Data
၂၀၂၅ ခုနှစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအတွင်းမှ မြန်မာနိုင်ငံ
လွန်ခဲ့သော ၁၃ နာရီ က
“ထိပ်ဆုံးက မြန်မာ”
ဘိန်းစိုက်ပျိုးမှု
UNODC ၏ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်းအရ ၂၀၂၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုသည် ၄၅,၂၀၀ ဟက်တာမှ ၅၃,၁၀၀ ဟက်တာခန့်အထိ ၁၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခု အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း အတည်ပြုထားသည်။
အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဓိက တရားမဝင် ဘိန်းထုတ်လုပ်ရာ အရင်းအမြစ်အဖြစ် ပြန်လည်ရပ်တည်လာကြောင်း UNODC က ဖော်ပြထားပြီး အရှေ့တောင်အာရှ ဘိန်းထွက်ပစ္စည်းများအပေါ် ဝယ်လိုအား မြင့်တက်လာပါက ဒေသတွင်း ဘိန်းဖြူ ဈေးကွက်များအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်းဆိုသည်။
ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်နေပါတယ်။” ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Delphine Schantz က ဆိုသည်။ “အခုလို စိုက်ပျိုးမှု အကြီးအကျယ် တိုးချဲ့လာတာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘိန်းစီးပွားရေး ဘယ်လောက်အထိ အမြစ်တွယ်သွားပြီလဲဆိုတာကို ပြနေသလို၊ အနာဂတ်မှာလည်း ပိုပြီး တိုးတက်လာနိုင်ခြေရှိတယ်ဆိုတာကို ညွှန်ပြနေပါတယ်။”
“ပြင်းထန်လာတဲ့ ပဋိပက္ခ၊ အသက်ရှင် ရပ်တည်ရေး လိုအပ်ချက်နဲ့ မြင့်တက်လာတဲ့ စျေးနှုန်းတွေကြောင့် တောင်သူတွေဟာ ဘိန်းစိုက်ပျိုးဖို့ ဆွဲဆောင်ခံနေရပါတယ်” ဟု Schantz က ဖြည့်စွက် ပြောကြား ခဲ့သည်။ “ပြီးခဲ့တဲ့နှစ်အတွင်း တွေ့ရှိရတဲ့ တိုးတက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် သိသိ သာသာ သက်ရောက်မှု ရှိလာပါလိမ့်မယ်။ လက်တွေ့ကျတဲ့ အခြားရွေးချယ်စရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖော်ဆောင်မပေးနိုင်ဘူးဆိုရင် ဆင်းရဲမွဲတေမှုနဲ့ တရားမဝင် စိုက်ပျိုးမှုအပေါ် မှီခိုနေရတဲ့ သံသရာဟာ ပိုပြီး နက်ရှိုင်းလာပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး စျေးကွက်တွေကို ပုံဖော်သွားမှာ ဖြစ်တာကြောင့် အရေးပေါ် အရေးယူ ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်” ဟု ဆိုသည်။
မြေမြှုပ်မိုင်းနှင့် အရပ်သားများ ထိခိုက်သေဆုံးမှု
Landmine Monitor 2025 အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း (Mines Advisory Group ကဲ့သို့သော အဖွဲ့အစည်းများ၏ အနှစ်ချုပ်ချက်နှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ) မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဖောက်ခွဲရေးပစ္စည်းများ ERW (Explosive Remnants of War)ကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးရှိခဲ့ပြီး ဤကိန်း ဂဏန်းသည် ယခင်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အမြင့်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက နှစ်နှစ်ဆက်တိုက် မှတ်တမ်းတင်ထားပြီး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်နှစ်ခု စလုံးတွင် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိမှု ကိန်းဂဏန်းများကို ကျော်လွန်ခဲ့သည်။
အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ချက်အရ ဆီးရီးယားနိုင်ငံတွင် ထိခိုက်သူ ၁,၀၁၅ ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ပြီး၊ အာဖဂန်နစ္စတန်တွင် ၆၂၄ ဦးနှင့် ယူကရိန်းတွင် ၂၉၃ ဦးစီ အသီးသီးရှိခဲ့ကြသည်။
ထိခိုက်ခံစားရသူများ၏ အများစုမှာ အရပ်သားများဖြစ်ပြီး ၎င်းတို့အနက် ကလေးငယ်များနှင့် စိုက်ပျိုးရေး သို့မဟုတ် သဘာဝသယံဇာတ ရှာဖွေသူများမှာ အလွန်မြင့်မားသော အချိုးအစားဖြင့် ပါဝင်နေသည်။ မိုင်းအန္တရာယ် ကူးစက်ပျံ့နှံ့မှုသည် ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ လမ်းများနှင့် စစ်ဘေးရှောင် လမ်း ကြောင်းများအထိ သက်ရောက်လျက်ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ မြန်မာစစ်တပ်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများက မိုင်းများကို အသုံးပြုနေခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့မြေမြှုပ်မိုင်း ပိတ်ပင်ရေး သဘောတူစာချုပ် (Mine Ban Treaty) တွင် ပါဝင်ချုပ်ဆိုထားခြင်း မရှိပေ။
စစ်တပ်သည် အရပ်သားများကို လမ်းရှင်းရန်အတွက် "လူသားမိုင်းရှင်းလင်းရေးသမားများ" အဖြစ် အသုံး ပြုခဲ့ကြောင်း အစီရင်ခံစာများက ဖော်ပြသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ မိုင်းရှိနိုင်သည်ဟု သံသယရှိရသော နယ်မြေများသည် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၁၁ မြို့နယ်အထိ ပျံ့နှံ့နေပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးအားလုံး ပါဝင်နေသည်။
Landmine Monitor၊ Human Rights Watch၊ UNICEF၊ MAG နှင့် Handicap International စသည့် အဖွဲ့အစည်းအားလုံး၏ မှတ်တမ်းများအရ မိုင်းရှင်းလင်းရေးလုပ်ငန်းများမှာ အကန့်အသတ်ရှိနေပြီး မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများမှာလည်း ခက်ခဲနေဆဲ ဖြစ်သည်။ အကယ်၍ တိုက်ပွဲများ လျော့ကျမသွားဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အရေ အတွက်မှာ ဆက်လက်မြင့်တက်နေဦးမည်ဟု အဆိုပါ အဖွဲ့အစည်းများက သတိပေးထားသည်။
ပြည်တွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အန္တရာယ်
Early Warning Project ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအန္တရာယ် အမြင့်ဆုံးနိုင်ငံအဖြစ် ပထမ အဆင့်တွင် ရှိနေသည်။ မြန်မာနိုင်ငံသည် နိုင်ငံတော် က ဦးဆောင်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် (၃) ခု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်ဟု အဆိုပါ စီမံကိန်းက သတ်မှတ်ထားသည်။ ၎င်းတို့မှာ (၁) စစ်ကောင်စီကို ဆန့်ကျင်သည့် အရပ်သားများ၊ (၂) ရိုဟင်ဂျာများနှင့် (၃) ကရင်၊ ကချင်၊ တအာင်း၊ မွန်၊ လီဆူ နှင့် ရှမ်း အပါအဝင် အခြားသော တိုင်းရင်းသား လူနည်းစုများအပေါ် ကျူးလွန်မှုများ ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း စစ်တပ်သည် အတိုက်အခံ အင်အားစုများနှင့် လူထုအခြေပြု ဒေသများကို လေကြောင်းမှ ဆက်လက် တိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မေလအတွင်း အရပ်သား သေဆုံးမှု အားလုံး၏ ထက်ဝက်နီးပါးမှာ လေကြောင်း တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး အချို့မှာ အရပ်သား များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း ဖြစ်သည်။ ACLED ၏ အဆိုအရ စစ်တပ်သည် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အဝေးမှ တိုက်ခိုက်သည့် နည်းလမ်းများကို ပိုမိုအသုံးပြုလာသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်၏ လက်ချက်ကြောင့် အရပ်သား အနည်းဆုံး ၆,၇၆၄ ဦး သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အန္တရာယ် မြင့်မားစေသည့် အဓိက အချက်များမှာ -
• ပြီးခဲ့သည့် ၅ နှစ်အတွင်း အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း (၂၀၂၁)။
• စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်များက နိုင်ငံရေးအရ သတ်ဖြတ်မှုများကို မကြာခဏ ခွင့်ပြုခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း။
• သမိုင်းတစ်လျှောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ရှိခဲ့ခြင်း။
• စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများကြောင့် သေဆုံးမှု မြင့်မားနေခြင်း တို့ ဖြစ်သည်။
သဘာဝဘေးအန္တရာယ်
၂၀၂၅ ခုနှစ် INFORM Risk Index တွင် မြန်မာနိုင်ငံအား နိုင်ငံပေါင်း ၁၉၁ နိုင်ငံ၌ “အလွန်မြင့်မားသော အန္တရာယ်" အဆင့် ၁၁ သတ်မှတ်ထားပြီး ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များနှင့် ပြိုလဲနေသော ကျန်းမာရေးစနစ်တို့ ပေါင်းစပ်နေ၍ "အလွန်မြင့်မားသော အန္တရာယ်" ရှိသည့်နိုင်ငံအဖြစ် ဖော်ပြ ထားသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက် အင်အားပြင်း ၇.၇ အဆင့်ရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ၎င်းမှာ ရာစုနှစ်တစ်ခုကျော်အတွင်း နိုင်ငံတွင် အပြင်းထန်ဆုံးဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံခန့် ရှိခဲ့သည်ဟု ခန့်မှန်းရသည်။
“အောက်ဆုံးက မြန်မာနိုင်ငံ”
နိုင်ငံရေး အခွင့်အရေး၊ ရွေးကောက်ပွဲနှင့် လွတ်လပ်ခွင့်များ
Freedom House က မြန်မာနိုင်ငံကို “လွတ်လပ်မှုမရှိ” (Not Free) ဟု ဆက်လက် သတ်မှတ်ထားပြီး အခြေခံလွတ်လပ်ခွင့်အတွက် ၁၀၀ လျှင် ၇ မှတ်နှင့် အင်တာနက် လွတ်လပ်မှုအတွက် ၁၀၀ လျှင် ၉ မှတ် သာ ရရှိထားသည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲများသည် အတိုက်အခံပါတီများကို ပိတ်ပင်ထားခြင်းနှင့် ပဋိပက္ခဒေသများကို ချန်လှပ်ထားခြင်းတို့ကြောင့် တရားမဝင်ကြောင်း ဝေဖန်ခံနေရသည်။
အရပ်ဘက် လွတ်လပ်ခွင့်
CIVICUS Monitor ၏ အဆိုအရ အရပ်ဘက်လူမှုအဖွဲ့အစည်းများ လွတ်လပ်ခွင့်များအတွက် မြန်မာနိုင်ငံ၏ လက်ရှိသတ်မှတ်ချက် (၂၀၂၅) မှာ "ပိတ်ပင်ထားသည်။" (Closed) ဟု သတ်မှတ်ခြင်း ခံထားရသည်။
ယင်းသတ်မှတ်ချက်၏ အဓိပ္ပာယ်မှာ ရမှတ် ၁၀၀ လျှင် ၁၀ မှတ် (CIVICUS ၏ ကိန်းဂဏန်းစနစ်အရ ရမှတ်နည်းလျှင် ဖိနှိပ်မှု ပိုမိုပြင်းထန်) ဖြစ်သည်။
"ပိတ်ပင်ထားသည်" (Closed) ဆိုသည်မှာ
"Closed" ဆိုသော သတ်မှတ်ချက်သည် CIVICUS Monitor က အသုံးပြုသည့် အဆင့်အတန်းများထဲတွင် အကန့်သတ်ခံရမှု အများဆုံး အမျိုးအစားဖြစ်သည်။ ၎င်းသည် အောက်ပါအခြေအနေများကို ညွှန်းဆိုသည် -
• အခြေခံ အရပ်ဘက်လွတ်လပ်ခွင့်များ (လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်နှင့် အသင်းအပင်း ဖွဲ့စည်းခွင့် စသည်တို့) မှာ ပြင်းထန်စွာ ကန့်သတ်ခံထားရခြင်း သို့မဟုတ် လက်တွေ့တွင် မရှိသလောက် ဖြစ်နေခြင်း။
• ပြည်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် ဖမ်းဆီးခြင်း၊ အတိုက်အခံပြုမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း၊ လွတ်လပ်သော မီဒီယာများကို ကန့်သတ်ခြင်းနှင့် အခြားသော အဓမ္မပြုမူမှုများ အပါအဝင် ပြင်းထန်သော နှိပ်ကွပ်မှုများကို ရင်ဆိုင်နေရခြင်း။
• ပြည်သူများအနေဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းရန်၊ သဘောမတူညီမှုကို ဖော်ထုတ်ရန် သို့မဟုတ် အာဏာပိုင်များကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေခြင်းတို့ မရှိသလောက် ဖြစ်နေခြင်း။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး
၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ညွှန်းကိန်း (Global Peace Index) တွင် မြန်မာနိုင်ငံသည် အဆင့် ၁၅၃ ရှိပြီး၊ အာဆီယံဒေသတွင်း၌ ငြိမ်းချမ်းမှု အနည်းဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေ သည်ဟု အတည်ပြုထားသည်။
လူသားဖွံ့ဖြိုးမှု
လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (Human Development Index - HDI) အရ မြန်မာနိုင်ငံသည် ရမှတ် ၀.၆၀၉ ဖြင့် ကမ္ဘာ့အဆင့် ၁၅၀ တွင် ရှိနေပြီး "အလယ်အလတ် လူသားဖွံ့ဖြိုးမှု" (Medium Human Development) အဆင့်ရှိသည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ ဤအဆင့်မှာ ဒေသတွင်း ထိပ်တန်း နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံ (အဆင့် ၁၃၊ ရမှတ် ၀.၉၄၆) နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကွာခြား နေသည်ကို တွေ့ရသည်။
လူသားဖွံ့ဖွံ့ဖြိုးမှုညွှန်းကိန်း (HDI) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရန် အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဖော်ထုတ်ထားသည့် ပေါင်းစပ်ညွှန်းကိန်းတစ်ခုဖြစ်ပြီး ၎င်းသည် ဝင်ငွေတစ်ခုတည်းကိုသာ ကြည့်ခြင်းမဟုတ်ဘဲ ကျယ်ပြန့်သော ရှုထောင့်များမှ တိုင်းတာခြင်း ဖြစ်သည်။ ကျန်းမာသန်စွမ်းပြီး အသက်ရှည်သောဘဝ၊ ပညာဗဟုသုတကြွယ်ဝမှုနှင့် သင့်တင့် လျောက်ပတ်သော လူနေမှုအဆင့်အတန်းဟူသည့် လူသားဖွံ့ဖြိုးမှု၏ အဓိကကဏ္ဍကြီးများတွင် ပျမ်းမျှအောင်မြင်ဖြစ်ထွန်းမှုကို ခြုံငုံတိုင်းတာသည့် စနစ်တစ်ခုဖြစ်သည်။
ပျော်ရွှင်မှု
အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ အထိမ်းအမှတ်အဖြစ် Gallup က တင်ပြထားသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာကို ကိုးကား၍ MIMU က ဖော်ပြထားသည်မှာ
အလုံးစုံ ပျော်ရွှင်မှု သို့မဟုတ် ဘဝအပေါ် အကဲဖြတ်မှုအတွက် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၄၇ နိုင်ငံ တွင် အဆင့် ၁၂၆ ရှိပြီး အာဆီယံနိုင်ငံများအကြား အနိမ့်ဆုံးဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသည် ရက်ရောမှု (Generosity) ကဏ္ဍတွင် ကမ္ဘာ့အဆင့် ၂ ရှိနေပြီး စစ်တမ်းဖြေဆိုသူ ၈၀.၁ ရာခိုင်နှုန်းက ပြီးခဲ့သည့် တစ်လအတွင်း ပရဟိတလုပ်ငန်းများသို့ လှူဒါန်းခဲ့ကြောင်း ဖြေဆိုခဲ့ကြ သည်။
မြန်မာနိုင်ငံသည် မိသားစုနှင့် သူငယ်ချင်းများထံမှ လူမှုရေးဆိုင်ရာ အထောက်အပံ့ ရရှိမှု၊ GDP နှင့် အထူး သဖြင့် မိမိဘဝအတွက် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိမှု ကဏ္ဍများတွင် အမှတ်နည်းပါးကြောင်း ဖော်ပြထားသည်။
သတင်းလွတ်လပ်ခွင့်
၂၀၂၅ ခုနှစ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံနှင့် နယ်မြေပေါင်း ၁၈၀ အနက် အဆင့် ၁၆၉ ရှိသည်။ ထို့ပြင် မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် သတင်းထောက်များကို ဒုတိယအများဆုံး ဖမ်းဆီး ထောင်ချထားသည့် နိုင်ငံလည်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် မီဒီယာများအပေါ် အလွန်အမင်း ရက်စက် ကြမ်းကြုတ်သော နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး သတင်းထောက်များနှင့် သတင်းလွတ်လပ်ခွင့် ကာကွယ် စောင့်ရှောက်သူ (၇) ဦး ကွပ်မျက်ခံခဲ့ရကာ သတင်းထောက်ပေါင်း ၂၀၀ ကျော် ဖမ်းဆီးထောင်ချခံခဲ့ရပြီး အနည်းဆုံး ၅၁ ဦးမှာ ယနေ့တိုင် အကျဉ်းထောင်များအတွင်း ရှိနေဆဲဖြစ်သည်ဟု နိုဝင်ဘာလ ၄ ရက်တွင် RSF က တင်ပြထားသည်။
Top News
လွန်ခဲ့သော ၁၃ နာရီ က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က