Politics
နိုင်ငံကူးလက်မှတ်အမြန်လိုချင်သူတွေ နေပြည်တော်ထိသွားနေ၊ ပတ်စ်ပိုစ့်တစ်ခု သိန်း ၂၀ နီးပါး ဈေးပေါက်နေ
လွန်ခဲ့သော တစ်နှစ် က
BAP၊ ဖေဖော်ဝါရီ ၁၇။
နိုင်ငံခြားထွက်ဖို့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ့်) အမြန်လိုချင်သူတွေ နေပြည်တော်မှာသွား လုပ်နေ ကြရပြီး ပွဲစားတွေကတဆင့် လုပ်ပါက ငွေကျပ်သိန်း၂၀ ကျော်အထိပေါက်ဈေးပေးပြီး လုပ်နေကြရ တယ်လို့ စုံစမ်းသိရှိရပါတယ်။
ရန်ကုန်မှတ်ပုံတင်ကိုင်ဆောင်ထားသူအချို့က ရန်ကုန်မြို့မှာ ပတ်စပိုစ့် QR ကုတ်ကို အွန်လိုင်းကသာယူ နေကြရပြီး လာမဲ့ ဇူလိူင် လပိုင်းမှ ရရှိမယ့်အနေအထားဖြစ်နေလို့ နေပြည်တော်နဲ့ မြဝတီမြို့တွေမှာ စာအုပ်သွားလုပ်နေကြရတာလို့ ပတ်စ်ပိုစ့်စာအုပ်လုပ်သူအချို့က ပြောပါတယ်။
"ပုံမှန်အတိုင်းလုပ်ရင် အွန်လိုင်းရက်ချိန်းက ၅ လ၊ ၆ လ လောက်ကြိုယူရတာမို့ အမြန်သွားရမယ့် သူတွေက နေပြည်တော်ထိသွားလုပ်ကြတယ် ခရီးစရိတ်မပါဘူး သိန်း၂၀ ကုန်နေတယ်၊ ပွဲစားကနေပဲ လုပ်ရတာပေါ့၊ ရုံးဝန်ထမ်း တွေကတဆင့်ချိတ်ကြရတာ" လို့ရန်ကုန်တိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူ ပတ်စ်ပိုစ့်လုပ်ခဲ့သူတဦးက ပြောပါတယ်။
နေပြည်တော်နဲ့မြဝတီမြို့မှာ စာအုပ်လုပ်ရင် ဒေသအသီးသီးကမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို စာအုပ်ပြုလုပ်ခွင့်ရနေပြီး၊ အခြားပြည်နယ်နဲ့တိုင်းတွေကတော့ မြို့နယ်အလိုက်ဒေသမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကိုသာပြုလုပ်ပေးနေတာလို့ သိရပါတယ်။
ပြည်နယ်နဲ့တိုင်းအလိုက် သက်ဆိုင်ရာမြို့တွေမှာ ကြိုတင်ရက်ချိန်းရဖို့ လူတထောင်နီးပါးအထိ တန်းစီနေကြရပြီး၊ရန်ကုန်တိုင်းကတော့ အွန်လိုင်းကနေ QR ကုတ်ပြုလုပ်နေကြရတာဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ်စာအုပ်ရယူလိုသူတွေဟာ နေပြည်တော်မှာပြုလုပ်ရင်သိန်း၂၀၊ မြဝတီမှာလုပ်ရင် ၁၅ သိန်း ဝန်းကျင်နဲ့ အခြားဒေသတွေမှာလဲ စာအုပ်အမြန်ပြုလုပ်ပါက အနည်းဆုံး၅သိန်းကျပ်အထိ ကုန်ကျနေတာလို့ ဆိုပါတယ်။
"ပွဲစား ဆိုတာလည်း သူတို့ရုံးကလူတွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတာများတာပဲ ၊ ဒေသရုံးတွေကို ပြန်ဖို့ အဆင်မပြေသူတွေက မြဝတီမှာလုပ်တာ ၁၃ သိန်းကုန်ခဲ့တယ် အမြန်လိုလို့လုပ်ခဲ့ရတာပါ "လို့ပတ်စ်ပိုစ့် အမြန်ပြုလုပ်ခဲ့သူတဦးကပြောပါတယ်။
လတ်တလော ပြည်ပထွက်ခွာ အလုပ်လုပ်ချင်သူတွေဟာ ပွဲစားတွေကနေတဆင့်သာ အမြန်ပြုလုပ်နေကြပြီး ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ တောင်ကြီးမြို့မှာပြုလုပ်ပါက ၅ သိန်း၊ စစ်ကိုင်း၊ ပဲခူး၊ ပုသိမ် စတဲ့မြို့တွေမှာလဲ ၈ သိန်း ကနေ ၁၀ သိန်းထိပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
"အရေးပေါ်ကိစ္စ၊ ကျန်းမာရေးကိစ္စကျောင်းကိစ္စတွေအတွက် ဥက္ကဋ္ဌ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့ကို လျှောက်ထားလို့ရတယ် အချက်အလက်တွေတော့ မှန်ကန်ဖို့လိုတယ် တကယ့် အရေးကြီးသူဆိုရင်လုက်ပေးတယ်၊ ပုံမှန်ကတော့တန်းစီစနစ်နဲ့ပဲလုပ်ပေးနေကြတယ်"လို့ ဝန်ထမ်း တဦးက ပြောပါတယ်။
ပြည်သူ့စစ်မူထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက် ပတ်စ်ပို့စ် လျှောက်ထားသူဦးရေ များပြားနေတာ ကြောင့် စာအုပ်အမြန်ရဖို့ ပွဲစားတွေ၊ကနေတဆင့်ချိတ်ဆက်လုပ်ကိုင်နေကြရတာလို့ ပတ်စ်ပိုစ့် လုပ်သူအချို့ကပြောပါတယ်။
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က