Opinion
နိုင်ငံရေးညစ်ထေးစေသူများ
လွန်ခဲ့သော ၂ နှစ် က
လတ်တလောပြန်လည်ဖွဲစည်းခဲ့သော စစ်ကောင်စီ၏ ဖွဲ့စည်းပုံစာရင်းသည် အများ၏ထင်မြင်ချက်များနှင့် ကွဲလွဲမှု သိပ်မရှိဟု ဆိုနိုင်သည်။ နဂိုကတည်းကပင် မူမမှန်သော အာဏာသိမ်းမှုနှင့် စခဲ့သည်ဖြစ်ရာ ထိုသို့သော အပြောင်းအလဲနှင့် လုပ်ဆောင်ချက်အား ကြိုတင်တွက်ဆထားခဲ့ကြပြီးလည်းဖြစ်သည်။
မည်သို့ဆိုစေ စစ်အာဏာရှင်စနစ်ဟူသည်က ဖိနှိပ်သည့်နေရာတွင်သာ လက်စောင်းထက်သည်မဟုတ်။ မဟုတ် မဟတ်လုပ်ဇာတ်ခင်းပြီး လက်အောက်ခံမီဒီယာများမှတစ်ဆင့် မျက်နှာပြောင်တိုက် ထုတ်လွင့်ခြင်းကစ၍ အတိုက်အခံများ၊ သဘောထားမတူသူများကြားတွင်လည်း သွေးခွဲသပ်လျှိုခြင်း၊ အခွင့်အရေးပေး သိမ်းသွင်း စည်းရုံးခြင်း စသည်ဖြင့် ကျွမ်းကျင်သူများဆိုသည်အား သတိရှိရန် လိုမည်ဖြစ်၏။
အတိတ်ကိုပြန်ကြည့်လျင်လည်း ၈၈ အရေးအခင်းကာလ အင်အားကြီးထွားလာခဲ့သော ဒီမိုကရေစီ အရေး တောင်းဆိုသူများနှင့်ပတ်သက်၍ ပါတီများတည်ထောင်ခွင့်ပြုချိန် မိုးဦးကျမှိုခင်းပမာ ပေါများခဲ့သော ပါတီများကို ထိန်းချုပ်ရန် ဖိအားပေးခြင်းများပြလုပ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ မတရားအသင်းအဖြစ် ကြေငြာခြင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သည်။
စင်စစ် ဤသည်မှာ စစ်အာဏာရှင်စနစ်၏ လုပ်ရိုးလုပ်စဉ်ဖြစ်၍ မထူးဆန်းဟု ဆိုနိုင်လိမ့်မည်။ သို့ရာတွင် ၎င်းတို့ အမြင်တွင် သဘောထားပျော့ပြောင်းသည်ဟု သတ်မှတ်ထားသူတချို့နှင့် အခွင့်အရေးရှာသူများကို စီးပွားရေး အခွင့်အရေးပေးပြီး စည်းရုံးသိမ်းသွင်းသည်။
ထိုအချိန်က ပါတီနှင့်သစ်လုပ်ကွက် လဲကြသူများ၊ ပြည်ပကုန်သွယ်ခွင့် အထူးအခွင့်အရေးနှင့် နိုင်ငံရေးဘဝကို အလဲအထပ်လုပ်သူများစသည်ဖြင့် ပါဝင်ကပြခဲ့သူများရှိ၏။
ပါတီထောင်သည့်သားဖြစ်သူကို အဆင့်မြင့်အစိုးရဝန်ထမ်းဖြစ်သူ ဖခင်မှတစ်ဆင့် အခွင့်အရေးဖြင့် ဖိအားပေး ခြင်းကစ၍ စည်းရုံးလှုပ်ရှားရင်း အတိုက်အခံများ လက်နက်ချ အညံ့ခံလာစေရန် ကြိုးပမ်းခဲ့ခြင်းတို့ အများအပြားရှိခဲ့သည်။ သည်လိုပင် ၈၈နှင့် ညောင်နှစ်ပင်ညီလာခံကြားကာလတွင် စစ်အာဏာရှင်များ လုပ်ကိုင် ခဲ့သော အရာတစ်ခု ရှိသေးသည်။ ဤသည်က သူတို့အလိုကျနိုင်ငံရေးသမား မွေးမြူရေး စီမံကိန်းဖြစ်သည်။
မူလတွေးဆချက်က ထိုမွေးမြူထားသည့် နိုင်ငံရေးသမားအစု အခြံအရံဖြင့် တိုင်းပြည်အာဏာကို သူတို့ လက်ထဲ တွင် ရှည်ကြာသထက်ရှည်ကြာအောင် ဆွဲဆန့်ရန် ဖြစ်သည်။ ထိုနိုင်ငံရေးအစုအဖွဲ့ထဲ တိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်။ ထိုအစုသည် လွှတ်တော်ပထမသက်တမ်းအတွင်း ရွေးကောက်ခံများ ဖြစ်လာကြပြီး တိုင်းပြည်၏ နိုင်ငံရေးအခင်းအကျင်းတို့တွင် တစ်စုံတစ်ရာ ပါဝင်အမည်ပေါက်ခဲ့ကြသည်။
ဗမာ့နိုင်ငံရေးက တစ်ခါတစ်ခါ ရယ်စရာကောင်းသည်ဟုပဲ ဆိုရလေမလားမသိ။ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကာလတွင် အတိုက်အခံပါတီကြီးက သောင်ပြိုကမ်းပြိုအနိုင်ဖြင့် အစိုးရဖွဲ့ခွင့် အာဏာရလာချိန် ထိုအစုအဖွဲ့သည် အဆိုပါအတိုက်အခံပါတီကြီးအား သည်းသည်းမည်းမည်း တိုက်ခိုက်သော အစုအဖွဲ့အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ထိုကာလ၌ပင် စစ်အာဏာရှင်နှင့်နီးစပ်သည့် ညောင်နှစ်ပင်ထွက်များကို ပြည်သူတို့က စတင်မေးခွန်း ထုတ်ခဲ့ကြ သည်။ မည်သို့ဆိုစေ နိုင်ငံရေးဆိုသည်က ကြွေတစ်လှည့်ကြက်တစ်ခုန်ဆန်သည် ပြောပြော၊ လူဆိုသည်က အယူအဆ ပြောင်းနိုင်ခွင့်လည်းရှိရာ အတိုက်အခံပြုခြင်းနှင့်ပတ်သက်၍ ထူးခြားပြောစရာ မရှိပေ။
သို့သော်လူသည် အယူအဆပြောင်းခွင့်၊ ယုံကြည်ချက်ပြောင်းလဲခွင့်ရှိသည် ဆိုစေကာမူ နေ့တစ်မျိုး၊ ညတစ်မျိုး မဖြစ်ရန်လိုပေသည်။ အလားတူစွာ ပြည်သူများအပေါ် မူလပေးထားခဲ့သော ကတိနှင့် ပြောင်းပြန်ကျသော ပြောင်းလဲမှုမျိုးကမူ ပြောစရာရှိ လိမ့်မည်။ အယူအဆရေးရာမကဘဲ ပါတီအရပါ ခြံခုန်ခြင်းများက ပြီးခဲ့သော ကာလတစ်ကွေ့တွင် ဗမာ့နိုင်ငံရေးထဲ သိသာထင်ရှားလာခဲ့ခြင်းဖြစ်၏။
မူလက ပြည်သူများအတွက် ဒီမိုကရေစီနှင့် လူသားအခြေခံရပိုင်ခွင့်များ ဆောင်ကြဉ်းပေးမည်ဟု အာမဘန္တေ ခံခဲ့သောပါတီ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ယောက်အနေနှင့် စစ်အာဏာရှင်နှင့် လက်တွဲစရာ အကြောင်း ရှိလိမ့်မည် မဟုတ်ပေ။ နဂိုကပင်အခြေမခိုင်ခဲ့၍ အချိန်တန်သည့်အခါ ခွေယိုင်လဲခြင်းဟုသာ ဆိုရတော့မည်။ "ကြောင်ကြာ ကြာ ရေမငုတ်နိုင်" ဆိုသောစကားကို သတိရစရာဖြစ်သည်။
စစ်ကောင်စီလက်ထက် အချိန် ၂ နှစ်အတွင်း ရာထူးဌာနန္တ ရပေး၍ သတ်ပစ်ခဲ့သော နိုင်ငံရေးသမား တချို့ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ တချို့ဆိုလျင် သမိုင်းအရ လေးစားကြည်ညိုလောက်စရာ ဂုဏ်ပုဒ်များ ရှိနေပါလျက်က စစ်အာဏာရှင်၏ အပျော့ဆွဲနောက် ပြားပြားမှောက်ခဲ့ကြသည်မှာ ဗမာ့နိုင်ငံရေး၏ ရင်နာစရာဖြစ်လိမ့်မည်။
အတိတ်က လွတ်လပ်ခွင့်နှင့် နိုင်ငံအကျိုးအတွက် ပေးဆပ်မှုကြီးမားစွာဖြင့် ထောင်ကျတန်းကျခံရင်း၊ မိသားစု ဖရိုဖရဲ အဖြစ်ခံရင်း မာန်တင်းခဲ့သမျှသည် ဘာမျှမဟုတ်သော (ဘာလုပ်ကိုင်ခွင့်မှ ရေရေရာရာ မရှိသလို၊ လက်ညှိုးထောင် ခေါင်းညိတ်အဆင့်ဖြင့် ထားရာနေ စေရာသွားဘဝ) နေရာပေးမှုတစ်ခုဖြင့် ရှိခဲ့သမျှသော ဂုဏ် သိက္ခာ အားလုံး စတေးခံကြသူများ၏အဖြစ်က ရင်နင့်စရာမက သင်ခန်းစာ ယူစရာလည်း ကောင်းလှသည်။ ဘယ်သူမပြု မိမိမှုဆိုလျင်လည်း မှားမည်မထင်။
လူ့ဂုဏ်သိက္ခာဆိုသည် ပေါပေါလောလောအရာတော့ မဟုတ်ခြင်းသေချာ၏။ နိုင်ငံရေးလောက၏ ဂုဏ်သိက္ခာ ဆိုသည်က နတ်ကြီးသည်။ ထို့အတွက်လိုအပ်လျင် ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းခြင်းသာမက ဘဝများပါ စတေးကောင်း စတေးရတတ်သလို အခန့်မသင့်ပါက အသက်ပါပေးရတတ်ခြင်းမျိုးလည်း ဖြစ်သည်။
အထူးသဖြင့် ဗမာ့နိုင်ငံရေး၏ ပြင်းအားက အခြားထက်ပိုသည်။ ဆိုလိုသည်က တန်ဖိုးဖြစ်သည်။ ကြီးမားသော ပေးဆပ်မှုများဖြင့် တည်ဆောက်ခဲ့ရသော ဂုဏ်သိက္ခာကို အတိတ်တစ်ချိန်က ကိုယ်တိုင် တူးတူးခါးခါး ရွံမုန်းရင်း ဆန့်ကျင် တော်လှန်ခဲ့သူများအောက်ခိုဝင်ခြင်းသည် မည်မျှရှက်ရွံ့သိမ်ငယ်စရာ ကောင်းသော အလုပ်ဖြစ်မလဲက တွေးကြည့်စရာပင်မလို။ နောက်ဆက်တွဲအဖြစ် လူတချို့ကို စစ်အာဏာရှင်စနစ်က နေရာပေး၍ သတ်ပစ်လိုက် ခြင်း ဆိုလျင် မမှားပေ။
ထိုအတွက် ပြည်သူများအနေဖြင့် နိုင်ငံရေးသမားတို့ကြား ထိုသို့သောလူများ ရောပါ ကြီးထွားမလာစေရန် တတ်နိုင်သည့်နေရာက တားဆီးကြရန်သာရှိမည်။ ရှေ့ ဆက်ရန်ရှိသော ဗမာ့နိုင်ငံရေးတွင် ထိုသို့သော နိုင်ငံရေး ညစ်ထေးအောင် ခြံခုန်အရောင်ဆိုးသူများဘေးမှ ကင်းဝေးမှ ဖြစ်ပေမည်။
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က