bap-logo
Opinion

ရွေးချယ်စရာလမ်း

tlR-7ZQRtnJ9CmzlDJ7jk-image

လွန်ခဲ့သော ၂ နှစ် က

ရွေးကောက်ပွဲအသံများ ယခုတလော ခပ်စိပ်စိပ်ပြန်ကြားရသည်။ စစ်ကောင်စီလက်အောက်ခံ မီဒီယာများနှင့် လက်သပ်မွေး မီဒီယာပလက်ဖောင်းများတွင် ပုံစံမျိုးစုံဖြင့် ဖော်ပြလာကြသည်။

 

ဤသည်တွင် ရွေးကောက်ပွဲ တကယ်ဖြစ်မည်လား၊ မဖြစ်မည်လား ဆိုခြင်းအပြင် မည်သူတွေ ပါဝင်ယှဉ်ပြိုင် ကြမလဲ စသည့်မေးခွန်းများလည်း သဘာဝကျစွာ ထွက်ပေါ် လာသည်။

 

စင်စစ် ရွေးကောက်ပွဲဟူသည် ယခုမှ ပေါ်ထွက်လာသော စကားမဟုတ်ဘဲ စစ်ကောင်စီ အာဏာသိမ်းစအချိန်က ပင် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။ ထိုစဉ်က အခြေအနေများသည် ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်၍ နိုင်ငံ တကာနှင့် ပြည်သူများကြား ဝေဝါးအောင် အာဏာကိုထိန်းသယောင်ဆိုရင်း ရွေးကောက်ပွဲစကားဆိုခဲ့ခြင်း ဖြစ်သည်။

 

စစ်ကောင်စီ၏ မူလသရုပ်မှန်က မိမိတို့ထောက်ခံသောပါတီ မဲအရှုံးကြီးရှုံးသည်ကို ရှုံးမဲမဲခြင်း ဖြစ်သည်ကို မှတ်မိကြပေလိမ့်မည်။ လွှတ်တော်တွင်း၊ လွှတ်တော်ပ ထောက်ကွက်အမျိုးအမျိုးဖြင့် သာမက ဘာသာရေး ခုတုံးလုပ်မှုအဆုံး အနိုင်ရပါတီကို ချောက်ချရေးလုံးပမ်းချက်များနှင့် တိုက်ရိုက်သက်ဆိုင်နေသည်က အမှန်ပင် ဖြစ်၏။

 

ထို၏ မြားဦးက နိုင်ငံ့အာဏာကို လက်ရှိယူထားသည်ထက်ပိုလွန်၍ အဆုံးစွန်ချုပ်ကိုင်ရေးသဘောတွင် အဆုံး သတ်ခြင်း ဖြစ်သည်။ ဤသည်ကိုကြည့်လျင်ပင်စစ်ကောင်စီ၏ အာဏာသိမ်းခြင်းဆိုသည် မူလကတည်းက ကြိုတင် ကြံစည်ထားခဲ့ခြင်းဟု အဖြေရလိမ့်မည်။

 

တစ်ခုရှိသည်က ၂၀၀၈ ခြေဥကို ပြည်သူများက တိုင်းပြည်အနာဂတ်အရေး အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်အောင် အလျှော့တွက်နှင့် လက်ခံခဲ့ရခြင်းရှိမည်။ ပြည်သူများအကြား မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို လက်ခံခဲ့ခြင်းမျှသာဖြစ်၏။

 

ဆိုလိုသည်က ထိုအချိန်ကတည်းကပင် ပြည်သူအများ၏ ဦးတည်ချက်က ၂၀၀၈ ခြေဥကို မြွေမသေ တုတ်မကျိုး သဘောမဟုတ်ဘဲ ကြားခံလှေကားထစ်တစ်ခုအဖြစ်သာ သဘောထားခဲ့ကြခြင်း ဖြစ်သည်။

 

ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပခဲ့သော ၂၀၁၀ နှင့် နောက်ပိုင်းတစ်ခုလုံးတွင်လည်း ခြွင်းချက်တပုံကြီးနှင့် ဖြစ်၏။ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေးတွင် အထက်စီးက အမြဲအသာရရေး ကြိုးပမ်းချက်များက တစ်ပြည်လုံးအနှံ့၌ ရှိခဲ့သည်။

 

သို့တိုင်အောင် အခြားသော ပါတီများအနေနှင့် အခြေအနေတို့ ဝရုန်းသုန်းကားမဖြစ်စေရန် ထိန်းသိမ်းခဲ့ရခြင်း များ ဒေသအလိုက်ရှိခဲ့သည်။ ဆိုရလျင်ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းကလွဲရင် စင်းလုံးချော မဟုတ်ခဲ့ခြင်း ဖြစ်၏။ ယင်းသို့သော အခြေအနေများတွင် နောက်ကွယ်မှ အဓိက ပါဝင်ပတ်သက်နေသူများသည် ပြည်ခိုင်ဖြိုး ပါတီနှင့်သူ၏ လက်မဲကြီးစစ်တပ်ပင်ဖြစ်သည်။

 

မည်သို့ဆိုစေ ရွေးကောက်ပွဲအသံများ ပြန်ကြားလာရသော ယခုလိုအချိန် မည်သည့်ပါတီများ ဝင်ပြိုင်မလဲ မည်သူတွေပါဝင်ကြမလဲဆိုသည်က စိတ်ဝင်စားစရာကောင်း၏။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော နွေဦးတော်လှန်ရေး တစ်လျှောက်လုံး တော်လှန်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ချေချွတ်ကြသည့်ပါတီနှင့် လူပုဂ္ဂိုလ်တချို့ရှိသည်။ အာဏာသိမ်းခြင်းကိစ္စသည် ပါတီကြီး တစ်ခုနှင့် စစ်တပ်ကြား သဘောထားမတူ၍ ဖြစ်သည့် ကိစ္စမျှဖြစ်၍ သူတို့က ကြားနေသဘောမျိုး ရေးကြ၊ ပြောကြခြင်း ဖြစ်သည်။

 

ထိုသို့ ပြောဆိုမှုများတွင် ဝါရင့်နိုင်ငံရေးသမားဟု ဆိုသူများလည်းပါဝင်သလို တစ်ချိန်က အတိုက်အခံ အင်အားစု အဖြစ် ရပ်တည်ခဲ့ကြသူများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် တွေ့ဆုံဆွေးနွေးရေးဟု ဆော်ဩလာကြခြင်း များလည်း ရှိခဲ့သည်။

 

ထိုအချိန်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအသံနှင့် ပါတီများ မှတ်ပုံတင်ဥပဒေသစ်အရ ဖြစ်လာနိုင်မည့် ရွေးကောက်ပွဲ၏ ယှဉ်ပြိုင်ခြင်း အခင်းအကျင်း မည်သို့လည်းဆိုခြင်းက ခန့်မှန်းကြည့်ရုံဖြင့် သိသာမြင်ထင်လျက် ရှိသည်။ သေချာသည်က ယခင်အကြိမ်များထက် များစွာပိုကဲသော ညစ်လုံးညစ်ကွက် တပုံကြီးနှင့်ကြုံရမည် ဆိုသည်က ယခုထုတ်ပြန်ချက်အား ကြည့်ခြင်းဖြင့်သိမြင်နိုင်ပေသည်။

 

ထိုသို့သော အနေအထားတွင် တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးမှုကို ဦးတည်သည်ဆိုသောပါတီများအနေဖြင့် ဘယ်လို မျက်နှာမျိုးနှင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်လဲ စဉ်းစားစရာဖြစ်သည်။

 

မည်သို့ပင်ဆိုစေ ပြည်သူများကြား တော်လှန်ရေး၏ အစပိုင်းကာလ၌ပင် စာမေးပွဲကျရှုံးစာရင်းက ပေါ်ထွက်ခဲ့ပြီး ဖြစ်သလို ဖိနှိပ်သတ်ဖြတ်ခံ ပြည်သူ့ဘက်မှရပ်တည်မည်လား၊ စစ်ကောင်စီဘက်မှ ရပ်တည်မလားဆိုသော မွေးခွန်းကို ဗမာ့နိုင်ငံရေးသမားတချို့ ဖြေဆိုခဲ့ကြပြီးဖြစ်သည်။ မည်သူတွေ ကျရှုံးပြီး မည်သူတွေ ဓမ္မတရား အောင်ချက်၌ ပါဝင်ခဲ့လဲ မြင်ခဲ့ကြပြီးဖြစ်သည်။ ယခုတခါ ဤသည်ကို ထပ်မံအတည်ပြုရန် နောက်ဆက်တွဲ မေးခွန်း ထပ်လာပြန်ပြီ။

 

တစ်ခါတစ်ခါ ဗမာ့နိုင်ငံရေးတွင် ကြုံရတတ်သည့်မေးခွန်းများက ရက်စက်သည်။ အဖြူလား၊ အမည်းလား။ အမှန်လား၊ အမှားလား။ ကြိုက်ရာရွေးပဲ ဖြစ်သည်။ တစ်ခုရှိသည်က ပြည်သူထောင်ချီ အသတ်ခံနေရခြင်းများ၊ အိုးအိမ်သောင်းချီ မီးရှို့ဖျက်ဆီးခံနေရခြင်းများ စသည်ဖြင့် အနိဌာရုံတို့ကို မျက်ကွယ်ပြုလျက် လူတချို့၏ အီမိုးရှင်းဟုဆိုသမျှက ပြေးပေါက်ရှာရင်း မိုးကြိုးပစ် ထန်းလက်ကာ သဘောမျှသာ ရှိပေလိမ့်မည်။ အခြေအနေ က ပြတ်သားမှုကို တောင်းဆိုလာချိန် စကားအဆင်တန်ဆာတို့ဖြင့် မည်သို့ကာရံပါစေ ဤသည်က တာဝန်မဲ့မှု ဟုသာဆိုရပေမည်။

 

နိုင်ငံရေးအား မိမိအကျိုးစီးပွား မပြုတ်ရုံ ကွက်ကွက်လေး ကြည့်မြင်တတ်သူများအတွက် သမိုင်းတွင် နေရာ မရှိပြီ။ နိုင်ငံရေးတွင် ဦးနှောက်ဖြင့် ဆုံးဖြတ်လုပ်ကိုင်ရခြင်းမှန်သည့်တိုင် လက်တွေ့၌ ပြည်သူ့နှလုံးသားမှ ထွက်ပေါ်လာသော အသံများကိုလည်း မျက်ကွယ်ပြု၍ မရပေ။

 

သမိုင်းဟူသည် ပြည်သူတို့၏အသံနှင့် ခံစားချက်အားဖြင့်သာ တွင်ရိုးထုံးစံရှိသည်။ သမိုင်းဖြစ်စဉ် တစ်ခုတွင် မိမိတို့၏ ပြောဆိုလုပ်ကိုင်မှုမှန်သမျှက စာမျက်နှာထင်ကျန်ရစ်မည်ဖြစ်ရာ သမိုင်းမှာ မှန်ကန်သော ရပ်တည်ချက် ဖြင့် ရှင်သန်မည်လား သို့မဟုတ် လူအများရွံရှာစက်ဆုပ်ပြီး အော့နှလုံး နာစရာအဖြစ် ပြည်သူ့တံတွေးခွက်တွင် မျောရင်း ကျန်ရစ်မည်လားဆိုသည်က ကိုယ်တိုင် ဖြေဆိုရမည့် မေးခွန်းသာ ဖြစ်လိမ့်မည်။

 

သို့ဖြစ်ရာ ကြားနေရသော ရွေးကောက်ပွဲ အကယ်၍ဖြစ်ခဲ့သည်ဆိုပါစို့၊ ထိုပွဲတွင်ပါဝင်ခဲ့သည်ဆိုပါစို့ ဤသည်က ပြည်သူတို့သွေးခင်းသောလမ်းတွင် အရှက်အကြောက်မဲ့စွာလျှောက်ခြင်း၊ တနည်း ပြည်သူအပေါ် သစ္စာဖောက် ခြင်းဆိုသည့် အကြောင်းတရားကလွဲလျင် သတ်မှတ်လက်ခံရန်သော အချင်းအရာတို့ မရှိနိုင်ပေဟုသာ ဆိုရ‌ပေမည်။

 

Burma Associated Press

ရွေးကောက်ပွဲ
အာဏာသိမ်း
စစ်ကောင်စီ
ပါတီ
မြန်မာ

Share With
bap-logo