Urban Life
ကျီးကန်းတောင်းမှောက် နေ့တွေ
လွန်ခဲ့သော ၃ နှစ် က
နေအိမ်မှထွက်ရန် အားလုံးအသင့်ဖြစ်သည်နှင့် မအိ၏လက်သည် ဖုန်းထံ အလိုလိုရောက်သွားသည်။
အပြင်မထွက်မီ ဖုန်းအတွင်းရှိ facebook အကောင့်ကိုထွက်၊ အခြားအကောင့်တစ်ခုသို့ပြောင်း။ ဖုန်းအတွင်းရှိ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပုံများကိုဖျက်၊ သူငယ်ချင်းများနှင့် မက်ဆင်ဂျာတွင် ပြောထားသည်များကိုဖျက်၊ သေချာပြီလား အထပ်ထပ်စစ်။ ထို့နောက် တထိတ်ထိတ်စိတ်ကို ရင်ဝယ်ပိုက်ကာ အိမ်ပြင်သို့ထွက်ရသည်။
နေ့စဉ်အိမ်ပြင်ထွက်ကာ ဝယ်သူများထံ ပစ္စည်းလိုက်ပို့ရသည့် မအိအတွက် အထက်ပါအလုပ်သည် နိစ္စဓူ၀ ကိစ္စတစ်ခုဖြစ်နေသည်မှာ စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကတည်းကဖြစ်သည်။ စစ်ကောင်စီ တပ်များက လမ်းသွားလမ်းလာများအား စစ်ဆေးနေသည်ကို ကားပေါ်မှ မကြာခဏ တွေ့မြင်ရသည့်အတွက် စိုးရိမ်စိတ်က ဖိစီးနေသည်။သို့သော် ကိုယ့်စီးပွားရေးကလည်း အပြင်ကို မသွားမဖြစ်သွားရသည့် အခြေအနေမို့ အဘက်ဘက်က စိတ်ချရစေရန် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်။
“အရင်က ကိုယ့်ဖုန်းတောင် ကိုယ်သတိမထားမိဘူး ။ ခုကအဲ့လိုမဟုတ်တော့ဘူး သူတို့က ဖုန်းတွေပါယူစစ်တာ ဆိုတော့ privacy ဆိုတာမရှိတော့ဘူးလေ” ဟု မအိကပြောသည် ။
သာကေတတွင် နေထိုင်သည့် မနော်သည်လည်း ထိုနည်းနှင့်ပင်။ စစ်သားနှင့်ရဲများ၏ စစ်ဆေးမှုကို လေးကြိမ် ထက်မနည်းကြုံတွေ့ဖူးခဲ့သဖြင့် အရာရာကို သတိထားတတ်နေခဲ့ပြီ။ ၎င်းတို့သည် လမ်းသွားလမ်းလာများသာ မက အိမ်စီးကားများ၊ တက္ကစီများပါမကျန် တား၍ စစ်ဆေးလေ့ရှိကြသည်။ ဖုန်းများကို စစ်ဆေးသည့်အခါ Photo Gallery မှအစ application များ၊ phone call log များအထိ ဝင်ကြည့်လေ့ရှိကြောင်း မနော်ကပြောသည် ။
“faceook ကို uninstall လုပ်ထားရင်လည်း install ပြန်လုပ်ခိုင်းပြီးစစ်တာ” ဟု မနော်က ပြောသည်။ ထို့ပြင်ဖုန်း call log တွင် အကြိမ်ရေများစွာ ခေါ်ထားသည့်ဖုန်းနံပါတ်ရှိပါက စစ်ဆေးမေးမြန်းသည်ဟုလည်း ဆိုသည် ။
“သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်တာ ခြောက်ခါခုနှစ်ခါဖြစ်သွားတာ ဘာလို့ဒီလောက်ခေါ် ထားတာလဲဆိုပြီး တော့မေးတယ် “ဟု တာမွေ ယုဇနပလာဇာအရှေ့တွင် စစ်ဆေးခံခဲ့ရသည့် အတွေ့အကြုံကို မနော်ကပြန်ပြော ပြသည်။
ရန်ကုန်သာမက အဝေးပြေးခရီးများတွင်လည်း အစစ်အဆေးမလွတ်။ နေပြည်တော်မှ ရန်ကုန်လာမည့် ကိုမောင်မြင့်သည် ခရီးမထွက်မီ ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဒေတာများဖျက်ခဲ့ရပြီး ဖုန်းကတ်အသစ်လဲပြီးမှ ခရီးကို စတင်ခဲ့သည်။ မျှော်လင့်ထားသလိုပင် လမ်းတွင်နှစ်ကြိမ် အစစ်အဆေးခံခဲ့ရသည်။
“ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘာအလုပ်လုပ်တာလဲ အကုန်မေးတာ “ဟု ကိုမောင်မြင့်က သူဖြတ် သန်းခဲ့သော အမြန်လမ်းအတွေ့အကြုံကို ပြောပြသည်။နေအိမ်မှ အပြင်သို့ထွက်ရာတွင် ထိုသို့ လက်ကိုင် တယ်လီဖုန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ဆေးမှုရန်က ရှောင်လွဲနိုင်ရန် ကြိုတင်ပြင်ဆင်ရသည်သာမက အဝတ်အစားပုံစံ၊ အရောင်ကအစ ဝတ်ဆင်ရာ၌ တွေးပူပန်ရကြောင်း မမြူက ပြောသည်။
“ ငါ့များ ဆန္ဒပြမယ့်ရုပ်လို့ ထင်သွားမလား၊ အင်္ကျီအမည်း ဝတ်သွားလို့ဖြစ်ပါ့မလား၊ တွေးပြီးစိုးထိတ်နေရတာ။ နေ့စဉ်ဘဝက တကယ့်ကို မလုံခြုံတော့၊ မလွတ်လပ်တော့တာ” ဟု မမြူက ပြောသည်။
“ ငါ့များ ဆန္ဒပြမယ့်ရုပ်လို့ ထင်သွားမလား၊ အင်္ကျီအမည်း ဝတ်သွားလို့ ဖြစ်ပါ့မလား၊ တွေးပြီးစိုးထိတ်နေရတာ။ နေ့စဉ်ဘဝက တကယ့်ကို မလုံခြုံတော့၊ မလွတ်လပ်တော့တာ” ဟု မမြူက ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၇ ရက်အထိစာရင်းများအရ ပြည်သူ ၈၈၃ ဦး ကျဆုံးကာ ၅,၁၈၃ ဦးဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းများကဆိုသည်။
ထို့ပြင် ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ရိုက်နှက်ဖမ်းဆီးခြင်း ၊ ညဉ့်အချိန်ဧည့်စာရင်း စစ်ဟန်ဆောင်၍ ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ လူနေရပ်ကွက်များအတွင်း လက်နက်များဖြင့်ဝင်ရောက် ပစ်ခတ်ခြင်း နှင့် လက်နက်များကိုင်ဆောင်၍ လှည့်လည်ခြိမ်းခြောက်ခြင်းများသည် နေ့စဉ်၊ ညစဉ်ကြုံမက်နေရ သော မြန်မာပြည်သူတို့၏ အိပ်မက်ဆိုးပင်ဖြစ်သည်။
ဇွန်လ ၂၅ ရက် ညကိုးနာရီခန့်တွင် ဂိုဒေါင်သော့မေ့ကျန်၍ ပြန်ယူသော မုံရွာမြို့မှအရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမေးအမြန်းမရှိဘဲ သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
ဇွန်လ ၂၃ ရက် ညကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦးသည် နေရာ၌ပင်သေဆုံးခဲ့ပြီး အမျိုးသမီးသည် ပေါင်တွင် ကျည်ဆန် ထိမှန်၍ သွေးထွက်လွန်ပြီး သေဆုံးခဲ့သည်။
ထိုသို့ ဥပဒေမဲ့ပရမ်းပတာ အကြမ်းဖက်မှုများကြောင့် စစ်ကောင်စီတပ်များကို မြင်ရုံဖြင့်ပင် ပြည်သူများတွင် စိတ်မလုံခြုံမှုကို ခံစားနေရခြင်းဖြစ်သည်။“ခုက ကိုယ့်ဘေးက စစ်ကားဖြတ်သွားရင်တောင် ဒုက္ခပဲ၊ ငါ့တော့ စစ်တော့မလား ဆိုပြီးစိတ်ပူရတယ် ။ “ ဟု မနော်ကပြောသည်။
ထို့ပြင် စစ်သားများနှင့်ရဲများသည် လမ်းများပေါ်၌ လှည့်လည်သည့်အခါ လက်နက်ကိုကိုင်၍ stand by အနေအထားမျိုး၊ ကားပေါ်မှနေ၍ လမ်းသွားလမ်းလာများထံ ပစ်ခတ်ရန် လှမ်းချိန်ထားသည့် အနေအထားမျိုး၊ ဒိုင်းကာပေါ် သေနတ်တင်၍ အသင့်ပြင်ထားသော အနေအထားမျိုး၊ သဲအိတ်များအပေါ် သေနတ်တင်၍ ချိန်ရွယ်ထားသည့် အနေအထားမျိုးသည် ပြည်သူများအား ချက်ချင်းလက်ငင်း ပစ်တော့မည့်အလား ခြိမ်းခြောက် နေသကဲ့သို့ပင်ဖြစ်သည်။
စိတ်မထင်လျှင် မထင်သလို သေနတ်မောင်းခလုတ်ကို ဆွဲလိုက်ပါက အနီးအနားရှိ ပြည်သူတစ်ယောက်ယောက် ကျည်ထိမှန်သွားနိုင်သည့် အနေအထားမျိုးဖြစ်၍ ပြည်သူအများ စိတ်စိုးရိမ်ပူပန်ကြသည်က အလွန်မဟုတ်ပေ။
“ကိုယ်တွေကားရှေ့မှာစစ်ကား၊ အဲ့စစ်ကားပေါ်က စစ်သားနှစ်ယောက်က နောက်ဆုံးမှာထိုင်တာ သေနတ်ကို ဒိုင်းကာပေါ်တင်ပြီး နောက်ကိုချိန်ထားတာ၊ မတော်ကျည်တွေဘာတွေထွက်သွားရင် ဘယ်လိုလုပ်မလဲ “ ဟု မအိက တောင်ဥက္ကလာမြို့နယ်တွင် သူမြင်ခဲ့ရသည်ကိုပြန်ပြောသည် ။
“ကိုယ်တွေကားရှေ့မှာစစ်ကား၊ အဲ့စစ်ကားပေါ်က စစ်သားနှစ်ယောက်က နောက်ဆုံးမှာထိုင်တာ သေနတ်ကို ဒိုင်းကာပေါ်တင်ပြီး နောက်ကို ချိန်ထားတာ၊ မတော်ကျည်တွေဘာတွေထွက်သွားရင် ဘယ်လိုလုပ်မလဲ “ ဟု မအိက တောင်ဥက္ကလာမြို့နယ်တွင် သူမြင်ခဲ့ရသည်ကိုပြန်ပြောသည် ။
စစ်ကောင်စီတပ်များသည် လူသွားလူလာများသည့်နေရာများတွင် အထိုင်ချတပ်စွဲသလို လူကူးခုံးကျော် တံတားများပေါ်၌လည်း နေရာယူထားတတ်သည်။ ဥပမာအားဖြင့် ဘေလီတံတားထိပ်၊ ချော်တွင်းကုန်း၊ ကမ္ဘာအေးစာတိုက်၊ ရှစ်မိုင်လမ်းဆုံ၊ လှည်းတန်း နှင့်မြေနီကုန်းတို့တွင် အမြဲလိုလိုရှိနေတတ်သည်။ မီးပွိုင့်များ၏ ချောင်ကျကျ နေရာများတွင် အသာကွယ်၍ နေကြသည်လည်းရှိ၊ လူကူးခုံးကျော်တံတားပေါ်မှ လက်နက်များ ကိုင်၍ လမ်းသွားလမ်းလာများကို စီးမိုးကြည့်နေခြင်းမျိုးလည်း လုပ်လေ့ရှိသဖြင့် လမ်းပေါ်သွားလာနေရသူ များသည် အရာရာကို သတိထား နေကြရသည်။
စစ်သားနှင့်ရဲများအတွက် မည်သို့သောအကြောင်းကြောင့် ကျည်ဆန်တစ်တောင့်ထွက် သွားသည်ဖြစ်စေ၊ ထိုကျည်တစ်တောင့်က အိမ်ထဲတွင်ထိုင်နေသော ပြည်သူတစ်ဦး၏ရင်ဝကို ထိမှန်သွားသည်ဖြစ်စေ၊ ပြည်သူ တစ်ယောက် ကျည်ထိမှန် သေဆုံးသွား၍လဲ ပြဿနာမရှိ။ ပြည်သူ ၁၀ ယောက် ကျည်ထိမှန်သေဆုံးလဲ ပြဿနာ မရှိ။ အလျှောက်တော်လျှင် ဘွဲ့ထူးဂုဏ်ထူးတောင် ချီးမြှင့်ခံရနိုင်သည့် အာဏာရူးတို့ မင်းမူနေသည့် ကာလတွင် ကိုယ့်အိမ်ထဲကိုယ် ဘုရားရှိခိုးနေသည့်တိုင် သတိကြီးကြီးထားနေရသည့် ဘဝဖြစ်သည်။
“သွားရလာရတာ အရင်လို လွတ်လွတ်လပ်လပ်မရှိတော့တာ အမှန်ပဲ “ ဟု မအိကဆိုသည် ။
လူမှုကွန်ရက်ပေါ် လွတ်လပ်ရေးရခဲ့သည့် ဘဝသည် စစ်အကြမ်းဖက်တို့၏ သွက်သွက်ခါ အာဏာရူးမှုကြောင့် တစ်စစီဖြစ်ခဲ့ရပြီ။ အချိန်မရွေး ကျည်ထိမှန်သေဆုံးသွားနိုင်သည့်၊ သေဆုံးဖို့ရန်လွယ်ကူသည့် ကာလတွင် နေဖို့က တစ်နေ့တခြား ခက်ခဲလာသည်။ ပြည်သူအများ သေဆုံးမှုအတွက် တာဝန်ခံမှုလည်းမရှိသည့် စစ်အာဏာ ရှင်၏ လက်အောက်တွင် တဝမ်းတခါးအတွက် လမ်းမပေါ်သွားလာရင်း တထိတ်ထိတ်စိတ်ဖြင့် ပြည်သူတို့ ဝမ်းစာ ထွက်ရှာနေရခြင်းဖြစ်သည်။
“facebook က ကာတွန်းလေးကို ကြိုက်လို့ ရှဲလ်ထားတာပဲ ဖြစ်ဖြစ် အပြင်သွားမယ်ဆိုတာနဲ့ ဖျက်ပစ်ရတာမျိုး ရှိတယ်။ နေရတာ စိတ်ကမလုံခြုံဘူး “ဟု မနော်ကဆိုသည်။