက်မြားစွာ သုံးစွဲအကုန်အကျခံပြီး ကြီးကျယ်ခမ်းနားတဲ့ အဆင်အယင်တွေနဲ့အတူ အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။

 

ထူးခြားတာက အဲ့ဒီ ဗုဒ္ဓရုပ်ပွါးတော် ဖွင့်ပွဲအခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီရဲ့ အသစ်ထပ်မံတိုးလိုက်တဲ့ အာဏာသက်တမ်း ရဲ့ ပထမနေ့ မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။ သာမန်ကြည့်ရင် အာဏာသက်တမ်းအသစ် တိုးတဲ့နေ့မှာ မင်္ဂလာကျက်သရေ ရှိအောင် အချိန်ကိုက်ကျင်းပတာလို့ ယူဆနိုင်ပေမဲ့ သေချာလေ့လာ သုံးသပ်ကြည့်တဲ့အခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူလုယူထားတဲ့ တိုင်းပြည်အာဏာကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ထိန်း ကျောင်း နိုင်ဖို့ ကြိုးပမ်းနေရင်းက သူလုပ်တတ်တဲ့ နည်းလမ်းမှန်သမျှ ကုန်ဆုံးသွားပြီဖြစ်လို့ အလွယ်ကူဆုံး ဖြစ်တဲ့ ဘာသာရေး ခုတုံးလုပ်တဲ့ နည်းလမ်းဆီ ဆိုက်ရောက်သွားရတဲ့ နောက်ဆုံးအခြေအနေဆိုတာ မြင်ရတာပါပဲ။

 

အခြေခံဥပဒေအရ အာဏာသိမ်း ရပါတယ်လို့ဆိုတဲ့ စစ်ကောင်စီဟာ အခြေခံဥပဒေက အများဆုံးခွင့်ပြုထားတဲ့ စစ် အုပ်ချုပ်ရေး ကာလ နှစ်တာကို ပြည့်လွန်သွားသော်လည်း ရည်မှန်းထားသလို အခြေမလှတဲ့အတွက် လီဆယ်ဖန် တီးပြီး လဆီဖြင့် အာဏာသက်တမ်း တိုးလာခဲ့တာ အခုဆိုရင် ဒုတိယအကြော့ထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းပြည်အာဏာကို လုယူထားပြီ း၂ နှစ်ကျော် နှစ်ထဲ ဝင်ရောက်လာခဲ့ပေမဲ့ ဘုံးဘုံးလဲကျနေတဲ့ နိုင်ငံရေး၊ စီးပွါး ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့ တိုင်းပြည်ရဲ့ အရေးပါတဲ့ ကိစ္စတွေကို ဘာတစ်ခုမှ အောင်မြင်အောင် ထူထောင်မပြနိုင်တဲ့အဆုံးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရှေးပဝေသဏီက ပဒေသရာဇ် အာဏာရှင်မင်းတွေရဲ့ နည်း ဟောင်းအတိုင်း ကျောက်တုန်းကြီးတစ်တုန်းကို ဘုရားဆင်းတုတော်တစ်ခုအဖြစ် ထုဆစ်ပြပြီး သူ့ကိုယ်သူ သာသနာပြု မင်းသဖွယ် တိုင်းပြည်လူဦးရေရဲ့ ၈၈ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ပြည်သူတွေရဲ့ အမြင်ကို ဖမ်းစား၊ စည်းရုံး၊ ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းတာပဲဖြစ်ပါတယ်။

 

အာဏာကို အဓမ္မလုယူပြီးခါစက ပြည်သူတွေများ အထင်ကြီးလာမလားအထင်နဲ့ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေအကြောင်း လေလုံးထွားခဲ့ပါတယ်။ လက်ရှိ အာဏာသိမ်းသက်တမ်း နှစ်နီးပါး ရှိချိန်မှာတော့ ပြည်သူတွေ အသုံးပြုနေတဲ့ လျှပ်စစ်မီးကိုတောင် အန်င်အယ်လ်ဒီအစိုးရ လက်ထက်ကလောက် ပြည့်မီအောင် မပေးနိုင်တော့တဲ့ အခြေအနေ ရောက်ရှိနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ စစ်ခေါင်းဆောင်မင်း အောင်လှိုင်ဟာ ရှေးရှေ့က စစ်ခေါင်းဆောင်ဟောင်းတွေ ရိုက်သွင်းလေ့ကျင့်ပေးခဲ့တဲ့ ဩဝါဒတွေ ဝါဒဖြန့်ချိရေး မှိုင်းတွေ ဝနေတဲ့ ရှေးရိုးစွဲ စစ်သားဝါဒီတစ်ယောက်သာဖြစ်ပြီး သူ့မှာ တိုင်းပြည်တည်ဆောက်ရေးအတွက် အားကိုးလောက်တဲ့ အတွေးအခေါ်၊ အယူအဆ အသစ်အဆန်းတွေ နည်းလမ်းကောင်းတွေ ဘာတစ်ခုမှ ရှိမနေတာ အသေအချာပါပဲ။

 

သူဟာ အရပ်သားပြည်သူတွေ နိုင်ငံရေးသမားတွေအပေါ် အထင်အမြင်သေးပြီး စစ်သားသည်သာ အကုန်သိ၊ ကုန်တတ်ဆိုတဲ့ မဟာစစ်သားဝါဒကို တစ်ဖန်ပြန်လည် အသက်သွင်းချင်သူလည်းဖြစ်ပါတယ်။ သူ သိသမျှ သူ တတ်သမျှ ဆိုတာကလည်း ရှေးရှေ့က ရှေ့ဆောင်လမ်းပြ လုပ်သွားတဲ့ စီနီယာ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေရဲ့ လုပ်နည်းလုပ်ဟန်ဖြစ်တဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက နှံ့စပ်ကျွမ်းကျင်သူတွေနဲ့တွေ့၊ အကြံဉာဏ်တွေ ဟိုက နည်းနည်း၊ ဒီကနည်းနည်းယူ။ ကိုယ့်လက်အောက်ကလူတွေကို လေ့လာသုံးသပ်ခိုင်းပြီး ကိုယ်ပိုင်အယူအဆလိုလို၊ သူမတူတဲ့ အကြံကောင်း၊ ဉာဏ်ကောင်းလိုလိုနဲ့ ဆရာကြီးလုပ်တဲ့ လူလည်လုပ်နည်း သက်သက်ပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ပြောဆိုသမျှကို လေ့လာကြည့်ရင် အာဏာရှင် ဗိုလ်ချုပ်ဟောင်းသန်းရွှေ အပါအဝင် အရင်စစ်အစိုးရခေတ်က စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ မူဟောင်း၊ လုပ်နည်း လုပ်ဟန်‌ဟောင်းတွေကို တွေ့နိုင်ပါတယ်

 

အာဏာလုယူပြီးတဲ့ အချိန်မှာပဲ ဘယ်လိုမှ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ သမဝါယမစနစ်ကို ပြန်လည်ရုပ်လုံး ဖေါ်ဖို့ ကြံစည်ခဲ့တာကစပြီး အခုနောက်ဆုံး ဘုရားတည်တဲ့အထိ ကြည့်မယ်ဆိုရင် ရှေးအရင်က သူ့အနေနဲ့ အောင်မြင်တယ်လို့ ယူဆထားတဲ့ တိုင်းပြည်အုပ်ချုပ်ခဲ့သူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှကို အနည်းငယ် ပုံစံပြောင်းပြီး ကူးချထားတဲ့ သဘောကို တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးတဲ့ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် နဝတခေတ် စစ် ထောက်လှမ်း ရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ရန်ကုန်မြို့ မင်းဓမ္မကုန်းမှာ တည်ဆောက်ခဲ့တဲ့ ကျောက်တော်ကြီးဘုရားလို့ ခေါ်ကြတဲ့ စကျင်ကျောက် ဗုဒ္ဓရုပ်ပွါးတော်နဲ့ ဆင်ဖြူတော်အတွဲကို မှတ်မိကြမယ်ထင်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲ့ဒီလို အရင်က တည်ရှိခဲ့ပြီး လူအများ သဘောကျနိုင်မယ်ထင်တဲ့ ကောင်းနိုးရာရာတွေကို သူ့ကိုယ်ပိုင် အယူအဆသဖွယ်၊ ကိုယ်ပိုင်စွမ်းဆောင်ရည်သဖွယ် ပုံစံသစ်၊ သွင်သဏ္ဌာန်သစ်နဲ့ လူလည် လုပ်ပြီး တိုင်းပြည်ကို ဟန်ရေးပြနေခဲ့တာပဲဖြစ်ပါတယ်။

 

ဆင်းတု ရုပ်ပွါးတော် ဆိုရင်လည်း အရင်ရှိပြီးသား ဆင်းတုရုပ်ပွါးတော်ထက်ကြီးမယ် ဆင်ဖြူဆိုရင်လည်း အရင်ရှိခဲ့တဲ့ ဆင်ဖြူတွေထက် သာတယ်လို့ ဆိုမယ်။ နောက်ဆုံး မန္တလေးက ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်တဲ့ ကုသိုလ် တော် ကျောက်စာတိုက်ကို ပုံတူယူပြီး ထည့်သွင်းတည်ဆောက်တဲ့ အခါမှာတောင် ကုသိုလ်တော် ကျောက်စာ တိုက် ကျောက်စာချပ်တွေထက် ပိုမြင့်အောင် လုပ်ယူထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်စစ်ခေါင်းဆောင် မင်း အောင်လှိုင်ရဲ့ အရည်အချင်းဟာ ရှိပြီးသားကို ပုံတူကူးချတဲ့နေရာမှာ ပိုကြီး၊ ပိုသာအောင်လုပ်နိုင်တယ်ဆိုတဲ့ ရည်အချင်းသာရှိပြီး သူမတူအောင် ထူးခြားတဲ့ အတွေးသစ် အမြင်သစ် ဦးဆောင်မှုအသစ် မရှိတာ ကြာလေ ပို ထင်ရှားလာလေဖြစ်ပါတယ်။

 

ပြဿနာရဲ့ အစမှာကတည်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းပြည်မှာ ၁၀ နှစ်ကြာ ကျင့်သုံးလာခဲ့ပြီးဖြစ်တဲ့ စစ်တပ်နဲ့အရပ်ဘက် လူအဖွဲ့အစည်းကြားထားရှိတဲ့ ပဋိညာဉ်စည်းမျဉ်းကို ရိုက်ချိုးပြီး အာဏာကို တင်းလုယူခဲ့တာဖြစ်ပါတယ်။ ပြည်သူရွေးကောက်ခံ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးရုံမက မဲဆန္ဒရှင်တွေရဲ့ ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ကိုပါ ဖျက်သိမ်းခဲ့တာကြောင့် စစ်တပ်နဲ့ အရပ်ဘက်ကြား ၁၀ နှစ်ကြာတည်ဆောက်ထားတဲ့ ယုံကြည်မှုဟာ လုံးဝပျက်ပြားသွားခဲ့ရတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ ကျော် အာဏာကို ချုပ်ကိုင်လာခဲ့တဲ့ စစ်တပ်က ရွေးကောက်ပွဲနဲ့ အနိုင်ရတဲ့ အရပ်သားအစိုးရကို နှစ်သာ အုပ်ချုပ်ခွင့်ပေးပြီး အာဏာကို ကြမ်းဖက်နည်းလမ်းနဲ့ ပြန်လည်သိမ်းယူခဲ့မှုကြောင့် ယုံကြည်မှု ဟာ နိုင်ငံရေးနယ်ပယ်တင်မက ငြိမ်းချမ်းရေး နယ်ပယ်နဲ့ စီပွါးရေး နယ်ပယ်တွေမှာပါ ထိခိုက်ပျက်စီးကုန်တာပါ။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီလိုဆင့်ကဲဖြစ်စဉ် အကျိုးဆက်တွေကို မသိနားမလည်ဘဲ နိုင်ငံရး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွါးရေးတွေကို သူ့အာဏာအောက်မှာ ဇွတ်အတင်း ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေတဲ့ ပြည်သူ့ တော်လှန်ရေး အင်အားစုတွေ အခြေပြုရာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေကို မဟာဗျူဟာမြောက် စည်းရုံးသိမ်းသွင်းနိုင်ရေး ရည်ရွယ်ပြီး တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်စဖို့ ကြိုးပမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒေသတွင်းစိုးမိုးရေးနဲ့ စီမံခန့်ခွဲနိုင်ရေး အခွင့်အာဏာ အပေးအယူမက်လုံးတွေ ဝေဝေဆာဆာနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို သူ့ဘက်ပါအောင် ဆွဲဆောင် လာဘ်ထိုးဖို့ ကြိုးစားခဲ့ပါတယ်။

 

ဒါပေမဲ့လည်း ပေဖြစ်တုန်းက ခံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လက်ရှိ ပေဘဝကို ရောက်နေပြီ ဖြစ်တဲ့ စစ်တပ်ကို နှံဖို့သာ အားသန်နေကြတာမို့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေဟာလည်း အင်အားမရှိတဲ့ တိုင်းရင်းသား အဖွဲ့ငယ်တွေကြားမှာသာ ဝေ့လည်နေပြီး ဘယ်ဘူတာ၊ ဘယ်ပန်းတိုင်မှ မဆိုက်နိုင်ဘဲ ဥဩဆွဲသံသာ ပေးပြီး ခပ်ဝေးဝေးကို မရွေ့လျားနိုင်တဲ့ အခြေမှာပဲရှိနေခဲ့ပါတယ်။ ဒီလို အာဏာသိမ်းမှုကို ထုနဲ့ထည်နဲ့ ဆန့်ကျင်ခုခံနေတဲ့ အနေအထားတွေကြောင့် ရွေးကောက်ပွဲ နိုင်ငံရေးဟာလည်း အသံမထွက်နိုင်ဘဲ ငြိမ်ကုတ်နေရတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ စစ်ခေါင်းဆောင် ကိုယ်တိုင် PR စနစ်အကြောင်း မစားရဝခမန်း မပြောနိုင်တော့တဲ့ အပြင် ရွေးကောက်ပွဲကျင်းပရေး ကိစ္စကိုတောင် မျှော်လင့်ချက် ငါးစာတစ်ခုအဖြစ် ထုတ်မပြောနိုင်တဲ့ အခြေအနေမှ ာရှိနေခဲ့ပြီ ဖြစ်ပါတယ်။

 

စီးပွါးရေးနဲ့ ပတ်သက်ရင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အချိန်တန်ရင် သူ့လက်အောက်မှာ တိုင်းပြည် စီးပွါးရေးတိုးတက်နေကြောင်းပြောဖို့ စာရွက်ပေါ်က ကိန်းဂဏန်းအတွက်အချက်တွေကိုသာ ရှာဖွေနေခဲ့ရပါတယ်။ A little knowledge is a dangerous thing လို့ ဆိုသလိုပါပဲ သွင်းကုန်တွေကန့်သတ်ပြီး နိုင်ငံခြားငွေတွေ အပြင်မထွက်ဘဲ ဆယ်မိအောင် လုပ်ပြဖို့ ကြိုးစားပေမဲ့ သေချာပြင်ဆင်ထားတဲ့ လုံလောက်သော ပို့ကုန်ပမာဏ မရှိတာကြောင့် တစ်ဖက်က နိုင်ငံခြားငွေတိုးပွါးအောင် မဖြည့်ဆည်းနိုင်ဘဲ ဆယ်ထားတဲ့ နိုင်ငံခြားငွေသာ လောင်စာဆီလို သွင်းကုန်တွေနဲ့ စစ်အသုံးစရိတ် အပါအဝင် မဖြစ်မနေ သုံးစွဲနေရတဲ့ အသုံးစရိတ်တွေကြောင့် လုံးပါးပါးလာခဲ့ရပါတယ်။ ဒါကြောင့် အဓိက အသုံးပြုရတဲ့ နိုင်ငံခြားငွေရှားပါးမှုနဲ့ ရင်ဆိုင်လာရလို့ ပြည်တွင်းငွေကြေးစျေးကွက်ထဲမှာ ဒေါ်လာစျေးဟာ တရိပ်ရိပ်တက်လာခဲ့တာပဲ အဖတ်တင်သွားပါတယ်။

 

ဒီကြားထဲ စီနီယာဗိုလ်ချုပ်ဟောင်းတွေ လုပ်သမျှ အဟုတ်ထင်ပြီး မစဉ်းစား၊ မဆင်ခြင် လိုက်လုပ်နေတာဖြစ်တဲ့ တွက် အဲ့ဒီဗိုလ်ချုပ်တွေလုပ်ခဲ့တဲ့ အမှားတွေကိုပါ ထပ်ခါလုပ်မိပြီး သောင်းတန် ငွေစက္ကူအသစ် ရိုက်ထုတ်တာမျိုး ဖြစ်လာတဲ့အခါ ငွေကြေးဖေါင်းပွမှုနှုန်းဟာလည်း သူ့ခေတ်မှာ စံချိန်ချိုးခဲ့ပြန်ပါတယ်။ မြန်မာ့ငွေကြေးဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးနဲ့ ဖလှယ်ရတဲ့ နယ်စပ်စျေးကွက်တိုင်းမှာ အရှိန်အဟုန်နဲ့ နိမ့်ဆင်းခဲ့ပါတယ်။ ထုံးစံအတိုင်း အဲ့ဒီလို ကမောက်ကမဖြစ်နေတဲ့ ပြည်တွင်းစီးပွါးရေးနဲ့ ဖြေရှင်းနိုင်မယ့် အဖြေမရှိတဲ့ အနာဂတ် အခြေအနေတွေကြောင့် လက်တလောမှာ အခြေခံ ကုန်စျေးနှုန်းတွေပါ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် အာဏာသက်တမ်းတစ်ခါကုန်လို့ သက်တမ်း တစ်ခါတိုးဖို့ အချိန်ရောက်လာတိုင်း အာဏာသိမ်း စစ်ခေါင်းဆောင်မှာ တိုင်းပြည်ကို ပြောစရာစကား မရှိအောင် ဖြစ်ခဲ့ရတာပါပဲ

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နှစ်ခွဲ ဆိုတဲ့အချိန် ကြာမြင့်လာတဲ့တိုင်အောင် တိုင်းပြည်ကို သူ့ရဲ့ တန်ခိုးတွေ ထုတ်ပြဖို့ စီးပွါးရေး အစွမ်းအစလည်းမရှိ နိုင်ငံရေး အစွမ်းအစလည်း မရှိတဲ့အပြင် ရှိသယောင်ယောင် ထင်ခဲ့ကြတဲ့ စစ်ရေးစွမ်းပကားဆိုတာတွေပါ လက်တွေ့မှာ ပျောက်ဆုံးနေပြီး အရှုံးပွဲတွေနဲ့သာ ရင်ဆိုင်နေရပါတယ်။ အဲ့ဒီလိုနဲ့ တိုင်းပြည်ကို ကြီးကြီးမားမား လုပ်ပြနိုင်တာ မရှိတဲ့အဆုံး ရရှိထားတဲ့ ကျောက်တုံးအကြီးကြီးကိုပဲ ဆင်းတုတော်ထုပြပြီး ကမ္ဘာ့အကြီးဆုံးရုပ်ပွါးတော်အဖြစ် အာဏာသက်တမ်းတိုးအမီ ဖွင့်ပွဲလုပ်ကာ ဗုဒ္ဓဘာသာအများစု ဖြစ်တဲ့ ပြည်သူ လူထုကို ဘာသာရေးမျက်လှည့်ပြ စည်းရုံးဖို့ ကြံစည်ခဲ့တာပဲဖြစ်ပါတယ်။

 

တိုင်းပြည်ရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမယ့် ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေ တိုင်းပြည် အနာဂတ်ကို အာမခံနိုင်တဲ့ စီးပွါးရေး မဟာဗျူဟာတွေ တိုင်းပြည်ဂုဏ်ဒြပ်ကို မြှင့်တင်ပေးမယ့် ဉာဏထွက်ကုန်တွေကို ဖန်တီးစွမ်းဆောင်ပြနိုင်ပါမှ တိုင်းပြည်ခေါင်းဆောင်လို့ သတ်မှတ်ကြတဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ တူတူတန်တန် လုပ်ပြဖို့ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ရဲ့ အစွမ်းအစ အရည်အချင်းတွေ၊ အမျှော်အမြင်တွေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီမှာ လုံးဝမရှိဘူးဆိုတာ လက်ရှိအချိန်မှာ ထင်ရှားသွားပါတယ် သူဟာ သိပ္ပံနည်းပညာနဲ့ တွက်ချက်ပြီး စီမံခန့်ခွဲနေကြတဲ့ အခုလို ခေတ်ကြီးမှာ ဝါထပ်လို့ ရေကြီးနိုင်တယ်ဆိုတဲ့ ဟောကိန်းမျိုးကို နိုင်ငံတော်အဆင့် စီမံခန့်ခွဲရေး အစည်းအဝေးမျိုးမှာ ရုပ်တည်နဲ့ပြောရင်း ကိုယ့်ကိုယ်ကို သူများထက်သာတယ်လို့ အထင်ရောက် ဝင်မြင့်နေတဲ့ ခပ်ညံ့ညံ့ စစ်ခေါင်းဆောင် တစ်ယောက်ပဲဖြစ်ပါတယ်။

 

နိုင်ငံရေး စီးပွါးရေး အတွေးအခေါ်သစ် အမြင်သစ် လမ်းသစ် မရှိဘဲ ပုဂ္ဂလိက လိုအင်တက်မက်မှု သက်သက်နဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်ချင်လွန်းတဲ့အတွက် ရာထူးကို အလွဲသုံးစားလုပ်ပြီး အာဏာကို လုယူခဲ့တာသာဖြစ်ပါ တယ်။ အခုအချိန် အခုအခါမှာတော့ တိုင်းပြည်မှာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကြီးကို ရရှိပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာမီ တိုင်းပြည်မှာ ဒုက္ခအကြီးကြီးကို ရင်ဆိုင်ကြရဖို့လည်း အကြောင်းရှိနေတာမို့ ပြည်သူတွေ ပြင်ဆင်ထားကြပါလို့ သတိပေးချင်ပါတယ်။ အကြောင်းကတော့ ကိုယ်စွမ်းကိုယ်စ မရှိဘဲ တိုင်းပြည်အာဏာကို လုယူထားတဲ့ မင်းအောင်လှိုင်ဟာ () လွဲမှားသော ယုံကြည်မှု ဖြစ်တယ်ဆိုတာ ရှေ့မှာ ပေါ်ထွက်ခဲ့သော ဆင်ဖြူတွေက သက်သေ ရှိနေပေမဲ့ အရေခွံအရောင် ဖြူသယောင်ရှိတဲ့ ဆင်တစ်ကောင်က တိုင်းပြည် သာယာဝပြောမှုတွေ ယူဆောင်ပေးလာမယ်လို့ ယုံကြည် အားထားနေတာ () သူ့အနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွါးရေး ငြိမ်းချမ်းရေး အမျိုးသားစည်းလုံးညီညွတ်ရေး အခြေခံ အုတ်မြစ်တွေကို ကိုယ်တိုင်လက်နဲ့ ဖြိုဖျက်ခဲ့ပြီး ကျောက်သားဆင်းတုတော်ကြီးကို တည်ဆောက်ခြင်းဟာ တိုင်းပြည်မှာ ကောင်းမွန်တဲ့ စီးပွါးရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောမှုတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်မျှော်မှန်းနေတာပဲဖြစ်ပါတယ်။

 

တကယ်ပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင် မျှော်မှန်းသလို အရေခွံဖြူ ဆင်တစ်ကောင်က တိုင်းပြည်သာယာဝပြောမှုကို ယူပေးလာမှာလား၊ ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဆင်းတုကြီးက တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ဖြေရှင်းပေးမှာလား ဆင်းတုတော်ရှေ့ မှာ ဝပ်တွား ဆုတောင်းကြမယ်ဆိုရင် အကျပ်အတည်းနဲ့ အခက်အခဲတွေ ပြေလည်သွားမှာ သေချာလား။ သေချာတာကတော့ မီးမပျက်ခင် ထမင်းကျက်ဖို့နဲ့ နှာဝထိနစ်လာနေပြီဖြစ်တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ အသက်ရှူကြပ် ရုန်းကန်ခက်ခဲမနေဖို့က အရေးကြီးနေပြီဖြစ်ပါတယ်။ အဲဒီအရေးကြီးတာတွေကို ကွယ်ပပြီး ညံ့ဖျင်းတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အကြံကုန်ဆားချက်၊ ဝါဒဖြန့်ဘုရားတည် ဇာတ်ကွက်မှာ မျောပါပြီး ဒီဒုက္ခတွေကနေ လွတ်မြောက်ဖို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဆင်းတုကြီးဆီမှာ သွားဆုတောင်းမယ်ဆိုရင်တော့ ဆင်းတုဆီ ရောက်ဖို့ လက်မှတ်ခပိုက်ဆံ အရင်စု ထားကြပါလို့သာ ဆိုချင်ပါတယ်။

 

Burma Associated Press

 

စစ်ကောင်စီ
ရုပ်တု

Share With
bap-logo