Politics
ရွေးကောက်ပွဲမှာ မဲမပေးရင် ထောင် (၃) နှစ် ချမယ််ဆိုပြီး သာကေတ အုပ်ချုပ်ရေးမှူးတွေ ခြိမ်းခြောက်
လွန်ခဲ့သော ၂ နာရီ က
BAP၊ ဒီဇင်ဘာ ၂၆။
စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲမှာ မဲမပေးရင် ထောင် (၃) နှစ် ချမယ်ဆိုပြီး ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်မှာနေထိုင်တဲ့ ပြည်သူတွေကို စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ နေထိုင်သူတွေက ပြောပါတယ်။
ဒီလိုထောင်ချမယ်ဆိုတာကို ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်သူတွေနဲ့ ထောက်ခံ စာကိစ္စအတွက် ရပ်ကွက်ရုံးရောက်ခဲ့သူတွေကို ပြောခဲ့တယ်လို့ဆိုပါတယ်။
"ခုဆိုတလမ်းလုံးကသူတွေ မဲမထည့်ဖို့ကိစ္စတွေ မပြောရဲကြတော့ဘူး၊ မဲမထည့်ရင်ထောင် (၃) နှစ် ချမယ် ဆိုတာကြောင့် အားလုံးကြောက်နေကြတယ်၊ လမ်းအလိုက်လမ်းမှူးတွေကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြတယ် "လို့ သာကေတမြို့နယ် (၆) ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲထည့်ဖို့နဲ့ မဲစာရင်းမှာ မပါဝင်ပါက ရပ်ကွက် ထောက်ခံစာတွေ မလုပ်ပေးဘူး ဆိုပြီး ပြောဆိုနေတယ်လို့ သာကေတမြို့နယ်နေသူတွေက ပြောကြပါတယ်။
လက်ရှိသာကေတမြို့နယ်က ရပ်ကွက်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီတွေဟာ လူငှားအင်အားသုံးပြီး လက်ကမ်းစာစောင်တွေ တအိမ်တက်ဆင်း လိုက်လံဝေငှနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ကြိုတင်မဲထည့်မယ့်လူစာရင်းတွေကို လိုက်လံကောက်ယူနေပြီး မဲမထည့်ရင် ထောင်ကျမယ်ဆိုတဲ့ ပြောဆိုမူတွေကြောင့် ကြောက်ရွံ့နေကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
"လူကြီးရှိလားဆိုပြီး လာမေးတယ်၊ စာရင်းပေးလိုက်ရတာပဲ ရပ်ကွက်ထဲစိတ်ဝင်စားသူမရှိကြဘူး၊ ပါတီတွေတော့ စာရွက်တွေလာဝေကြတာပဲ၊ မဲဆွယ်တဲ့စာရွက်တွေကိုလည်း အမိူက်ထဲမပစ်ရဲဘူး၊ လေးတွေဆော့ကစားပြီး စာရွက်ပြဲမှာလည်း စိုးရိမ်ရတယ်၊ တော်ကြာ သူတို့ရွေးကောက်ပွဲကို နှောက်ယှက်တယ်ဆိုပြီး ဖမ်းခံရမှာစိုးနေကြတယ်" လို့ သာကေတ မြို့နယ်နေသူတဦးက ပြောပါတယ်။
စစ်အုပ်စုဟာ အခုလာမဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်ကနေ စတင်ပြီး သူတို့စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို သုံးကြိမ်ခွဲ ကျင်းပသွားမှာပါ။
သာကေတမြို့နယ်ဟာ ရွေးကောက်ပွဲ အပိုင်း (၃) မှာ ပါဝင်မှာဖြစ်ပြီး ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာ စစ်အုပ်စုရဲ့ ကာလုံအဖွဲ့ဝင် အမူဆောင်ချုပ် အောင်လင်းဒွေးရဲ့တူမ ဝင်ပြိုင်မယ်လို့ သိရပါတယ်။
အပိုင်း (၁) ကို လာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ ခု၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် မြို့နယ် ၁၀၀ မှာ ကျင်းပသွားမယ်လို စစ်အုပ်စုက ကြေညာထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၃) ကို ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပအပြီး နှစ်ပတ်အကြာမှာ ဖြစ်ပါတယ်။