bap-logo
Politics

ခြောက်ကြိမ်မြောက် Bimstec ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

KkH9hWax-e3nfvw9R9A3y-image

လွန်ခဲ့သော ၂ လ က

 

စက်တင်ဘာလတွင် ကျင်းပသွားမည့်အခမ်းအနား အစီအစဉ်များကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris က ဒေလီအစည်းအဝေးတွင် ဒေသတွင်းနိုင်ငံများအား ရှင်းလင်းတင်ပြခဲ့သည်။

 

စက်တင်ဘာလ ရက်နေ့တွင် ဘန်ကောက်မြို့၌ ခြောက်ကြိမ်မြောက် Bimstec ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် ထိုင်းနိုင်ငံက အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ခံကျင်းပမည့်နိုင်ငံ၏ ကိုယ်စား ဥက္ကဌအဖြစ်တာဝန်ယူမည့် နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောသည်။

 

Bimstec ဆိုသည်မှာ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်းဖြစ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှမှ နိုင်ငံခုနှစ်ခု ပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ Bimstec အဖွဲ့ဝင်နိုင်ငံများမှာ ဘင်္ဂလားပင်လယ်အော်ဒေသတွင် တည်မှီနေသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

 

မစ္စတာ Maris သည် ကြာသပတေးနေ့က နယူးဒေလီမြို့တွင် ကျင်းပသော ဒုတိယအကြိမ် Bimstec နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုကို တက်ရောက်ပြီး ထိုင်းနိုင်ငံက လက်ခံကျင်းပသည့်နိုင်ငံအဖြစ် ဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အစိုးရမူဝါဒများ ထင်သာမြင်သာရှိသည့် အပြောင်းအလဲ ပြုလုပ်မှုကို ကူညီရာတွင် ပုဂ္ဂလိကကဏ္ဍသည် အဓိက ပါဝင်လုပ်ဆောင်သူဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။ ထို့အတွက် Bimstec လူငယ်စွန့်ဦးတီထွင်သူများဖိုရမ်ကို ထိပ်သီးအစည်းအဝေးနှင့် တစ်ပြိုင်နက်တည်း လက်ခံကျင်းပန်ရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့သည်။ ဖိုရမ်သည် အဖွဲ့ဝင်နိုင်ငံများ၏ မျိုးဆက်သစ်များအတွက် စီးပွားရေး ယူဆကြံစည်မှုများပေါ် အမြင်များ ဖလှယ်နိုင်စေလိမ့်မည်ဟု ၎င်းက ပြောသည်။

 

အိန္ဒိယတွင် ၎င်းက ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကိုလည်း တွေ့ဆုံနှုတ်ဆက်ကာ ထိုင်းနိုင်ငံက ၎င်းကို ထိပ်သီးအစည်းအဝေးတွင် ကြိုဆိုရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

 

နှစ်ခုပေါင်း လူဦးရေ ဘီလီယံရှိသည့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဈေးကွက်များကို ဆက်သွယ်ပေးသော Bimstec နှင့် အာဆီယံအကြား ချိတ်ဆက်သူ ထိုင်းနိုင်ငံ၏ မဟာဗျူဟာမြောက်အခန်းကဏ္ဍကိုလည်း Mr Maris က အလေးပေးပြောဆိုခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ သီရိလင်္ကာ နိုင်ငံခြားရေးရာ ဝန်ကြီး၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဆိုင်ရာ အမြဲတမ်းအတွင်းဝန်နှင့် Bimstec အထွေထွေအတွင်းရေးမှူးတို့ တက်ရောက်ခဲ့သည်။

 

တက်ရောက်သူများက ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့နှင့် ပတ်သတ်သော Bimstec တိုးတက်မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

 

Mr Maris က Bimstec အနေဖြင့် စစ်မက်ရေးရာမဟုတ်သော လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လိုအပ်ကြောင်းလေး အလေးပေးပြောဆိုခဲ့သည်။ ၎င်းတို့မှာ အစားအသောက်ဖူလုံမှု၊ ဘင်္ဂလားပင်လယ်အော်၏ ကြွယ်ဝမှုနှင့် အရင်းအမြစ်ပြည့်စုံမှု အထူးသဖြင့် ငါးလုပ်ငန်းအရင်းအမြစ်များတို့ကို ထိရောက်စွာ၊ ရေရှည် ကိုင်တွယ် ထိန်းသိမ်းမှု၊ ဆေးကုသမှုအလည်အပတ်နှင့် ပညာရေးတို့ကို မြှင့်တင်ခြင်းဖြင့် လူသားလုံခြုံမှု၊ သန့်စင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့တွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စွမ်းအင်ဖူလုံစေမှုတို့ ပါဝင်သည်။

 

ကိုးကား - Bangkok Post

ပုံစာ - နယူးဒေလီမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် Bimstec နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiamponga နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့ နှုတ်ဆက်စဉ်။ (Photo: Ministry of Foreign Affairs)

 

Burma Associated Press

နယူးဒေလီ
Bimstec ထိပ်သီးအစည်းအဝေး
အိန္ဒိယ

Share With
bap-logo