bap-logo
Urban Life

ပုန်ကန်မှုတွေကြားက ခေါင်းပြူလာနေတဲ့ အောင်ဘာလေ

SvNyVO4zj3jng11hCLBNB-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ ဖေဖော်ဝါရီ ၂၃။

 

“လှံထမ်းလာသည်ကို မြင်ရ၊ ကံထမ်းလာသည်ကို မမြင်ရ”

 

အထက်ပါစကားသည် မြန်မာတို့အတွက် ကံဟူသည့်အရာနှင့်ပတ်သတ်သည့် စွန့်စားစမ်းသပ်လိုမှုကို တွန်းအား ဖြစ်စေသည့် စကားစုတစ်ခုဖြစ်သည်။

 

ထိုမမြင်ရသည့် ကံကို စမ်းသပ်ကြည့်မှုတွင် ထီထိုးခြင်းအမှုလည်း တစ်ခုပါဝင်နေသည်။

 

အရင်ကတည်းကဖွင့်တယ် အခုမှအဝယ် ပြန်လိုက်လာတာဟု ရန်ကုန်မြို့လူစည်ကားရာအရပ်တွင် ထီရောင်း နေသည့် သက်လက်ပိုင်းအရွယ် အမျိုးသမီးကဆိုသည်။

 

ထိုအမျိုးသမီးရောင်းသည့်ထီသည် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်တွင်းအခွန်များဦးစီးဌာနက ဖွင့်လှစ်သည့် အောင်ဘာလေထီ ဖြစ်သည်။

 

လွန်ခဲ့သည့် နှစ်နှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ဝင်ငွေရနိုင်သည့် အခွန်စီးဆင်းမှုကို  ဖြတ်တောက် သည့် ဘူး သပိတ်” အပါအဝင် မျိုးစုံသော လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။

 

ယင်းတို့တွင် အစိုးရ အခွန်ဦးစီးဌာန၏ ထီလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် အစိုးရပိုင် အောင်ဘာလေထီသည် ပြည်သူလူထုက ဆက်လက်အသုံးပြုရန် ဆန့်ကျင်သပိတ်မှောက်နေသည့် ထိပ်ဆုံးကုန် ပစ္စည်းများအနက် တစ်ခုဖြစ်သည်။

 

စစ်တပ်နှင့်ဆက်နွယ်နေသည့်လုပ်ငန်းများတွင် ဆင်းကဒ်၊ ဘဏ်၊ အင်တာနက်ဝန်ဆောင်မှု၊ စားသောက်ကုန် စသည့် အခြေခံအကျဆုံး အဆောက်အအုံများ အထိပါဝင်နေသည်။

 

နွေဦးတော်လှန်ရေး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီပိုင်နှင့် ၎င်းနှင့်ဆက်နွယ်သော လုပ်ငန်းများနှင့် ထုတ်ကုန်များ အားလုံးကို အလုံးစုံ သပိတ်မမှောက်နိုင်သေးပေ။ အသုံးမပြု၍ ရနိုင်သေးသည့်ထုတ်ကုန် သို့မဟုတ် အစားထိုးရန်လွယ်ကူသည့် ထုတ်ကုန်များကိုသာ ဆန့်ကျင်သပိတ်မှောက်နိုင်သေးသည်။

 

စစ်ကောင်စီဖွင့်သည့် အောင်ဘာလေထီလက်မှတ်

 

အောင်ဘာလေထီလုပ်ငန်းသည် ပြည်သူများအတွက် အခြေခံအဆောက်အအုံကဲ့သို့ မရှိမဖြစ် လိုအပ်ချက် တစ်ခုဟု ဆိုရန် ခက်လှသည်။ အစိုးရတစ်ရပ်က အခွန်ငွေကောက်ရန်ခက်သည့် ယင်း၏ ပြည်သူများထံမှ ငွေရလွယ်သည့် တရားဝင်လောင်းကစားတစ်ခုဟုဆိုလျှင်လည်း မမှား။

 

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ပုန်ကန်မှုအရှိန်မြင့်ခဲ့သည့် ကာလများ တစ်လျှောက်တွင် အောင်ဘာလေထီလုပ်ငန်းမှ အမြင့်ဆုံးဆုကြေးငွေပမာဏသည် ယခင်ထက် ၇၀ ရာခိုင်နှုန်း ဝန်းကျင်သို့ လျော့ကျသွား​ခဲ့သည်

 

အာဏာမသိမ်းမီက အောင်ဘာလေထီလုပ်ငန်းမှ အမြင့်ဆုံးဆုကြေးအဖြစ်ပေးနိုင်သည့် သိန်း တစ်သောင်းခွဲသည် ယခု သိန်းငါးထောင်သာ ဖွင့်နိုင်သည်အထိ တဟုန်ထိုးလျော့ကျသွားသည်။

 

စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၁ ဇန်နဝါရီလအတွင်း ရောင်းချခဲ့သည့် ၂၄ ကြိမ်မြောက် ထီလက်မှတ်များတွင် ထပ်မံထုတ်သည့်အရန်ထီအပါအဝင် အက္ခရာ (က)မှ (ကဈ)ထိ အက္ခရာ ၄၂ လုံးထိ ပါဝင်ခဲ့သည်။

 

ယင်းနှစ် ဖေဖော်ဝါရီ ၁ တွင် ဖွင့်ခဲ့သည့် ဆုမဲများမှာလည်း အမြင့်ဆုံး သိန်း တစ်သောင်းခွဲနှင့် အနိမ့်ဆုံး ငါသောင်းကျပ် ဖြစ်သည်။ ထိုလတွင် ဘဏ္ဍာသိမ်းရငွေမှ သိန်း ၂,၅၀၀ အတွက် ဆယ်သိန်း၊ သုံးသိန်း၊ နှစ်သိန်းနှင့် တစ်သိန်းဆုများ ဖွင့်လှစ်ခဲ့သေးသည်။ တတိယအမြင့်ဆုံး သိန်းငါးထောင်ဆုအတွက် နှစ်မဲဖွင့်ကာ သိန်းနှစ်ထောင်အတွက် ဆုလေးမဲဖွင့်ခဲ့သည်။ သိန်းတစ်ထောင်ဆု ၈ ခုနှင့် ကျန်ဆုမဲများတွင် အနည်းဆုံး ၁၀ ခုထက်မနည်း ဖွင့်ခဲ့သည်။

 

အာဏာမသိမ်းမီက ထုတ်ပြန်ခဲ့သည့် အောင်ဘာလေသိန်းဆုဌာန၏ ကြေညာချက်

 

စစ်အာဏာသိမ်းမှု​​​နောက် အောင်ဘာ​လေထီလုပ်ငန်းမှာမူ ပြည်သူများသပိတ်​မှောက်မှု​ကြောင့် မြင်ရသည့် ဆု​​ကြေးဂဏန်းအ​ရေအတွက်သာမက မမြင်ရသည့်​ဆု​ကြေး​ငွေတန်ဖိုးလည်း ကျဆင်းလျက်ပင် လည်ပတ်​နေသည်။ ထိုသို့လည်ပတ်ရင်း နှစ်နှစ်ခန့်ကြာသည့် ယခုကာလတွင် စစ်ကောင်စီ၏ အောင်ဘာလေထီ လုပ်ငန်းသည် ဆန့်ကျင်သပိတ်မှောက်ခံထားရခြင်းမှ ပြန်လည်သွေးအေးစ ပြုလာပုံရသည်။

 

ယခုနောက်ိပုင်းတွင် ထီလက်မှတ်အရောင်းနှုန်းပြန်တက်လာကြောင်း လက်ရှိအောင်ဘာလေထီ ရောင်းသည့် ကိုယ်စားလှယ်များက ဆိုကြသည်။

 

လူတွေက စီပွားရေးလည်းမကောင်းကြဘူး၊ ပိုက်ဆံလည်းမရှိကြဘူး၊ ဒါလေးပဲ ရှိတာလေဟု ထီလက်မှတ် ရောင်းသူ အမျိုးသမီးက ရောင်းအားပြန်လည်တက်လာခြင်းနှင့် ဆက်စပ်၍ ပြောသည်။

 

လူတွေက စီပွားရေးလည်းမကောင်းကြဘူး၊ ပိုက်ဆံလည်းမရှိကြဘူး၊ ဒါလေးပဲ ရှိတာလေဟု ထီလက်မှတ် ရောင်းသူ အမျိုးသမီးက ရောင်းအားပြန်လည်တက်လာခြင်းနှင့် ဆက်စပ်၍ ပြောသည်။

 

 

ထိုလက်မှတ်ရောင်းရငွေမှရသည့် အကျိုးအမြတ်သည် အရပ်သားနေထိုင်ရာရွာများကို ပစ်မှတ်ထား မီးရှို့ ဖျက်ဆီးခြင်း၊ ပြည်သူကို အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီတပ်အတွက် ရိက္ခာနှင့် ကျည်ဖိုးဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ကိုတော့ ရိပ်ဖမ်းသံဖမ်းမျှပင် စကားထဲ ထည့်မပြောနိုင်ပေ။

 

ရန်ကုန်မြို့တွင် မျက်လုံးများမှာ နေရာအနှံ့တွင်ရှိသည်။ အောင်ဘာလေထီလက်မှတ် ရောင်းချခြင်းသာမက သာမန်အရောင်းအဝယ်များတွင်ပင် ဈေးရောင်းသူနှင့်ဝယ်သူဆက်ဆံရေးကြား၌ နိုင်ငံရေးနှင့် ဆက်နွယ်သည့် စကားမျိုးကို ရှောင်၍ အရောင်းအဝယ်ဖြစ်အောင်လုပ်ကြသည်။

 

သာမန်မေးခွန်းဖြစ်သော်လည်း မေးနေကျမဟုတ်သည့်မေးခွန်းအသစ်များကို အောင်ဘာလေထီ လက်မှတ် အရောင်းဆိုင်အများစုတွင် ဖြေဆိုရန် ခေတ္တခန့် တုံ့ဆိုင်းလေ့ရှိကြသည်

 

အချို့မှာ ၎င်းတို့ဆိုင်မှ တစ်စုံတစ်ဦးကို လှမ်းခေါ်ကာ ထပ်မံမေးမြန်းပြီး အတည်ပြုပြီးမှဖြေသည်။

 

ထီလက်မှတ် လက်ကားဈေးကိုမေးမြန်းရာ ဘယ်မြို့နယ်မှာရောင်းမှာလဲ ဘယ်မှာရောင်းမှာလဲ၊ “ဘယ်လောက်ရောင်းမှာလဲ ဟု ထီဈေးနှုန်းကို မပြောဘဲ မေးခွန်းများသာ တရစပ် မေးနေခဲ့သည်။

 

ထိုအခြေအနေကြားမှပင် ကိုယ်စားလှယ်များက ထီလက်မှတ်များ ဆက်ရောင်းနေခဲ့ကြပြီး စစ်ကောင်စီ ကလည်း အောင်ဘာလေထီလက်မှတ်များကို ဆက်လက်ထုတ်လုပ်ကာ လည်ပတ်နိုင်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အောင်ဘာလေထီလုပ်ငန်းသည် လက်ရှိတွင် ဆုကြေးအဖြစ် သိန်း ငါးထောင်ကျပ်သာ အမြင့်ဆုံးပေးနိုင်ပြီး ဒုတိယအမြင့်ဆုံးမှာ သိန်း ၁,၀၀၀ ကျပ် ဖြစ်သည်။ ကျန်ဆုများမှာ သိန်းရာဂဏန်းမှ တစ်သောင်းကျပ်အထိဆုများ အစားစားဖြစ်သည်။

 

ယခင်အာဏာမသိမ်းမီက သိန်း ၅,၀၀၀ ကျပ် ဆုကြေးသည် တတိယအမြင့်ဆုံး ဆုကြေးဖြစ်ပြီး ဆုနှစ်ဆု ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အနိမ့်ဆုံးဆုကြေးမှာ ငါးသောင်းကျပ်ဖြစ်ပြီး ၂၂ ဆုပေးနိုင်ခဲ့သည်။

 

စစ်ကောင်စီလုပ်ကိုင်နေသည့် လက်ရှိအောင်ဘာလေထီ၏ အနိမ့်ဆုံးဆုကြေးသည် တစ်သောင်းကျပ် ဖြစ်သည်။

 

၂၀၂၃ ဖေဖော်ဝါရီ ၁ တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် စစ်ကောင်စီ၏ ၄၇ ကြိမ်မြောက် အောင်ဘာလေထီ ဆုမဲများကို ရောင်းချသည့်လက်မှတ်များသည် (က) အက္ခရာမှ (ည) အက္ခရာထိ အက္ခရာဆယ်လုံး ပါဝင်ခဲ့သည်။

 

ဒေါ်လာဈေးသုံးဆခန့်တက်ပြီး မြန်မာငွေတန်ဖိုး သုံးဆခန့် ကျဆင်းနေသည့် ယခုအချိန်တွင် ထိုဆုမဲများ၏ ငွေတန်ဖိုးသည်လည်း အာဏာမသိမ်းမီကထက် သုံးဆခန့်ကျဆင်းနေပြီ။ ထို့ကြောင့် စစ်ကောင်စီ၏ အောင်ဘာလေထီလုပ်ငန်းသည် ကိန်းဂဏန်းများတွင်သာ ကျဆင်းသည်မဟုတ် ငွေကြေးတန်ဖိုးအရလည်း ကျဆင်းနေသည့် လုပ်ငန်းတစ်ခုပင်။

 

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်မှ ပန်းဆိုးတန်းမှတ်တိုင်အနီးရှိသည့် အောင်ဘာလေထီလုပ်ငန်း ရုံးအနီး လမ်းဘေး ပလက်ဖောင်းတွင် ထီလက်မှတ်ရောင်းသည့် ကိုယ်စားလှယ်ဈေးသည်အချို့ရှိသည်။

 

ထိုရှေ့ပလက်ဖောင်းပေါ်မှဖြတ်လျှောက်ပါက ထီထိုးဦးမလားဟုမေးရင်း ဈေးခေါ်ကြသည်။

 

ထို့အပြင် ၂၇ လမ်းတွင်လည်း အောင်ဘာလေထီဆိုင်အများအပြားရှိကြသည်။ ထိုလမ်းတွင် ကိုယ်စားလှယ် ဆိုင်သာမက ပင်ရင်းဆိုင်များလည်းရှိသည်။ ရွှေမြန်မာ၊ အောင်သပြေ၊ အေးငြိမ်း ချမ်းသာ၊ ဖြိုးပြည့်မောက်လျှံ၊ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ စသည်ဖြင့်အမည်မျိုးစုံနှင့် လည်ပတ်နေကြသည်။

 

ဆိုင်များတွင် ထီလက်မှတ်တစ်စောင် တစ်ထောင်ကျပ်ပေါက်ဈေးရှိပြီး အွန်လိုင်းတွင် တစ်စောင် တစ်ထောင့် တစ်ရာကျပ် ပေါက်သည်။

 

တစ်စောင်လျှင် ကျပ်ထောင့်တစ်ရာဖြင့်သာ ရောင်းချနေသည့် အောင်ဘာလေ ထီဆိုင်လည်း ရှိသည်။

 

သို့သော် ရန်ကုန်မြို့တွင်း ရပ်ကွက်တိုင်း လမ်းတိုင်းတွင် မနက်မှ ညနေအထိ လှည့်လည် အော်ဟစ် ရောင်းချ နေသည့် ဈေးသည်များတွင် ထီပေါက်စဥ်နှင့် ထီလက်မှတ်များရောင်းချသည့် ဈေးသည်များကတော့ သိသိသာသာ နည်းပါးနေသည်။ လူနေထိုင်သည့်ရပ်ကွက်များရှိ ထီဆိုင်အများစုမှာ ပိတ်ထားကြဆဲပင်။ အချို့မှာ ထီမရောင်းဘဲ အခြားကုန်စည်တစ်ခုခု ရောင်းချကြသည်။

 

ရပ်ကွက်အနီးအနားတွင် ယခင်ကဲ့သို့ အောင်ဘာလေထီရောင်းချခြင်းမရှိတော့ဘဲ ၂ လုံး ၃ လုံး ချဲထိုးကြကြောင်း အာဏာမသိမ်းမီက ထီထိုးလေ့ရှိသည့် အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

 

၂ လုံး ၃ လုံးက ထိုင်းထီလေ၊ ထိုင်းကလုပ်တာ။ ဟိုထီ(အောင်ဘာလေ) ကတော့ဘယ်ထိုးနိုင်မလဲ၊ ပိုက်ဆံ မရှိဘူးဟု ထီမထိုးဖြစ်သည့်အ​ကြောင်းကို ​ဖြေသည်။

 

သပိတ်မှောက်ထားမှုကို မေ့လျော့နေသည့်တိုင် အလုပ်အကိုင်စီးပွားရေး အကြပ်အတည်း ဖြစ်နေသည့် ပြည်သူများအဖို့ တစ်ထောင်ကျပ်တန် ထီလက်မှတ်ကိုပင် ကံစမ်းရန် မတတ်နိုင်ကြသည်လည်း တစ်ကြောင်း ကြောင့် အောင်ဘာလေထီထိုးသည့်ဘက်သို့ မလှည့်နိုင်ကြပေ။

 

အသက် ၂၇ ဝန်းကျင်အမျိုးသမီးတစ်ဦးကမူ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စစ်ကောင်စီကို ပိုက်ဆံ တစ်ပြားမှမရစေချင်သဖြင့် အောင်ဘာလေထီကို မထိုးဖြစ်တော့ကြောင်း ပြောပြသည်။ သူသည်လည်း အာဏာသိမ်းမှုမတိုင်မီက လစဥ် ထီထိုးတတ်သူဖြစ်သည်။

 

ထီမပေါက်လျှင်လည်း ကိုဗစ်ဘေးဒဏ်ကိုရင်ဆိုင်နေရသည့် နိုင်ငံတော်ကိုလှုုပြီးသားဖြစ်သဖြင့် ကံစမ်းသည့် သဘောဖြင့်ပင် ထီထိုးဖြစ်ခဲ့ရာ ၎င်းတို့တစ်အိမ်လုံးပေါင်းပါက လစဥ်ထီလက်မှတ်ဖိုး တစ်သိန်း ဝန်းကျင်ခန့် ရှိကြောင်း သူကဆက်ပြောပြသည်။

 

အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

 

အပြီးတိုင် ဖျက်သိမ်းလိုက်သည့်အတွက် လက်ကားဝယ်ကာ ပြန်လည်ရောင်းချနေ‌သော ထီလုပ်ငန်းရှင်ကြီးများ အနေဖြင့် အောင်ဘာလေထီလက်မှတ်များကို ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန် သတိပေးတားမြစ် ထားသည်။

 

ထုတ်ပြန်ချက်တွင် လောင်းကစားဥပဒေအား ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေကို သြဂုတ် ၆ ရက်က ပြည်ထောင်စုဥပဒေ အမှတ်( ၅ )ဖြင့် အတည်ပြု ပြဌာန်းခဲ့သည်ဟု ပါဝင်သည်။ ယင်းပြင်ဆင်ပြဌာန်းသည့် ဥပဒေ၏ ပုဒ်မ (၂) ပုဒ်မခွဲ(ည)တွင် ထီဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ဖွင့်လှစ်သည့် အောင်လံလွှင့်ချီ နွေဦးထီကိုသာ ဆိုလိုကြောင်း ပါရှိသည်။

NUGက ဖွင့်လှစ်သည့် နွေဦးထီ

 

စစ်ကောင်စီ၏ အောင်ဘာလေထီလက်မှတ်များအား ထီလုပ်ငန်းရှင်များက ဝယ်ယူရောင်းချ ဖြန့်ဖြူးခြင်း မပြုလုပ်ရန် NUGက တားမြစ်ထားသည်။

 

ဖောက်ဖျက်ကျူးလွန်သည့် ထီလုပ်ငန်းရှင်ကြီးများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းနှစ် ဇူလိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖေ့ဘုတ်လူမှုကွန်ယက်တွင် အောင်လံလွှင့်ချီ နွေဦးထီ အမည်ဖြင့် စာမျက်နှာတစ်ခုဖွင့်ကာ နွေဦးထီအစီအစဥ်ကို စတင်ခဲ့သည်။

 

ထိုနှစ် ဩဂုတ်တွင် စမ်းသပ်ရောင်းချခဲ့ရာမှတဆင့် နိုဝင်ဘာတွင် တရားဝင်ရောင်းချလာရာ ယခုတိုင် ရောင်းချဆဲ ဖြစ်သည်။ အစပိုင်းတွင် Kapy ၊Wave pay စသည့် မြန်မာနိုင်ငံအတွင်း အသုံးပြုကြသည့် အွန်လိုင်း ငွေပေးချေသည့် application များမှတဆင့် စကားဝှက်ခံကာ ငွေလွှဲဝယ်ယူရသည်။

 

ထို့အပြင်ထီလက်မှတ်ဝယ်ယူပြီး အေးဂျင့်များနှင့် လုံခြုံစွာဆက်သွယ်နိုင်ရန် Viber၊ Telegram ၊ Signal စသည့် မက်ဆင်ဂျာအကောင့်များ ဖွင့်ထားရန်လည်း နွေဦးထီစာမျက်နှာတွင် တိုက်တွန်းထားသည်။ ထို့နောက် NUG pay စနစ်ပေါ်လာသည့်အခါ ထိုစနစ်ဖြင့်ဝယ်ယူငွေပေးချေကြရန် ၎င်းတို့လူမှုကွန်ယက် စာမျက်နှာမှတဆင့် တိုက်တွန်းထားသည်။

 

နွေဦးထီသည် အရောင်းသွက်သဖြင့် အကုန်မြန်ရာ လူတစ်ဦးအနေဖြင့် တစ်ကြိမ်ဝယ်ယူပြီးပါက ၇၂ နာရီ (၃ ရက်) စောင့်ပြီးမှ နောက်တစ်ကြိမ်ဝယ်ယူနိုင်သည် ဟူသောစည်းမျဥ်းကို ချမှတ်ကျင့်သုံးရသည် အထိဖြစ်သည်။ သိပ်မကြာမီ ထိုစည်းမျဥ်းကို လူတစ်ဦးသည် တစ်ရက် ၂ ကြိမ် ဝယ်နိုင်သည်အထိ ဖြေလျှော့ပေးခဲ့သည်။ နွေဦးထီ တစ်စောင်လျှင် ၂,၀၀၀ ကျပ် ကျသင့်ပြီး အမြင့်ဆုံးဆုမှာ သိန်းတစ်ရာ တစ်ဆုဖြစ်သည်။ ကျန်ဆုများမှာ ၁၅ သိန်း၊ ၅ သိန်း၊ နှင့် တစ်သိန်း ဆုမဲများဖြစ်ကြသည်။

 

အောင်ဘာလေထီထက် လက်မှတ်ဈေးနှုန်းမှာ နှစ်ဆကျသင့်သော်လည်း ဖွင့်ပေးသည့်ဆုမဲပမာဏမှာ အဆ ငါးဆယ်ခန့်ပင် ပိုနည်းနေသည်။ နွေဦးထီ၏ ၃၀ ရာခိုင်နှုန်းကိုသာ ဆုမဲအဖြစ်ပြန်လည် ဖောက်ပေးပြီး ကျန် ၇၀ ရာခိုင်နှုန်းကို CDM လှုပ်ရှားသူများအတွက် အလေအလွင့်မရှိသုံးကြောင်း အောင်လံလွှင့်ချီနွေဦးထီ လူမှု ကွန်ယက်စာမျက်နှာတွင် ကြေညာထားသည်။

 

ရန်ကုန်မြို့ ထီဝါသနာရှင် အမျိုးသမီးသည် ယခုအခါ နွေဦးတော်လှန်ရေးသို့ ငွေပြန်ဝင်သည့် လမ်းကြောင်းမှ တဆင့် TOTO စင်္ကာပူထီနှင့် ထိုင်းထီများကို ပြောင်းလဲကံစမ်းနေသည်။

 

‌အမျိုးသားညီညွတ်ရေးအစိုးရ NUG မှလုပ်သည့် နွေဦးထီကိုမူ လုံခြုံရေးအရ ငွေလက်ခံသည့်အပိုင်းကို စိတ်မချ သဖြင့် မထိုးဖြစ်ကြောင်းဆိုသည်၊ ကံစမ်းမဲလက်မှတ်များသည်လည်း ထိုအတိုင်းပင် ငွေပေးသည့်စနစ်ကို စိတ်မချရဲသဖြင့် ကံမစမ်းဖြစ်ဟုဆိုသည်။

 

တိုင်းရင်းသားဒေသနဲ့ အညာဒေသကိုရောက်တဲ့ (အကူအညီ တိုက်ရိုက်ရောက်ခြင်းကို ဆိုလို) ထီမျိုး ထိုးချင် တယ်ဟု ၎င်းကပြောသည်။

 

တိုင်းရင်းသားဒေသနဲ့ အညာဒေသကိုရောက်တဲ့ (အကူအညီ တိုက်ရိုက်ရောက်ခြင်းကို ဆိုလို) ထီမျိုး ထိုးချင်တယ်ဟု ၎င်းကပြောသည်။ 

 

 

စစ်ကောင်စီ၏ အောင်ဘာလေထီရောင်းသည့် ကိုယ်စားလှယ်တစ်ဦးကတော့ ထီလက်မှတ်များ အဝယ်ပြန် လိုက်လာသဖြင့် အရောင်းပြန်တက်လာကြောင်းပြောရာတွင် တက်ကြွနေခဲ့သည်။

 

လာမည့် မတ် ရက် တွင်ဖွင့်မည့် ၄၈ ကြိမ်မြောက်ဆုမဲအတွက် အောင်ဘာလေထီလက်မှတ်များမှာ (က) အက္ခရာမှ (ဆ) အက္ခရာအထိ ၇ လုံးသာပါဝင်တော့သဖြင့် ထီလက်မှတ်အစောင်ရေ နည်းသွားမည် ဖြစ်သည်။

 

ထို့ကြောင့် ထီပေါက်နိုင်ရန် ရာခိုင်နှုန်းပိုများလာနိုင်ကြောင်း ထီလက်မှတ်ရောင်းသူ ကိုယ်စားလှယ်များက ၎င်းတို့ ဖေ့စ်ဘုတ်လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားရောင်းချကြသည်။

 

Burma Associated Press

နွေဦးထီ
စစ်တပ်
အာဏာသိမ်း
အမျိုးသားညီညွတ်ရေးအစိုးရ

Share With
bap-logo