bap-logo
Politics

အီလွန်မက်စ်နှင့် ပူတင် ပုံမှန်ပြောဆိုဆက်သွယ်နေကြောင်း သတင်းတင်ပြချက်ကို စုံစမ်းစစ်ဆေးရန် NASA အကြီး အကဲတောင်းဆို

Y-2ouiQYGdFUwRCsjE-SP-image

လွန်ခဲ့သော ၁၆ ရက် က

BAP၊ ဘာသာပြန်။

 

SpaceX တည်ထောင်သူ၊ ဒေါ်နယ်ထရန့်၏ မဟာမိတ် အီလွန်မက်စ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှ စတင်၍ "ပုံမှန် အဆက် အသွယ်” ပြုလုပ်နေကြောင်း Wall Street Journal ၏ သတင်းတင်ပြချက်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် NASA အကြီးအကဲ ဘီလ် နယ်လ်ဆင် က တောင်းဆိုလိုက်သည်။

 

သတင်းတင်ပြမှုတွင် SpaceX တည်ထောင်သူက ရုရှားခေါင်းဆောင်နှင့် "ပုဂ္ဂိုလ်ရေး အကြောင်းအရာများ၊ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ” ဆွေးနွေးခဲ့သည့်အတွက် လုံခြုံရေးအရ စိုးရိမ်ဖွယ်များ မြင့်တက်လာကြောင်း၊ NASA၊ အမေရိကန်စစ်တပ်တို့နှင့် SpaceX တို့သည်လည်း အဆက်အဆံပြုလုပ်နေသည့်အတွက် လျှို့ဝှက် အစိုးရ သတင်းအချက်အလက်များ၊ အမေရိကန်ထောက်လှမ်းရေးအချက်အလက်များ မက်စ်က ရရှိထားနိုင်သည်ဟု ဖော်ပြထားသည်။

 

သတင်းက မှန်လားဆိုတာ ကျွန်တော် မသိပါဘူး။ စုံစမ်းစစ်ဆေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု Seamafor သတင်းဌာနမှ Burgess Everett ကို နယ်လ်ဆင်က ပြောသည်။ "အီလွန်မက်စ်နဲ့ ရုရှားသမ္မတတို့ ဆက်သွယ်ပြောဆိုမှုတွေ အများအပြားပြုလုပ်ထားတယ်ဆိုတဲ့ သတင်းသာမှန်တယ်ဆိုရင် ဒါက စိုးရိမ်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ အထူးသဖြင့် NASA၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တချို့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေအတွက်ပေါ့။”

 

အမေရိကန်၏ ရန်ဘက်များနှင့် မက်စ် အပြန်အလှန် ဆက်ဆံမှုများရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်အရာရှိတစ်ချို့က တန်ပြန်ထောက်လှမ်းရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ သို့သော် အီလွန်မက်စ်သည် အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်နေသည့်အတွက် အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ၎င်းအပြန်အလှန်ဆက်ဆံမှုများကို စုံစမ်းရန် စိုးရွံ့ခဲ့ကြသည်ဟု ၎င်းအရေး ရင်းနှီးကျွမ်းဝင်သူ အရာရှိတစ်ဦးက CNN ကို ပြောသည်။

 

အိမ်ဖြူတော်အရာရှိ အများအပြားက မက်စ်နှင့် ပူတင် ဆက်သွယ်မှုကို သတိမပြုမိကြောင်း Wall Street ကို ပြောခဲ့ပြီး Wall Street က ၎င်းဆွေးနွေးမှုများအကြောင်းကို "အစိုးရတွင်း လုံခြုံတင်းကျပ်စွာ ထိန်းသိမ်းထားပုံရသည်” ဟု ဆိုသည်။ ဆွေးနွေးမှုများကို အမေရိကန်၊ ဥရောပနှင့် ရုရှား အရာရှိဟောင်းနှင့် လက်ရှိအရာရှိ အများအပြားက အတည်ပြုခဲ့သည်။

 

"တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်ကို မျက်နှာသာပေးသည့်အနေဖြင့်" မက်စ်၏ Starlink ဂြိုဟ်တု အင်တာနက်ကို ထိုင်ဝမ်တွင် ဝန်ဆောင်မှုမပေးရန် ပူတင်က တောင်းဆိုခဲ့ကြောင်း ၎င်းသတင်းစာက ဖော်ပြခဲ့သေးသည်။

 

Wall Street က မက်စ်ကို မှတ်ချက်ပေးရန် တောင်းဆိုသော်လည်း အကြောင်းမပြန်ခဲ့ပါ။

 

အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက ၎င်းသတင်းကို တွေ့ကြောင်း၊ သို့သော် အိမ်ဖြူတော်က ၎င်းသတင်းကို "အတည်ပြုနိုင်သည့် အနေအထား မရှိကြောင်း"၊ မေးခွန်းများကို မက်စ်ကိုသာ မေးမြန်းရန် သောကြာနေ့တွင် ပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာနကလည်း မှတ်ချက်မပေးကြောင်း ပင်တဂွန်ပြောခွင့်ရသူက Wall Street ကို ပြောသည်။

 

မက်စ်နှင့် ပူတင်တို့ တယ်လီဖုန်းဆက်သွယ်မှု တစ်ကြိမ်သာ ရှိခဲ့ပြီး "အာကာသဆိုင်ရာ လက်ရှိနှင့် အနာဂတ်နည်းပညာများအကြောင်း"ကို ဆွေးနွေးခဲ့သည်ဟု ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က Wall Street ကို ပြောသည်။

 

- ယူကရိန်းပဋိပက္ခတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် မက်စ်

 

၂၀၂၂ ခုနှစ်အစောပိုင်း ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ချိန်မှ စ၍ SpaceX Starlink ဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့် မက်စ်၏ ယူကရိန်းကို ထောက်ပံ့မှု သက်သေသာဓကအဖြစ် ပြသခဲ့သည်။ သို့သော် စစ်ပွဲ လျင်မြန်စွာ အဆုံးသတ်ရန် ညှိနှိုင်းပေးမည်ဟု ပြောခဲ့သော ထရန့်၏ အမြင်နှင့် မက်စ်၏ ထုတ်ပြန်ပြောဆိုချက်များက ပိုမိုကိုက်ညီလာသည့်အတွက် ၎င်း၏ ယူကရိန်းအပေါ်ထောက်ပံ့မှုများ လျော့ကျလာခဲ့သည်။ မက်စ်၏ ကုမ္ပဏီမှ ဝန်ဆောင်မှုပေးသည့် ဂြိုဟ်တုအင်တာနက် ကိရိယာများသည် ယူကရိန်းစစ်တပ်အတွက် အရေးပါသည့် ဆက်သွယ်ရေးအရင်းအမြစ်များဖြစ်သည်။ ဆယ်လူလာနှင့် အင်တာနက်ကွန်ရက်များ ဖျက်ဆီးခံထားရချိန်တွင် ၎င်းစက်ကိရိယာများက တိုက်ခိုက်ရေးနှင့် ဆက်သွယ်ရေး အဆက်မပြတ် ပြုလုပ်နိုင်စေသည်။

 

မက်စ်၏ Starlink သည် အထူးသဖြင့် ယူကရိန်းအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ စစ်ပွဲကို ၎င်းဝန်ဆောင်မှုများ မရှိဘဲ ဆက်လက်တိုက်ခိုက်နိုင်မှု မရှိကြောင်း ရုရှား ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူ Dmitri Alperovitch က CNN မှ Alex Marquardt ကို သောကြာနေ့ "CNN ‌News Central” အစီအစဉ်တွင် ပြောသည်။

 

မက်စ်က ၎င်း၏ ယူကရိန်းကို အစောပိုင်း ထောက်ခံမှုအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယူကရိန်းရှိ Starlink ကို ဒေါ်လာ သန်းပေါင်း ဆယ်ချီ၍ လစဉ် ငွေကြေးထောက်ပံ့ပေးရန်၊ SpaceX ၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေကျခံရန် SpaceX က ပင်တဂွန်ကို ရုတ်ချည်း တောင်းဆိုခဲ့သည်။ ၎င်းကဲ့သို့ သတင်းတင်ပြချက်ကို တုန့်ပြန်သည့်အနေဖြင့် မက်စ်က ငွေကြေးထောက်ပံ့ရန် ၎င်း၏ တောင်းဆိုချက်ကို ရုပ်သိမ်းပြီးဖြစ်ကြောင်း Twitter တွင် ကြေငြာခဲ့သည်။ တစ်ချိန်တည်းလိုမှာပင် မက်စ်က X တွင် ဆန္ဒမဲကောက်ခံမှု တစ်ခု ပြုလုပ်ခဲ့သည်။ ရုရှားပိုင်နက်အဖြစ် မကြာမီက ကြေငြာခဲ့သည့် နယ်မြေဒေသများတွင် "ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့်” ရွေးကောက်ပွဲ ပြန်လည်ကျင်းပခြင်း အစီအစဉ်များပါဝင်သည့် "ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး” အစီအစဉ်တစ်ခုကို အကြုံပြုရန် ဆန္ဒကောက်ယူခြင်းဖြစ်သည်။ ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီးက မက်စ်ကို စစ်ပွဲနှင့် ပတ်သတ်၍ လိုလားချက်ကို မေးမြန်းရာ မက်စ်က ၎င်းသည် "ယူကရိန်းကိုသာ များစွာ ထောက်ခံနေဆဲဖြစ်ကြောင်း” သို့သော် "ကြီးမားကျယ်ပြန့်လာမှု” ကို စိုးရိမ်ကြောင်း တုန့်ပြန်ခဲ့သည်။

 

SpaceX သည် ယခင်က ယူကရိန်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေများအတွက်သာ Starklink ထုတ်လွှင့်မှုကို ကန့်သတ်ထားခဲ့ပြီး Starlink ဆက်သွယ်ရေးကို အားပြု၍ အခြားနယ်မြေများသို့ ချီတက်ခြင်းများ မပြုနိုင်ရန် ကန့်သတ်ထားသည်။ နောက်ပိုင်းတွင် SpaceX က နိုင်ငံ၏ ကျန်ဒေသများသို့ ယခုနှစ်အစောပိုင်းက တိုးချဲ့ထုတ်လွှင့်ပေးခဲ့သည်။ ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးသတင်းများက ရုရှားသိမ်းပိုက်ထားသည့် နယ်မြေများတွင် ရုရှားတပ်ဖွဲ့များ Starlink ဂြိုဟ်တု ဆက်သွယ်ရေးအသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်သည်ဟု ဆိုသည်။ ရုရှားက ကြားခံဝယ်ယူပေးသူများမှတဆင့် စက်ကိရိယာများ ဝယ်ယူနေခြင်းဖြစ်နိုင်ပြီး SpaceX ကမူ ရုရှားအစိုးရနှင့် သို့မဟုတ် စစ်တပ်နှင့် မည်သည့်နည်းလမ်းနှင့်မျှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း၊ ၎င်း၏ ဝန်ဆောင်မှုသည် ရုရှားတွင် အလုပ်မလုပ်ကြောင်း ပြောသည်။ ယူကရိန်းရှိ သိမ်းပိုက်ခံနယ်မြေများတွင် ဝန်ဆောင်မှု ပေးခြင်း ရှိ၊ မရှိ ၎င်းထုတ်ပြန်ချက်က ဖော်ပြထားခြင်း မရှိပေ။

 

Walter Isaacson ရေးသားသော မက်စ်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်မှ စစ်ပွဲတွင်း ဂြိုဟ်တုစနစ်အသုံးပြုမှုအကြောင်း ဖော်ထုတ်ခဲ့မှုအပြီး ယူကရိန်းက စောဒကတက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ခရိုင်းမီးယားကမ်းရိုးတန်းအနီး Starlink ဂြိုဟ်တု ဆက်သွယ်ရေးကွန်ယက် ဖွင့်ပေးရန် ယူကရိန်းက တောင်းဆိုခဲ့သော်လည်း မက်စ်က တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ရုရှားရေတပ်သင်္ဘောအုပ်ကို တိတ်တဆိတ် တိုက်ခိုက်မှု အနှောက်အယှက်ဖြစ်စေခဲ့သည်ဟု ၎င်းစာအုပ်တွင် ဖော်ပြထားသည်။

 

မက်စ်က ခရိုင်မီးယားအနီး Starlink ကွန်ရက် မဖွင့်ပေးရခြင်းမှာ ယူကရိန်းက ခရိုင်းမီယားကို တိုက်ခိုက်ပါက ရုရှားက နျူကလီးယားလက်နက်များဖြင့် ပြန်လည်တိုက်ခိုက်မည်ကို စိုးရိမ်ရသောကြောင့် ဖြစ်ကြောင်း၊ ရုရှားအကြီးတန်းအရာရှိများနှင့် မက်စ်တို့ စကားပြောဆိုမှုအရ ၎င်းစိုးရိမ်စိတ် ပိုမို ပြင်းထန်လာကြောင်း၊ ယင်းကဲ့သို့ မက်စ်က ကွန်ရက်ဖွင့်မပေးရန် ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းအရာရှိများက ဂြိုလ်တုဆက်သွယ်ရေး ပြန်လည်ဖွင့်ပေးရန် တောင်းပန်ခဲ့ရကြောင်း Isaacson က ရေးသားထားသည်။

 

မက်စ်နှင့် ပူတင်တို့ စစ်အကြောင်း၊ ပဋိပက္ခ ချုပ်ငြိမ်းရန် အဆိုပြုသော "ငြိမ်းချမ်းရေး စီမံကိန်း" အကြောင်း ပြောဆိုဆွေးနွေးခဲ့သည်ဟု အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် Ian Bremmer ကဆိုခဲ့ပြီး အောက်တိုဘာ ၂၀၂၂ ခုနှစ်တွင် မက်စ်က ငြင်းပယ်ခဲ့သည်။

 

Tesla နှင့် X တို့ကိုလည်း ပိုင်ဆိုင်ထားသည့် Musk သည် ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဓိက ဘဏ္ဍာရေးဆိုင်ရာ ထင်ရှားသူအဖြစ် ပေါ်ထွက်လာသည်။ ၎င်းက ထရန့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေသော super PAC(နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်မှု ကော်မတီ) တွင် အောက်တိုဘာလက ဒေါ်လာ ၄၄ သန်း နီးပါး ထည့်သွင်းခဲ့သည်။ ထိုသို့ ထည့်သွင်းခဲ့မှုကြောင့် ဘီလီယံနာ မက်စ်၏ ၎င်းအဖွဲ့သို့ လှူဒါန်းမှုမှာ ဒေါ်လာ ၁၁၉ သန်း နီးပါး ရှိလာသည်။ ၎င်းသည် ယခုလအတွင်း ပင်ဆယ်ဗေးနီးယား၊ ဘတ်တ်လာတွင် ပြုလုပ်သော ထရန့်၏ မဲဆွယ်စည်းရုံးပွဲခရီးစဉ်တွင်လည်း လာရောက် လူလုံးပြခဲ့သည်။

 

ပြီးခဲ့သည့်အပတ်တွင် မက်စ်သည် ပင်ဆယ်ဗေးနီးယားရှိ မြို့တော်ခန်းမတွင် ထရန့်အား ထောက်ခံရန် မဲပေးသူများကို တိုက်တွန်းသည့် အစည်းအဝေးများ ကိုယ်ပိုင်အစီအစဉ်ဖြင့် ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးများတွင် ၂၀၂၀ ရွေးကောက်ပွဲအကြောင်း အယူအဆအမှား အများအပြားကို မြှင့်တင်ပြောကြားခဲ့သည်။ ၎င်းအယူအဆများ မှားယွင်းကြောင်း ချေဖျက်ခဲ့ကြပြီး ဖြစ်သည်။ ထရန့်နှင့် မက်စ်တို့နှစ်ဦးက မက်စအတွက် အစိုးရအခန်းကဏ္ဍတွင် ပါဝင်နိုင်မှုကိုလည်း အများသိ ဆွေးနွေးခဲ့ကြသည်။

 

မကြာသေးမီရက်များအတွင်း မက်စ်က နှစ်ဘက်လွန်ဆွဲနေသည့် ပြည်နယ်များတွင် နေ့စဉ် ဒေါ်လာ ၁ သန်း မဲဖောက်ပေးရန် ကမ်းလှမ်းခဲ့သည့်အတွက် တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့ရသည်။ ၎င်းငွေပေးမှုသည် တရားမဝင်နိုင်ကြောင်း တရားရေးဝန်ကြီးဌာနက သတိပေးနေသည့်ကြားမှ မက်စ်၏ super PAC က ဒေါ်လာ ၁သန်း ဆု နှစ်ခုကို မီရှီဂန်နှင့် ဝင်ကိုစင်မှ မှတ်ပုံတင်ထားသည့် မဲပေးသူများကို ပေးအပ်ခဲ့သည်။

 

ကိုးကား - CNN

 

ပုံစာ - ဗလာဒီမာ ပူတင်နှင့် အီလွန်မက်စ် (Photo – Getty Images)

Burma Associated Press

 

SpaceX
ဗလာဒီမာပူတင်
အီလွန်မက်စ်

Share With
bap-logo