Weekly
တစ်ပတ်အတွင်း ပြည်တွင်းသတင်း ကောက်နုတ်ချက်
လွန်ခဲ့သော ၂ နှစ် က
နေရင်းထိုင်ရင်း ကုန်လွန်လာတဲ့ အချိန်တွေဟာ အရာရာအပြောင်းအလဲအတွက် တဖြည်းဖြည်း နီးကပ်လာနေခဲ့ တာမျိုးတော့ မဟုတ်သေးပေမဲ့ အပျက်အစီး၊ အဖိတ်အစင်တွေအတွက်တော့ နေ့စဉ်ကြုံတွေ့နေရတဲ့ နာရီတွေပဲ ဖြစ်ပါတယ်။ တချို့တွေ ပြုံးပျော်နေချိန် တချို့တွေ မျက်ရည်ဝေ့ကာ နာကျင်နေရချိန်တွေပါပဲ။ လွန်ခဲ့တဲ့ ၅ နှစ် လောက်ဆီ ပြန်လည် ရစ်ဖော်ကြည့်မယ်ဆိုရင် လမ်းတွေ၊ လူတွေ၊ သီချင်းသံတွေ၊ အပူအပင်ကင်းမဲ့မှုတွေ ဝေစည် နေတဲ့ နှစ်ကူး အတာသင်္ကြန်ကို ရောင်စုံမြင်တွေ့ရမှာဆိုပေမဲ့ စစ်အာဏာသိမ်းပြီးနောက် သင်္ကြန်ဟာ လူဆန်တဲ့၊ လူ့အသိစိတ်ရှိသူတွေအတွက် တိတ်ဆိတ်ခြောက်ကပ်ခြင်း သပ်သပ်လို့ ဆိုရမယ့်အရာဖြစ်ခဲ့တာပါပဲ။ တဖြည်း ဖြည်း ဆိတ်သုဉ်းလာတဲ့ ပျော်ရွှင်စရာတွေနဲ့ တရိပ်ရိပ်မြင့်တက်လာတဲ့ ပူပင်သောကတွေကြား အညာမြေကလည်း စစ်တလင်းဖြစ်ခဲ့ပေါ့။ ဒီလိုအခြေအနေတွေကြား ရှိနေတဲ့ နိုင်ငံရဲ့ ဖြစ်ပျက်ထဲက ယခုတစ်ပတ်အတွင်း သတင်းတ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
ပဇီကြီး လေကြောင်းတိုက်ခိုက်မှု
လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီလ ၁၁ ရက်မှာ စစ်ကိုင်းတိုင်း ကန့်ဘ လူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို လေကြောင်းကတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်တိုက်ခိုက် မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၁၆၀ နီးပါး သေဆုံးခဲ့ရပါတယ်။ ဒီသေဆုံးမှုဟာ ကချင်ပြည်နယ် ထဲက အနန့်ပါ၊ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရ တဲ့ ပြည်သူအရေအတွက်ထက် အဆများစွာ ပိုမိုတဲ့ လူသေဆုံးမှုပဲဖြစ်ပါတယ်။ အဆိုပါ လေကြောင်း ပစ်ခတ်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဝန်ခံထားခဲ့ပါတယ်။ ပဇီ ကြီးရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ အာဆီယံနဲ့ ပြင်သစ်နိုင်ငံတို့က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပေမဲ့ ကုလသမဂ္ဂမှာ တော့ တရုတ်နဲ့ရုရှားရဲ့ ငြင်းပယ်မှုကြောင့် လုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်နိုင်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ် ကျူးလွန်နေတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမဆန်မှုတွေထဲက ဆိုးဆိုးရွားရွား ထပ်မံကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တစ်ခုအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ ဘက်က ဆိုထားပါတယ်။
အ, သင်္ကြန်
အနှစ်သာရ ပြည့်ဝ အဓိပ္ပာယ်ရှိလှတဲ့ နှစ်ကူးအတာ သင်္ကြန်ပွဲတော်ဟာ စစ်ကောင်စီတပ်ရဲ့ သွေးစွန်းလက်ကြားမှာ အ,သင်္ကြန် ဖြစ်ခဲ့တာ ၃ နှစ်ရှိခဲ့ပါပြီ။ သင်္ကြန်ကို စည်ကားအောင် ဖန်တီးပုံဖော်ချင်တဲ့ စစ်ကောင်စီတပ်ဟာ နည်းမျိုး စုံအသုံးပြုပြီး အကောင်အထည်ဖော်နေပေမဲ့ သင်္ကြန်ဟာ ပွဲတော်အဖြစ် ပုံပေါ်မလာဘဲရှိနေခဲ့ပါတယ်။ ယခုနှစ် သင်္ကြန်ကို ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ ပိုမိုစည်ကားအောင် စစ်ကောင်စီက ကြိုးစားခဲ့ပေမဲ့ လမ်းမတွေ ကတော့ ခြောက်ကပ်တိတ်ဆိတ်စွာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။ သင်္ကြန်အကြိုနေ့ မနက် ၁၁ နာရီခန့်မှာတော့ စစ် ကောင်စီတပ်ရဲ့ မဏ္ဍပ်တည်ရှိရာ လားရှိုးမြို့ ရန်တိုင်းအောင်ဘုရာအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူသေဆုံးမှု ရှိခဲ့ ပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့ သာကေတမှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ကတော့ သင်္ကြန် တွင်း လုံခြုံရေးကို အထူးတင်းကြပ်ထားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် တော် လှန်ခဲ့တဲ့ အနုပညာရှင်တချို့ စစ်ကောင်စီ တပ်ရဲ့ မြန်မာဘီယာမဏ္ဍပ်မှာ ရှိနေကြတဲ့ဓာတ်ပုံတချို့ လူမှုကွန်ယက် မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
စစ်ကောင်စီယာဉ်တန်းကို CNA ရှင်းလင်း
ချင်းပြည်နယ်အတွင်း ချင်းကာကွယ်ရေးတပ် (CNA) နဲ့ စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲတွေ ရှိနေခဲ့ပြီး ဧပြီ လ ၁၃ ရက်မှာ ဟားခါးကိုသွားတဲ့ စစ်ကောင်စီ စစ်ယာဉ်တန်းနဲ့ လက်နက်ပစ္စည်း တွေအားလုံးကို ချင်းကာကွယ် ပူး ပေါင်းအဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CNA ရဲ့ ထုတ်ပြန်ချက်အရ ဟားခါးမြို့နယ် ချွန် ကျုံး ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကားနှစ်စီးနဲ့ ယာဉ်တန်းကို CNA နဲ့ မဟာမိတ်တပ်များက ပူး ပေါင်း ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ချွန်ကျုံးရွာအနီးကို စစ်ကောင်စီတပ်ဟာ ဧပြီလ ၁၂ ရက်ညပိုင်းနဲ့ ၁၃ ရက် မနက်ပိုင်းတွေမှာ လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၁ ရက်ကလည်း ချွန်ကျုံးရွာကို မီး ရှို့ခဲ့တာကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။ မတ်လကစတင်ပြီး ကလေးကနေ ဟား ခါးကို စစ်ကြောင်းသွားနေတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အကြိမ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့သလို သံချပ်ကာ ကားအပါအဝင် ယာဉ်တန်းနဲ့ ရိက္ခာတွေလည်း စွန့်ပစ် ထားခဲ့ရတာဖြစ်ပါတယ်။
ကချင်ဒေသ မြေရှားသတ္တု တူးဖော်မှု ဒေသခံတွေ ကန့်ကွက်
ကချင်ပြည်နယ် မံစီမြို့နယ် အင်ဘာပါ ကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတချို့ဟာ မြေရှားသတ္တု ရှာဖွေတူးဖော်နေတာတွေ ရပ်တန့်ဖို့ ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်းတွေက ဧပြီလ ၁၃ ရက်မှာ သ ဘောထား ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ KIO ထိန်းချုပ်နယ်မြေ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ ဒေသခံ ပြည်သူ တွေကို ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ မြေရှားသတ္တုတူးဖော်နေတာ နှစ်အတော်ကြာနေပြီး ဆက်လက်တူးဖော်ဖို့ပြင်ဆင် နေတဲ့အတွက် ရပ်တန့်ဖို့ လူထုအခြေပြုအဖွဲ့တွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မြေရှားသတ္တုရှာဖွေတူးဖော်မှု ကြောင့် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်နဲ့ သမိုင်းဝင်အမွေအနှစ်မြေနေရာတွေ ထိခိုက်ပျက်စီးနေသလို ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေးကို ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒါကြောင့် ဒေသခံ တွေရဲ့ သဘောထားမပါဘဲ လုပ်ဆောင်နေမှုတွေ ရပ်တန့်ပေးဖို့၊ သဘာဝသယံဇာတကို အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေ လျှော့ချဖို့၊ ဒေသခံလူထုရဲ့ ဖွံ့ဖြိုးရေးနဲ့ ရေရှည်တည်တံ့တဲ့ သယံဇာတအပေါ် မှီခိုမှုကင်းတဲ့ စီးပွားရေး စနစ်ကို နည်းလမ်းရှာပြီး အကောင်အထည်ဖော်ဖို့ လူထုအခြေပြု အဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ချင်း လေကြောင်းတိုက်ခိုက်မှု အရပ်သား ၉ ဦး သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့ ဝေဘူလမြို့ပေါ်သို့ စစ်ကောင်စီတပ်က ဧပြီလ ၁၀ ရက် မနက် ၁၁ နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန် သင်းအုပ်ဆရာတော်တစ်ပါး၊ ဖလမ်းမြို့နယ် ကြားကာလပညာရေး ဘုတ်အဖွဲ့လက်အောက်ရှိ ပြည်သူ့ကျောင်းမှ ကျောင်းအုပ် ဆရာကြီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၉ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြခဲ့ပါတယ်။ သေဆုံးသူတွေ ဟာ အမျိုးသား ၆ ဦး ၊ အမျိုးသမီး ၃ ဦး ဖြစ်ပါတယ်။ ဒါ့ပြင် အနည်းဆုံး ၄ ဦးလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာလည်း ဖလမ်းမြို့ ၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သလို ဧပြီလ ၆ ရက် က လည်း ရမ်ထလို ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေ အိမ် ၁၇ လုံးမီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Burma Associated Press