bap-logo
International

လူနေမှုစရိတ်ကြီးမြင့်မှုကြောင့် နယူးဇီလန် ဆရာ ဆရာမ ၅၀,၀၀၀ နီးပါး သပိတ်မှောက်

El-PHthN2NbpxQ-rGjO8f-image

လွန်ခဲ့သော ၂ နှစ် က

ဝယ်လင်တန် - မတ် ၁၆


 
နယူးဇီလန်တွင် ဝန်ကြီးချုပ် ခရစ်ဟစ်ပ်ကင်ဦးဆောင်သည့် ဗဟိုလက်ဝဲအလုပ်သမားပါတီက လူထု ထောက်ခံမှု ပြန်လည်ရရှိရန် ကြိုးပမ်းနေအချိန် နိုင်ငံတဝှမ်းဆရာ ဆရာမ ၅၀၀၀၀ ခန့် စာသင်ခန်းများမှ ထွက်ခွာ၍ လစာ၊ လူနေမှုနှင့် အထောက်အပံ့များ တိုးမြှင့်ဆောင်ရွက်ပေးရေး ယနေ့ ကြာသပတေးနေ့တွင် တောင်းဆိုခဲ့ကြသည်။


 
အစဉ်အလာအားဖြင့် နယူးဇီလန်တွင် ဆရာ ဆရာမများသည် အလုပ်သမားပါတီ ဦးဆောင်သည့်အစိုးရကို အဓိကထောက်ခံသူများဖြစ်ပြီး နယူးဇီလန်လူနေမှုစရိတ်မြင့်တက်လာသည့်အတွက် ၎င်းတို့အတွက် လစာနှင့် ကျောင်းအသုံးစရိတ်တိုးမြှင့်ပေးရေး တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။


 
ဟစ်ပ်ကင်သည် ဂျက်စင်ဒါအာဒန် ဝန်ကြီးချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်ပြီး ဇန်နဝါရီတွင် နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၎င်း၏ အလုပ်သမားပါတီအစိုးရအနေဖြင့် လူနေမှုစရိတ်မြင့်တက်လာမှု၊ နယူးဇီလန်နိုင်ငံသားများ လိုအပ်ချက်ဖြည့်ဆည်းရေးအစရှိသည့် ကိစ္စရပ်များကို ပြန်လည်အလေးပေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။


 
သို့သော်လည်း လက်ရှိဝန်ကြီးချုပ်သစ်၏‌ ပြောကြားချက်မှာ အောက်တိုဘာ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ လူထုထောက်ခံမှု ပြန်လည်ရရှိရန် ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း လေ့လာသူများ က ဆိုသည်။


 
"ပြီးခဲ့နှစ်နှစ်လောက်အတွင်း ဆရာဆရာမတွေရဲ့ အခြေအနေက တော်တော်လေး ခက်ခဲခဲ့တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လူတိုင်းလိုလို ဒီအခြေအနေကို ဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ ဆရာ ဆရာမတွေကို ပိုပြီး စာနာမိပါတယ်" ဟု ဆရာဟောင်းတစ်ဦးဖြစ်သူ ပညာရေးဝန်ကြီး ဂျန်တီနက်တီက နိုင်ငံပိုင် 1News ကို ပြောကြားခဲ့သည်။

 

ဆရာ ဆရာမများသမဂ္ဂ ဥက္ကဌ မာ့ခ်ပေါ်တာကမူ နယူးဇီလန်အစိုးရ၏ လက်ရှိကမ်းလှမ်းချက်များမှာ ဆရာ ဆရာမများ၊ ကျောင်းအုပ်များနှင့် ကလေးများအတွက် လုံလောက်မှုမရှိကြောင်း တုန့်ပြန် ထားသည်။


 
"ကျွန်တော်တို့က သပိတ်မှောက်တဲ့အလုပ်ကို နောက်ဆုံးမတတ်သာတော့မှ လုပ်ချင်တာပါ။ ဒါပေမဲ့ အခုတစ်ခါတော့ အပြောင်းအလဲလုပ်ဖို့ ဘယ်လောက်ထိ အရေးတကြီးလိုအပ်နေပြီဆိုတာကို ကျွန်တော်တို့က အစိုးရသိစေချင်တာလေးပါ" ဟု ၎င်းက ပြောကြားခဲ့သည်။


 
 
Source – Reuters/The Guardian


 
ပုံ - အော့ကလန်မြို့ရှိ ဆန္ဒပြဆရာဆရာမများ။

 

Burma Associated Press

နယူးဇီလန်
ကျောင်းဆရာ/မ
သပိတ်မှောက်

Share With
bap-logo