bap-logo
Opinion

ခိုင်ကျည်သော သံဓိဌာန်နှင့် မုချဧကန် အောင်ခြင်းတရား

F3Pnwx6PYs9Y_F0Kl9xG6-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကောင်စီ၏ အာဏာသိမ်း ၂ နှစ်ပြည့်သည် တိတ်ဆိတ်စွာဖြင့် ပြီးဆုံးသွားပြီဖြစ်သည်။ တစ်နိုင်ငံလုံးရှိ လမ်း ကြီး၊ လမ်းငယ်အသွယ်သွယ်တွင် ခွေးတစ်ကောင်ကြောင်တစ်မြီးမှမတွေ့ရဘဲ ငြိမ်သက်ခြင်းဖြင့် ရှိတည်ခဲ့သည်။

 

တနည်းဆိုရသော် ထိုမြင်ကွင်းအရပ်ရပ်သည် ပြည်သူတို့၏စိတ်၌ စစ်အာဏာရှင်အပေါ်ထားရှိသည့် စိတ်ရင်း အမှန်ဟုဆိုလည်း မှားမည်မထင်။ စစ်ကောင်စီနှင့် ပတ်သက်သမျှ မကြားလို၊ မမြင်လိုခြင်းကို တိတ်ဆိတ်မှုဖြင့် ဖော်ပြခြင်းဖြစ်သည်။ ယင်း၏နောက်ခံတွင် မုန်းတီးရွံရှာခြင်းကစ၍ နာကျည်းစက်ဆုပ် စိတ်ထိပါဝင်နေသည်။

 

ရယ်စရာကောင်းသည်က ထိုနေ့တွင် လမ်းပေါ်လူမပြတ်စေရန် ပြည်သူကို ခြိမ်းခြောက်အကြပ်ကိုင်သော လုပ် ဆောင်ချက်များအဖြစ် နယ်မြို့များတွင် ဆိုင်ကယ်များကိုဖမ်းဆီးပြီး ထိုနေ့ကျမှ လာပြန်ရွေးစေခြင်းကစ၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပြီး စတုဒီသာကျွေးခြင်း၊ ပြေးပွဲပြိုင်ပွဲများပြုလုပ်ပြီး ဆုပေးခြင်း စသည်ဖြင့် လုပ်ဆောင် သည့်တိုင် ပြည်သူအများစုကြီး၏ ဆေးဖော်ကြောဖက် မလုပ်ခြင်းကိုသာ ရရှိခဲ့သည်။

 

ထိုသို့သော ပြည်သူ၏ တောင့်ခံအံတုနေမှုနှင့် တစ်ပြိုင်တည်း တစ်ဖက်သော အခင်းအကျင်းများကလည်း ရှိနေခဲ့ သည်။ ထိုအရာများက လတ်တလောတွင် ဗြိတိန်က စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချသည့် ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းပိတ်ဆို့ခြင်းဖြစ်သည်။

 

အလားတူစွာ ကနေဒါ၊ သြစတေးလျ စသည်တို့ကလည်း ပိတ်ဆို့မှုများပြုလုပ်သည်။ ဤသည်တို့က ပြည်ပနိုင်ငံ များ၏ နောက်တိုးဝက်အူရစ်ကြပ်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် အမျိုးသားညီညွတ်ရေး အစိုးရဝန်ကြီး များနှင့် အမေရိကန် တာဝန်ရှိသူများကြား ဆွေးနွေးသံတွေကြားရသည်။

 

ထို့အတူ ဗမာ့အရေးအတွက် ကုလကခန့်အပ်ထားသော "နိုလင်းဟေဇာ" ပြည်တွင်းလုံခြုံမှု ပျက်ပြားနေချိန် ရွေးကောက်ပွဲကျင်းပခြင်းသည် အကြမ်းဖက်မှုများကိုမီးစာထိုးပေးသလိုဖြစ်မည်ဆိုသော စကားသံ ထွက်လာ ခဲ့သည်။ သူ့စကားကိုလေ့လာကြည့်လျင် အဓိပ္ပါယ်နှစ်ခွထွက်သည့်စကားဟု ဆိုနိုင်လိမ့်မည်။ ပြည်တွင်းခုခံ တော်လှန်ရေးအုပ်စုများအပေါ် တစ်စုံတစ်ရာအပြစ်မြင်စေမည့် အပြောမျိုးဖြစ်ခြင်းကိုလည်း သတိထားသင့် သည်။

 

ကုလသမဂ္ဂ၏တရားဝင်ကိုယ်စားလှယ်ဖြစ်သည့်တိုင် မိခင်တိုင်းပြည်က စစ်အုပ်စုနှင့် စီးပွားရေးအရ အစဉ် အဆက် ဆိုသလိုကြီးမားသည့် ဆက်နွယ်မှုရှိသည့် စင်္ကာပူဖြစ်နေခြင်းကြောင့် ပြည်သူများကြား သူ့အပေါ် ယုံကြည်မှုက မေးခွန်းထုတ်စရာဖြစ်ခဲ့ဖူးရာ ခုတစ်ဖန် ထိုသို့စကားဆိုလာခြင်းက ပြည်သူတို့၏ သံသယကို ပိုအားကောင်းလာစေတာလည်းအမှန်ဖြစ်သည်။

 

အာဆီယံအဖွဲ့တွင်း အလှည့်ကျ ဥက္ကဌနေရာ အပြောင်းအလဲရှိခဲ့ပြီးချိန် သဘောထားကတော့ မူလ ချမှတ်ထား သော မူငါးချက်ကို ဆက်လက်ကိုင်စွဲထားဆဲ ဆိုတာမြင်ရမည်။ သို့ရာတွင် ထိုမူငါးချက်ကို မည်သို့ အကောင် အထည်ဖော်မည်လဲဆိုခြင်းအတွက် ဘာမျှရှင်းရှင်းလင်းလင်းရှိဟန်မတူသေးပေ။

 

ဗမာ့အရေးအား အများဆုံးပြောဆို ဝေဖန်သည့် အင်ဒိုနီးရှားနှင့်မလေးရှား နှစ်နိုင်ငံအနေနှင့် စစ်ကောင်စီကို ဖိအားပေးနိုင်ရေး အခြားသော အဖွဲ့ဝင်များကို မည်သို့ စည်းရုံးလှုပ်ရှားမည်လဲဆိုသည်ကလည်း မသေချာပေ။

 

အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအိုမှစ၍ တစ်စုံတစ်ရာအကျိုးစီးပွားရှိထားသည့် ထိုင်းနှင့်ဗီယက်နမ်စသည့် အုပ်စု၏ မြွေမသေ တုတ်မကျိုး မူဝါဒဖြင့်တော့ ဗမာ့အရေး ပြေလည်ဖို့က အိပ်မက်ပမာ မှုန်ဝါးနေမည်မှာ သေချာသည်။

 

စစ်ကောင်စီ၏ အာဏာသိမ်း ၂ နှစ်အတွင်း တိုင်းပြည်ကတော့ အဖတ်ဆယ်မရအောင် ဖရိုဖရဲ ဖြစ်ခဲ့ပြီဖြစ်၏။ ပြည်သူများ၏ အိုးအိမ်စည်းစိမ်မက အသက်သည်ပင် ဘာမျှမသေချာသော နေ့များထဲ ဖြတ်သန်းနေခဲ့ရသည်။ အလုပ်လက်မဲ့နှုန်းက တစ်နေ့တခြား တိုးလာနေသလို ပြည်ပထွက်ရန် ကြိုးစားတာတွေလည်း အဆမတန် များလာနေသည်။ အာဏာသိမ်းပြီးချိန်ကစ၍ နိုင်ငံအနှံ့ နည်းမျိုးစုံနှင့် သတ်ဖြတ်ခံရသူ အရေအတွက် ထောင်ချီ နေပြီး အိုးအိမ် စွန့်ခွာရသူနှစ်သန်းနီးပါးရှိနေခဲ့ပြီ။ လက်ရှိတွင်လည်း အာဏာကို ဆွဲဆန့်ရန် ရွေးကောက်ပွဲကုလား ဖန်ထိုးဦးမည်ဖြစ်ရာ တိုင်းပြည်အခြေအနေသည် ရှေ့ဆက်ပိုမိုဆိုးရွားလာရုံမှတပါး အခြားမျှော်လင့်စရာမရှိပေ။

 

အားလုံးကိုခြုံကြည့်လျင် အချိန် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတွင်အောင်မြင်မှုဟူသည် ဘာမျှ မည်မည် ရရ မရှိပေ။ ပြည်တွင်းအနေနှင့် စစ်ကိုင်းလိုနေရာမျိုးတွင် တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူ များကို ကြုံသလိုဖမ်းဆီးသတ်ဖြတ်ခြင်း စသည်တို့က ပြည်သူများကို တော်လှန်ရေးတွင် ပိုမို ခိုင်ကျည်သော စိတ်များ ဖြစ်လာစေရန် လှုံ့ဆော်ပေးခဲ့ပြီး ယခုအခါ နယ်မြေအတော်များများသည် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီဖြစ်၏။

 

ပြည်ပအနေနှင့်လည်း တစ်နှစ်ထက်တစ်နှစ် ပို၍တင်းကြပ်လာသော ဖိအားများက ဘက်ပေါင်းစုံမှ ဝင်လာနေရာ စစ်ကောင်စီ၏တည်ရှိမှုက တနေ့တခြားကျဉ်းမြောင်းလာနေသည်။ နိုင်ငံတကာနှင့် အာဆီယံ၏ အကန့်အသတ် များသာမက တရုတ်၏ ဘာသိဘာသာ ဆန်လာသော ဆက်ဆံရေးကိုကြည့်လျှင်ပင် စစ်ကောင်စီ၏ အနေအထား နှင့် ရပ်တည်မှုက ခပ်လှုပ်လှုပ်ဆိုသလိုမြင်ရမည်။

 

မည်သို့ဆိုစေ အာဏာသိမ်းကာလအတွင်း ပြည်သူတို့၏ သံဓိဌာန်ခိုင်မြဲမှုကိုဖြင့် အလေးပြုရမည် ဖြစ်သည်။ ဤမျှ ဆိုးရွားရက်စက်သည့် စစ်အာဏာရှင်တို့၏ ဖိနှိပ်ရက်စက်မှုများကို ယနေ့တိုင် အလံမလှဲဘဲ ရရာဖြင့် ခုခံကာကွယ်ရင်း အမြစ်ကဖြိုချရန် ကြိုးစားနေခြင်းက စင်စစ်ကမ္ဘာ့သမိုင်းတွင် စာတင်ရမည့် အဖြစ်အပျက် ဖြစ်သည်။

 

ယခုလို အာဏာသိမ်း၂နှစ်ပြည့် ကာလတစ်နိုင်ငံလုံးရှိ လမ်းများ ခြောက်သွေ့ တိတ်ဆိတ်သွားခြင်း မည်သည် စစ်အာဏာရှင်တို့အတွက် သွေးပျက်ညတွေတို့ကို ဆောင်ကြဉ်းပေးလိမ့်မည်မှာ သေချာ သည်။

 

သို့ဖြစ်ရာ လက်ရှိ စည်းလုံးညီညွတ်မှုအရှိန်ကို လျှော့မချဘဲ ဆက်လက်ထိန်းသိမ်းမြှင့်တင်ရင်းဖြင့် ဆက်လက် ချီတက်နိုင်ပါက အောင်မြင်မှုသည် မုချဧကန်ဆိုက်ရောက်မည်ဖြစ်ပေသည်။

 

Burma Associated Press

 

 

မြန်မာ
အသံတိတ် သပိတ်
စစ်တပ်

Share With
bap-logo