bap-logo
Politics

ကျွန်းလှမြို့ပေါ်တွင် ကြွေးကျန်မီတာပုံးများ ဖြုတ်သိမ်းခံနေရ

WBj-rRLln_JBFICTbd1wC-image

လွန်ခဲ့သော ၂ နှစ် က

ကျွန်းလှ၊ ဖေဖော်ဝါရီ ၁၃

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့တွင် မီတာခပေးဆောင်ရန် ကြွေးကျန်ရှိသည့် နေအိမ်များအား စစ်ကောင်စီ လက်အောက်ခံ မီတာရုံးဝန်ထမ်းများမှ မီတာပုံးများလိုက်ဖြုတ်နေပြီး၊ မီတာပြန်လည်တပ်ဆင်ရာ တွင်လည်း တပ်ဆင်ခ ထပ်မံပေးဆောင် နေရကြောင်း သိရသည်။

 

ယခင်က မီတာကြွေးကျန်များကို အရစ်ကျခွဲကာ၊ ပေးဆောင်ခွင့်ပြုထားရာမှ ကြွေးကျန်မှန်သမျှ အားလုံးကို ယခုနှစ် ဇန်နဝါရီလကုန်တွင် အပြီးပေးဆောင်ရန် စစ်ကောင်စီက လိုက်လံကြေငြာ ခဲ့ကြောင်း၊ ယင်းသို့ ကြေငြာပြီးနောက် ဖေဖော်ဝါရီ ၁ရက်မှ စ၍ ကြွေးကျန်များပေးဆောင်ရန် ကျန်ရှိသည့် နေအိမ်များမှ မီတာပုံး များကို လိုက်လံဖြုတ်ယူနေကြောင်း ကျွန်းလှမြို့ခံများမှ ပြောသည်။

 

"နှစ်လပိုင်းအထိ ဘယ်သူမှသိပ်မဆောင်ကြတော့ မီတာရုံးကလူတွေက မဆောင်တဲ့အိမ်တွေကို လိုက်ဖြုတ်ကြတယ်၊ စစ်ကောင်စီက နောက်ဆုံးဆောင်ရမယ့်အချိန်ကို ပြောပေမယ့် အတတ်နိုင်ဆုံး မဆောင်ဘဲ နေကြတယ်"ဟု ကျွန်းလှဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိတွင် ဒေသခံများအနေဖြင့် အလုပ်အကိုင်အခက်အခဲများကြောင့် မီတာခဆောင်ရန်မလွယ်ကူဘဲ အချို့နေအိမ်များတွင် ကျပ်၁၀သိန်းမှ သိန်း ၂၀ထိ မီတာခ ကုန်ကျကြောင်း၊ အချို့ဒေသခံများမှာ မီတာဆောင်ရန် မီတာရုံးတွင် သွားရောက်စောင့်ဆိုင်းနေချိန် မိမိအိမ်ရှိ မိတာပုံးကို လာရောက်ဖြုတ်ယူ သည်ကို ခံရကြောင်း၊ ထို့ပြင် အဖြုတ်ခံရသည့် မီတာပုံးများကို ပြန်လည်တပ်ဆင်ရာတွင်လည်း တပ်ဆင်ခ ၂၀၀၀ကျပ်ကို ထပ်မံ ပေးဆောင်ရကြောင်း သိရပါသည်။

 

"အခုရက်တွေ မီတာကြေးဆောင်ဖို့ မီတာရုံးမှာ မနက်၇ နာရီကစပြီးတန်းစီနေရတယ်။ တချို့ဆို ညနေထိ မပြန်ရဘူး။ ဒါတောင် ဖြတ်ပိုင်းမရဘူး။ နောက်ရက်မှယူရတဲ့သူတွေရှိတယ်" ဟု ကျွန်းလှဒေသခံက ဆိုသည်။

 

ကျွန်းလှမြို့ပေါ်တွင်စစ်ကောင်စီတပ်မှ လက်နက်ထောက်ပံ့ပေးထားသည့် ပျူစောထီးနှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများ အားကောင်းနေပြီး၊ မြို့ပေါ်တွင် နံနက် ၆ နာရီမှ ည ၈ နာရီအထိသာအပြင်ထွက် သွားလာခွင့်ပြုထားကာ၊ မြို့ပတ်လည်တွင်လည်း အဝင်အထွက်ဂိတ်များချထားပြီး ခရီးသွားပြည်သူ များထံမှ ငွေညှစ်တောင်းခံခြင်းများ အမြဲမပြတ်ပြုလုပ်လျက်ရှိနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူ များအဖွဲ့ မှသိရသည်။

 

Burma Associated Press

 

စစ်ကိုင်း
ကျွန်းလှ
စစ်ကောင်စီ

Share With
bap-logo