Opinion
မလွတ်လပ်သော အင်တာနက်လွတ်လပ်ခွင့်
လွန်ခဲ့သော ၄ နှစ် က
အင်တာနက်ဖြတ်တောက်ခြင်းများကို စစ်ကောင်စီသည် အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ပြီးခဲ့သော ဇွန်လ ၄ ရက်၊ ညနေ ၅ နာရီကလည်း အင်တာနက်လိုင်းများကို ရုတ်တရက်ဖြတ်တောက်လိုက်သည်။ တစ်နိုင်ငံလုံးသုံးစွဲနေသည့် အင်တာနက် ဝန်ဆောင်မှုအားလုံး တစ်ပြိုင်တည်း ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက် တစ်စုံတရာမရှိပါဘဲ၊ ကြိုတင်အကြောင်းကြားခြင်း မပြုပါဘဲ အင်တာနက်ဖြတ်တောက်ခြင်းအပြုအမှုသည် စစ်ကောင်စီအတွက် လက်ယဉ်နေပြီ ဖြစ်သည်။
အင်တာနက်အသုံးပြုခွင့် ယခုအခါတွင် ရနေပါသည် ဆိုသော်လည်း အကန့်အသတ်များဖြင့်သာဖြစ်သည်။ အွန်လိုင်းပေါ်တွင် နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ ကြားဖြတ်နားထောင်ခြင်း၊ အင်တာနက်အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းယူခြင်းတို့မှာ အွန်လိုင်းပေါ်ရှိ လူမှုဘ၀နေထိုင်မှုများကို ဟန့်တားပိတ်ပင်ချိုးဖောက်နေခြင်းဖြစ်သည်။ လူတိုင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ကာကွယ်ထိုက်ကာကွယ်သင့်သော ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်။ လူတစ်ဦး၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို စောင့်ကြည့်ခြင်း၊ မေးမြန်းခြင်း၊ ကြားဖြတ်နားထောင်ခြင်း၊ ဖုန်းအတွင်းရှိ ဓာတ်ပုံ၊ ဗီဒီယို၊ အသံ၊ စာသားများကို စစ်ဆေးခြင်းအပါအဝင် အင်တာနက်ကန့်သတ်ထိန်းချုပ်ခြင်း၊ ပိတ်ပင်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်း ဆိုသည်တို့မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ လူတိုင်း၏ အခြေခံရပိုင်ခွင့်ဖြစ်သော သတင်းအချက်လက်ရပိုင်ခွင့်၊ ဒီဂျစ်တယ်ရပိုင်ခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်များကို ထိပါးနှောင့်ယှက်ဟန့်တားခြင်းပင်ဖြစ်သည်။ ယင်းသို့ထိပါးချိုးဖောက်လိုက်သဖြင့် နစ်နာမှုပေါင်းများစွာနှင့် ဆုံးရှုံးမှုပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့နေရသည်။
အင်တာနက်ဖြတ်တောက်ခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုခံရခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုအန္တရာယ်များရှိခြင်း၊ မီဒီယာပိတ်ပင်တားဆီးခံရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ ကမ္ဘာ့စီးပွားရေးနှင့် ကင်းကွာနေခြင်း၊ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ထိခိုက်နစ်နာခြင်းစသည့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေကြောင်း ရှဲလ်အမေရိက (Share America)က မေလ ၂၄ ရက်တွင် ယင်းတို့၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် တင်ပြလာသည်။ ပြည်သူတို့၏ အခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ကာ လူမှုအဖွဲ့အစည်းကို ထိခိုက်နစ်နာစေသည်ဟု ထောက်ပြထားသည်။ ရှဲလ်အမေရိကဆိုသည်မှာ အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆက်သွယ်ရေးဌာနတစ်ခုဖြစ်သည်။
အင်တာနက်လွတ်လပ်မှုဆိုင်ရာစောင့်ကြည့်လေ့လာသည့် “NetBlocks” ၏ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ စီးပွားရေး ဆုံးရှုံးနစ်နာမှုသည် တစ်ရက်လျှင် ဒေါ်လာ ၂၄ သန်းကျော်ရှိသည်။ တစ်နာရီလျှင် ဒေါ်လာ ၁ သန်းကျော် ဆုံးရှုံးနေသည်။ ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်မီဒီယာကို ၁ နာရီပိတ်ပင်သည့်အတွက် ဒေါ်လာ ၄၆,၀၀၀ ကျော် ဆုံးရှုံးသည်။ ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်မီဒီယာအပေါ်တွင် သတင်းစီးဆင်းခြင်းသာမက စီးပွားရေးလုပ်ငန်းများပါ လည်ပတ်နေသည်။ အင်တာနက်ဖြတ်တောက်မှုနှင့် ကန့်သတ်မှုများသည် စီးပွားရေးလုပ်ငန်းများအတွက် ဒုတိယအကြီးမားဆုံးစိန်ခေါ်မှုအဖြစ် သက်ရောက်မှုရှိနေကြောင်း ‘မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက မေလ ၁၄ ရက်တွင် ထုတ်ပြန်သည့် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှုနှင့်ပတ်သက်သော ကြေညာချက်တွင် ဖော်ပြသည်။
အင်တာနက်လွတ်လပ်မှုဆိုင်ရာစောင့်ကြည့်လေ့လာသည့် “NetBlocks” ၏ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ စီးပွားရေး ဆုံးရှုံးနစ်နာမှုသည် တစ်ရက်လျှင် ဒေါ်လာ ၂၄ သန်းကျော်ရှိသည်။ တစ်နာရီလျှင် ဒေါ်လာ ၁ သန်းကျော် ဆုံးရှုံးနေသည်။ ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်မီဒီယာကို ၁ နာရီပိတ်ပင်သည့်အတွက် ဒေါ်လာ ၄၆,၀၀၀ ကျော် ဆုံးရှုံးသည်။
“ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို အနှောင့်အယှက်ဖြစ်စေပြီး ကုန်စည်များတင်သွင်းမှုနှင့် တင်ပို့မှုကို အကန့်အသတ်ဖြစ်စေကာ ခရီးသွားလုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုများ ဖြည့်ဆည်းပံ့ပိုးမှုကို အဟန့်အတားဖြစ်စေသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်နှင့် ငွေပေးချေမှုများတွက် အင်တာနက်အသုံးပြုရန်လိုအပ်သည်။ ၂၁ ရာစု စီးပွားရေးလုပ်ငန်းကို ကြီးထွားတိုးတက်လာစေရန်အတွက် အင်တာနက်ထက်အရေးပါသည့် အခြားမည်သည့် ကိရိယာမှမရှိပါ”ဟု ရှဲလ်အမေရိက(Share America)က ဆိုသည်။
အင်တာနက်အသုံးပြုမှုသည် ယနေ့ကမ္ဘာအတွက် အလွန်အရေးပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုရေးရာကိစ္စများအတွက် မရှိမဖြစ်ဖြစ်လာသည်။ အွန်လိုင်း၊ အော့ဖ်လိုင်း အတူယှဉ်တွဲနေထိုင်လာကြပြီး နေ့စဉ်ဘ၀နေထိုင်မှုများကို အွန်လိုင်းအော့ဖ်လိုင်းဟူ၍ ခွဲခြားမရနိုင်တော့သည့် အခြေအနေဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း နေထိုင်သူများသည် အွန်လိုင်းအော့ဖ့်လိုင်း နှစ်ဌာနလုံးတွင် လွတ်လပ်နေကြသည် မဟုတ်ပါ။ အွန်လိုင်းပေါ်တွင် ရေးမိသည့် တစ်စုံတရာကြောင့် ရာဇဝတ်မှုဖြင့် တရားစွဲခံရနိုင်သည်။ အသရေဖျက်မှုဖြင့် တရားစွဲခံရနိုင်သည်။ ၅၀၅ - က ဖြင့် ထောင်ဒဏ်ကျခံရနိုင်သည်။
ကမ္ဘာလုံးဆိုင်ရာလွတ်လပ်မှုအခြေအနေများကို လေ့လာသုံးသပ်၍ ညွှန်းကိန်းများ ထုတ်ပြန်ပေးလေ့ရှိသည့် ဖရီးဒမ်း ဟော့က်စ်(Freedom House)၏ ထုတ်ပြန်ချက်တစ်ခု မကြာမီရက်ပိုင်းအတွင်းက ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော ညွှန်းကိန်းအဆင့်လည်း ပါဝင်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံ၏ လွတ်လပ်မှုဆိုင်ရာ ညွှန်းကိန်းအဆင့်သည် ကျဆင်းနေသည်။ ယခင်နှစ်က ညွှန်းကိန်းများတွင် တစိတ်တပိုင်းလွတ်လပ်သည်(Partly Free)ဟု မှတ်ချက်ပြုခံရသည့်အနေအထားမှ မလွတ်လပ်ပါ (No Free)ဆိုသော အနေအထားအထိရောက်အောင် ညွှန်းကိန်းအဆင့် ကျဆင်းသွားသည်။ လွတ်လပ်မှုဆိုင်ရာညွှန်းကိန်းများအတွက် အမှတ်ပေါင်း ၁၀၀ ပေးထားသည်တွင် ၂၈ မှတ်သာရရှိသော မလွတ်လပ်ပါ (No Free) အခြေအနေဖြစ်သည်။ ထို့အတူ အင်တာနက်လွတ်လပ်မှု (Internet Freedom)တွင်လည်း ပေးထားသည့်အမှတ်ပေါင်း ၁၀၀ တွင် ၃၁ မှတ်သာရရှိပြီး မလွတ်လပ်ပါ(No Free)ဆိုသောအခြေအနေဖြစ်သည်။
‘အင်တာနက်သုံးစွဲပိုင်ခွင့်’၊ ‘အင်တာနက်လွတ်လပ်ခွင့်’ဆိုသည်မှာ လူတိုင်းသည် အင်တာနက်ကို လွတ်လပ်စွာ ရယူသုံးစွဲနိုင်ခြင်း၊ လွတ်လပ်စွာသုံးစွဲပိုင်ခွင့်ကို သေချာစေရန် အာမခံခြင်းနှင့် လူတိုင်း၏ အင်တာနက်သုံးစွဲပိုင်ခွင့်ကို လုံလောက်သော အကြောင်းပြချက်မပါဝင်ဘဲ အစိုးရအနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်းများ မပြုလုပ်ခြင်းဖြစ်သည်။ ‘အင်တာနက်သုံးစွဲပိုင်ခွင့်’၊ ‘အင်တာနက်လွတ်လပ်ခွင့်’ လုံလောက်စွာရှိခြင်းသည် ထုတ်ဖော်ပြောဆိုမှုနှင့် ထင်မြင်ယူဆမှု လွတ်လပ်ခြင်း၊ လူ့အခြေခံရပိုင်ခွင့်များ လက်တွေ့ကျင့်သုံးနိုင်ခြင်း၊ ခံစားခွင့်ရရှိနိုင်ရေးများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ဖြစ်သော်လည်း နေ့စဉ်ရက်ဆက်ဆုံးရှုံးနေကြရသည်။
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က