bap-logo
Politics

ဆားလင်းကြီးတွင် စစ်တပ်က နားမကြားသူတစ်ဦးကို ဖမ်း၍ ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့

Y78t5fri35sVHGxj92Y4a-image

လွန်ခဲ့သော တစ်နှစ် က

စစ်ကိုင်း၊ အောက်တိုဘာ ၆။

 

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က နားမကြားတဲ့ မသန်စွမ်းအမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ရွာပြင်ခေါ်ထုတ်ကာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။

 

အောက်တိုဘာ ၄ ရက်က ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မတောင်းတကျေးရွာကို ဝင်ရောက်ချိန်မှာ နားမကြားလို့ မပြေးနိုင်ဘဲ နေအိမ်ထဲမှာရှိနေတဲ့ မသန်စွမ်း အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

 

သူက အိမ်ထဲမှာ တီဗွီထိုင်ကြည့်နေတာ။ နားမကြားရတော့ ပစ်တဲ့ခတ်တဲ့အသံတွေ ပြေးကြအော်ကြတဲ့ အသံတွေ သူမကြားရဘူး။ အဲဒီအချိန်မှာ စစ်ကြောင်းကတွေ့ပြီးတော့ သူ့ကိုဖမ်းသွားတာ။ ရွာပြင်က ယာခင်းထဲမှာပဲ ဦးခေါင်းကို သေနတ်နဲ့တေ့ပြီး ပစ်သတ်သွားတာ”လို့ ဒေသခံသတင်းရင်းမြစ်က BAP ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်က ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့သူဟာ အသက် ၃၅ နှစ်အရွယ် ကိုစောလွင် ဆိုသူဖြစ်ပြီး သူ့ကို အောက်တိုဘာ ၅ ရက်မှာ ဒေသခံတွေက တွေ့ရှိခဲ့ကြတာဖြစ်သလို အခင်းဖြစ်နေရာမှာပဲ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အောက်တိုဘာ ၃ ရက်ကလည်း စစ်ကြောင်းထိုးလာချိန်မှာ ထွက်ပြေးတဲ့ ဒေသခံအမျိုးသမီးတစ်ဦး ပေါင်ကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

 

ကျားဘီလူးစစ်ကြောင်းနာမည်နဲ့ ဆားလင်းကြီးနယ်ထဲကို ဇူလိုင် ၂၇ ရက်ကနေ စတင်ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ ခဲ့သလို ဒေသခံအချို့ကိုလည်း ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

အောက်တိုဘာ ၄ ရက်မှာ ပုလဲမြို့နယ်ဘက်ကို မုံရွာဘက်ကရောက်လာတဲ့ စစ်ကောင်စီတပ်အင်အားတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

အဲဒီ စစ်ကောင်စီစစ်တပ်တွေက သူတို့ဟာ ကျားဘီလူးစစ်ကြောင်းဖြစ်ပြီး “ရှေ့ဆက်လုပ်ပါ၊ မကြာတော့ဘူး၊ မျက်ဝါးထင်ထင် ပြာပုံပဲမြင်ရမယ်”လို့ စာတွေရေးသားပြီး ဒေသခံတွေကို ခြိမ်းခြောက်ခဲ့သေးတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၇၀ နီးပါး အသတ်ခံရပြီး အများစုဟာ အမျိုးသား​တွေဖြစ်တယ်လို့ NUG တရား​ရေးဝန်ကြီးဌာနက ယမန်​နေ့က ထုတ်ပြန်ထားပါတယ်။

 

ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ မကြာခဏ လုပ်ဆောင်နေ တာကြောင့် ဒေသခံပြည်သူတွေဟာ မကြာခဏ စစ်ဘေးတိမ်းရှောင်နေကြရသလို အမြဲတမ်းစစ်ဘေးတိမ်းရှောင် နေရတဲ့ ဒေသခံတွေလည်း အများအပြားရှိနေဆဲဖြစ်ပါတယ်။

 

အဆိုပါ အမြဲတမ်း စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုတော့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေက အစားအသောက်နဲ့ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေရသလို အကူအညီတွေ လည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

Burma Associated Press

 

စစ်ကိုင်း
ဆားလင်းကြီး
စစ်တပ်
အရပ်သား
သတ်ဖြတ်ခဲ့
နားမကြားသူ

Share With
bap-logo