bap-logo
Opinion

စစ်ခေါင်းဆောင်ရဲ့ မပီဝိုးတဝါး သမ္မတအိပ်မက်

BswopM6PLk807fB1HaVPA-image

လွန်ခဲ့သော ၂ နှစ် က

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပိုင်း အပြောင်းအလဲနဲ့အတူ စစ်ခေါင်းဆောင် တစ်ယောက် သူ့ရဲ့ သမ္မတအိပ်မက်ကို ထုဆစ်ဖို့ ကြိုးစားနေတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ။

 

ဒါဟာ ပြည်သူလိုအပ်ရင် သမ္မတလုပ်မယ်လို့ ကြိမ်ဖန်များစွာ ဖြေကြားခဲ့သူစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေ သူ့ကို ‘လိုအပ်တယ်၊ မလိုအပ်ဘူး’ ဆိုတာကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။

 

ဒီတော့ စစ်ခေါင်းဆောင်ရဲ့ သမ္မတအိပ်မက်ရှင်းတမ်းကို တစ်ချက်ကြည့်ရအောင်ပါ။

 

ပရာယုဒ်ကို အားကျလေသလား

 

လွန်ခဲ့တဲ့ ၂၀၁၄ နှစ် ထိုင်းနိုင်ငံမှာ ပရာယုဒ်ချန်အိုချာတစ်ယောက် အာဏာသိမ်းတော့ မြန်မာနိုင်ငံဟာ အရပ်သား အစိုးရတစ်ပိုင်း လက်အောက်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။

 

ထိုင်းရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေကနေ အနိုင်ရပြီး ထိုင်းစစ်တပ်အကြီးအကဲ ပရာယုဒ်ချန်အိုချာ တစ် ယောက် ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ပရာယုဒ်ဝန်ကြီးချုပ်ဖြစ်လာတော့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ပါတယ်။

 

ဒီတော့ စစ်ဗိုလ်ချုပ်ကြီးကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ပရာယုဒ်ချန်အိုချာကို မြန်မာအာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားကျသလား တွေးဆစရာဖြစ်ပါတယ်။

 

ဒီလိုပဲ မြန်မာနိုင်ငံကို အာဏာသိမ်းတော့လည်း အထိအခိုက်နည်းနည်းနဲ့ အာဏာသိမ်းတဲ့ ထိုင်းပုံစံကို အတုခိုး ခဲ့ပါသေးတယ်။ ကာလတစ်ခုကြာတဲ့အထိ ဆန္ဒပြမှုတွေကို ခွင့်ပြုခဲ့ပါသေးတယ်။ ဒါပေမယ့်‌ တော်လှန်ရေး ရေချိန်မြင့်နေတဲ့ ပြည်သူတွေရဲ့အားကို အစောတလျှင် မဖြိုခွင်းရင် သူလိုသလို မဖြစ်ဘူးဆိုတာ သိလာတဲ့နောက် အင်အားသုံးမှုတွေကို စတင်ခဲ့ပါတော့တယ်။

 

ပြည်သူတွေသေကြေတဲ့အထိကို အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်သလို ကမ္ဘာ့က မျက်လုံးဒေါက်ထောက် ကြည့်နေ တဲ့ အောက်မှာပဲ အာဏာအတွက် ပြည်သူ့အသက်တွေကို စတေးခဲ့တာပါ။

 

ဒီတော့ သူ့ရဲ့ ထိုင်းပုံစံ အထိအခိုက်နည်းနည်းနဲ့ အာဏာသိမ်းမှုဟာလည်း ပျက်စီးသွားပါတယ်။ ဒါပေမယ့် ပရာယုဒ်ကို အားကျတဲ့၊ ထိုင်းမှာဆို ဝန်ကြီးချုပ်၊ မြန်မာမှာဆိုသမ္မတဖြစ်လိုတဲ့ ဆန္ဒကိုတော့ ဆက်လက် အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။

 

ပထမခြေလှမ်း

 

ပထမခြေလှမ်းကတော့ ညောင်နှစ်ပင်ခန်းမကိုသွားတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော် ခေါ်တွေ့တာဖြစ်ပါတယ်။ ဒါက အခြေခံဥပဒေပြင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ အခြေခံ ဥပဒေထဲမှာ‌တော့ ပုဒ်မ ၂၆၁ လို ကိုယ့်ပြည်နယ်ဝန်ကြီးချုပ် ကိုယ့်ပြည်နယ်လွှတ်တော်က တင်မြှောက်ခွင့်လို အချက်မျိုးကို ခွင့်ပြုပြီး တိုင်းရင်းသားပါတီတွေကို ချွေးသိပ်ပါမယ်။ နောက်ပြီး ရွေးကောက်ပွဲ စနစ်ကို ပြင်ဖို့ကြံစည်ပါတယ်။

 

ဒီလိုနဲ့ မူလရွေးကောက်ပွဲစနစ်ဖြစ်တဲ့ နိုင်သူအကုန်ယူစနစ်(FPTP-First Past the Post)ကနေ အချိုးကျကိုယ်စားပြုစနစ် (Proportional representation-PR)ကို ပြောင်းလဲချင်လို့ဖြစ်ပါတယ်။ အခုလည်း ပီအာ စနစ်ကို သူတို့အဆိုအရ မြန်မာ့နည်းမြန်မာ့ဟန် စပ်ကြားစနစ်နဲ့ လုပ်နေတာပါ။

 

ဒီနေရာမှာ ပီအာစနစ်က မကောင်းတာမဟုတ်ဘဲ ဒီစနစ်ကို ပြောင်းတဲ့ ရည်ရွယ်ချက်က မကောင်းတာပါ။ ပီအာပဲ ဖြစ်ဖြစ်၊ နိုင်သူအကုန်ယူစနစ်ပဲဖြစ်ဖြစ်၊ စပ်ကြားစနစ်ပဲဖြစ်ဖြစ် အားသာချက်၊ အားနည်းချက်ရှိတယ်ဆိုတာ နိုင်ငံတကာပညာရှင်တွေကလေ့လာပြီးသား စာတမ်းတွေရှိပါတယ်။

 

မြန်မာပြည်သူတွေဟာ စစ်အုပ်စုက ပြောင်းလဲချင်တဲ့ ပီအာကို ဘာလို့လက်မခံလဲမေးရင် စစ်အုပ်စုလုပ်လို့ကို လက်မခံတာပါ။ နည်းနည်း စကားလှအောင်ပြောရရင် ရည်ရွယ်ချက်မကောင်းလို့ လက်မခံတာ ဖြစ်ပါတယ်။

 

ဒါဖြင့် ပြည်သူတွေက မူကိုကြည့်တာမဟုတ်ဘဲ လူကိုကြည့်တာလားဆိုပြီး ပညာတတ်ဉာဉ်နဲ့ပြောရင် ဟုတ်ပါ တယ်လို့ ဖြေရပါမယ်။ အသားစားတဲ့ကျား ဥပုသ်စောင့်ဖို့ ဓမ္မာရုံကို လာတယ်ဆိုရင် ဓမ္မာရုံထဲက ဘယ်သူကများ ယုံယုံကြည်ကြည် လက်ခံဝံ့မှာမို့လဲ။ ဗုဒ္ဓဘာသာမို့ ဥပုသ်စောင့်တယ်ဆိုတဲ့ ဥမေယျ ထည့်သုံးလိုက်တာပါ။ အဓိက ကတော့ သမိုင်းကြောင်းအရ ယုံချင်စရာမကောင်းလို့ ပြည်သူတွေက မယုံကြတာဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင်ကရော ဘာလို့ ပီအာပြောင်းလဲချင်လဲဆိုရင် ပီအာစနစ်အရဆိုရင် အမျိုးသားရေး အစွန်းရောက် ပါတီတွေလည်း လွှတ်တော်ထဲရောက်နိုင်သလို သူတို့ရဲ့ နောက်မြီးဆွဲပါတီငယ်တချို့လည်း လွှတ်တော်ထဲ ရောက်လာနိုင်ပါတယ်။ တိုင်းရင်းသားပါတီငယ်လေးတွေကလည်း အိမ်ဖြည့်သဘောနဲ့ လွှတ်တော်ထဲ ရောက်လာမှာပါ။

 

အဓိက ဆုံးဖြတ်ခွင့်ကိုတော့ စစ်တပ် ၂၅ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်လက်ဝေခံ နောက်မြီးဆွဲ ပါတီတွေ ပေါင်းပြီး ချုပ်ကိုင်ထားမှာပါ။ ဒီတော့ ပီအာစနစ်ဘာလို့ပြောင်းလဲလိုက်တာလဲ ခပ်တိုတိုပဲ ပြောပါဆိုရင် လာမယ့် လွှတ်တော်ကို အာဏာသိမ်းဖို့ ကြံစည်တာလို့ ပြောရပါမယ်။

 

ဒုတိယခြေလှမ်း

 

စစ်ခေါင်းဆောင်ရဲ့ ဒုတိယခြေလှမ်းကတော့ ကြံ့ခိုင်ရေးပါတီ အားပြိုင်ပွဲကို ကမကထ လုပ်တာပါ။

 

ဒီလိုနည်းနဲ့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ စစ်ခေါင်းဆောင်ကို လိုလားသူတွေအကြား ပါတီတွင်းအားပြိုင်မှုက အသက်ဝင်လာပါတယ်။ မင်းကင်း ဦးမောင်မြင့်၊ ဘူးလက် ဦးလှဆွေတို့ကိုပွဲထုတ်ပြီး ဦးသန်းဌေးနဲ့ ဒေါက်တာ နန္ဒာလှမြင့်တို့ရဲ့ ငွေကြေးအရှုပ်ထုပ်တွေကို ဖြည်ချခဲ့ပါတယ်။

 

ဒီလိုနည်းနဲ့ ကြံ့ခိုင်ရေးပါတီက ငွေချေးထားတဲ့ကိစ္စတွေ ပေါ်ပေါက်လာသလို ပါတီတွင်းမှာလည်း ကြံ့ခိုင်ရေး ပါတီအပေါ်  ဦးသန်းဌေးရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

 

ဒီလိုနည်းနဲ့ဖြစ်လာတဲ့အခါ ဦးခင်ရီကို ဝန်ကြီးရာထူးကနေ အနားပေး၊ ပါတီဘက်ကို ပို့လိုက်ပါတယ်။ ဦးသန်းဌေး တစ်ယောက် ရာထူးကဖယ်ခွာသွားတဲ့ အကြောင်းရင်းတစ်ချက်ကတော့ ကြံ့ခိုင်ရေးပါတီထဲမှာ စစ်တပ်ကလူတွေ အချိုးအစားကို ကန့်သတ်ဖို့ ကြိုးစားခဲ့လို့ပါ။ ဒါ့ကြောင့်လည်း စစ်တပ်ကလာတဲ့ မင်းကင်းဦးမောင်မြင့်တို့က ရုပ်သံဖိုင်နဲ့ လူသိထင်ရှား ဝေဖန်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

 

ဦးသန်းဌေးသာ ဒီလိုမူဝါဒတွေနဲ့ရှိနေမယ်ဆိုရင် စစ်ခေါင်းဆောင်အနေနဲ့သူသမ္မတဖြစ်ရေးလမ်းမှာ ဦးသန်းဌေးနဲ့ ညှိနှိုင်းရတော့မှာပါ။ ဒါ့ကြောင့် ဦးသန်းဌေးကို ရာထူးကစွန့်ခွာစေတာပဲဖြစ်ပါတယ်။

 

နောက်ဆုံးမှာတော့ အာလုံးသိတဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်လာပါတယ်။ စစ်ခေါင်း ဆောင်ရဲ့ ရုပ်သေးဖြစ်တဲ့ ဦးခင်ရီက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဖြစ်လာပါတော့တယ်။ ဒီလိုနည်းနဲ့ ကြံ့ခိုင်ရေး ပါတီကိုလည်း စစ်ခေါင်းဆောင်က အာဏာသိမ်းလိုက်ပါတော့တယ်။

 

သမ္မတဖြစ်ရေးလမ်းစဉ်

 

မြန်မာနိုင်ငံရဲ့သမ္မတရွေးချယ်ပုံက ဒုသမ္မတ ၃ ယောက်ရွေးပြီးမှ သမ္မတကို ပြန်လည်ရွေးတာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က ဒုသမ္မတတစ်ယောက်စီနဲ့ စစ်ခေါင်းဆောင် အလိုကျ ကပြရတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတတစ်ယောက် ရွေးပြီး အဲဒီ ၃ ယောက်ထဲကနေ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတတစ်ယောက် ပြန်ရွေးတာ ဖြစ်ပါတယ်။

 

ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကြောင့် ရွေးကောက်ပွဲကို NLD မပါဘဲ နိုင်သူအကုန်ယူစနစ်(FPTP)နဲ့ ကျင်းပမယ်ဆိုရင်တောင် ပြိုင်ဖက်ပါတီတွေက လုံလောက်တဲ့ အနိုင်ရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ ပြိုင်ဖက် ပါတီတွေကို အထင်သေးလို့မဟုတ်ဘဲ သူတို့ယှဉ်ပြိုင်ရမယ့် စစ်အုပ်စုကျောထောက်နောက်ခံပါတီတွေရဲ့ ညစ်လုံး ညစ်ကွက်တွေကို သတိပြုမိလို့ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း စစ်ခေါင်းဆောင်ကတော့ ပိုပြီးသေချာအောင်၊ တိုင်းရင်းသားပါတီတွေနဲ့ တခြား ပါတီငယ် တွေကိုလည်း ချွေးသိပ်ပြီးသားဖြစ်အောင်၊ နောင်အခါ NLD ကိုလည်း အလဲထိုးပြီးဖြစ်အောင် ပီအာစနစ်ကို ပြောင်းလဲပြီး လက်ဝေခံပါတီတွေကို လွှတ်တော်ထဲမှာ ထည့်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။

 

နောက်တစ်ချက်ကတော့ သမ္မတစ်ယောက်ဖြစ်ဖို့ ပါတီနောက်ခံရှိဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့အားကို ရယူဖို့ အထက်မှာ ပြောခဲ့သလို ဦးသန်းဌေးအစား ဦးခင်ရီကို ပြောင်းလဲလိုက်ပါတယ်။

 

ဒီလိုနည်းနဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က တက်လာတဲ့ ဒုတိယသမ္မတဟာ စစ်အုပ်စု အလိုကျ ဒုသမ္မတတွေပဲ ဖြစ်နေမှာပါ။ ကျန်တဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်မယ့် ဒုသမ္မတ ဆိုတာကတော့ အထူးပြောဖို့တောင်မလိုပါဘူး။ စစ်အုပ်စုအလိုကျ ဒုသမ္မတပါပဲ။

 

ဒါကို ကြည့်တဲ့အခါ လွှတ်တော်နှစ်ရပ်ထဲကို ပီအာစနစ်ကျင့်သုံးပြီး စစ်ခေါင်းဆောင်အလိုကျ အသုံးတော်ခံမယ့် ပါတီတွေထဲက ကိုယ်စားလှယ်တွေကို ထည့်ထားနိုင်ပြီ၊ ကိုယ်ပြောသမျှ လိုက်လုပ်မယ့် နိုင်ငံရေးပါတီကြီးရှိပြီ ဆိုရင် စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ရေးအိပ်မက်ဟာ မဝေးတော့ဘူးလို့ ယေဘုယျဆိုနိုင်ပါတယ်။

 

သီအိုရီတွေကို ချေဖျက်တတ်သော မြန်မာ့နိုင်ငံရေး

 

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ကို အားကျပြီး နိုင်ငံရဲ့သမ္မတဖြစ်ချင်သူရယ်လို့ ယူဆနိုင်စရာပါ။ ဒီလိုသမ္မတဖြစ်ဖို့ အခြေအနေတွေကိုလည်း ဖန်တီးထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ကမ္ဘာကိုလှည့်စားပြီး အာဏာရှင် ထွက်ပေါက်လုပ်ကာ သမ္မတထိုင်ခုံအိပ်မက်ကို မြင်ယောင်မှန်းဆနေမှာပါ။

 

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဟွန်ဆန်ဆိုလည်း စစ်တပ်အကြီးအကဲဘဝကနေ အာဏာ ရှင်ဖြစ်၊ နောက်တော့ အတိုက်အခံတွေနှိပ်ကွပ်ပြီး သမ္မတဖြစ်လာတာပဲ မဟုတ်ပါလား။ ဒါက အာဆီယံနိုင်ငံ တွေရဲ့ အာဏာရှင် ရေခံမြေခံဖြစ်ပါတယ်။

 

နောက်တစ်ချက်ကတော့ ထမင်းဝအောင်ကျွေးတဲ့ နိုင်ငံရေးလို့ခေါ်ရပါမယ်။ လူထုကို စီးပွားရေးအရ စားဝတ် နေရေး အဆင်ပြေရုံလောက်၊ ထမင်းဝရုံလောက်ကျွေးပြီးရင် နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားလို့ရပြီဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒါကတော့ တရုတ်အိုင်ဒီယိုလော်ဂျီဖြစ်ပါတယ်။

 

ဒါ့ကြောင့်လည်း စစ်ခေါင်းဆောင်အနေနဲ့ တော်လှန်ရေးကာလ တစ်နှစ်ကျော်ကြာတဲ့အခါ စီးပွားရေးဘက်ကို ပြန်လည်ကိုင်တွယ်လာတာ ဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ရေးအိပ်မက်ဟာ မဝေးတော့ဘူးလို့ အထက်မှာဆိုထားခဲ့ပါပြီ။

 

ဒါပေမယ့် မြန်မာ့နိုင်ငံရေးဟာ သီအိုရီတွေကို ချေဖျက်တဲ့သဘောရှိပါတယ်။ မဖြစ်နိုင်ဘူး ထင်တာတွေဟာ ဖြစ်လာတတ်ပါတယ်။ ဘောလုံးစကားနဲ့ပြောရင် “ဘောလုံးဆိုတာ အလုံးကြီး၊ ဘာမဆိုဖြစ်လာ နိုင်တယ်” ဆိုသလိုပါပဲ။

 

အဓိကတော့ လူထုရဲ့စုစည်းညီညွတ်မှုအင်အားက စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ရေးကို ဘယ်လောက်အထိ ဟန့်တားနိုင်မလဲ ဆိုတာပါပဲ။ နိုင်ငံရေးပါတီတချို့ကတော့ စစ်ခေါင်းဆောင်ရဲ့ အယောင်ပြ ရွေးကောက်ပွဲ ခေါင်းစဉ်အောက်ကို သိသိသာသာ တိုးဝင်သွားခဲ့တာကို တွေ့နေရပါပြီ။

 

၂၀၂၃ ရွေးကောက်ပွဲသာ ဖြစ်လာခဲ့ရင်လည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ အနှစ်သာရမခြားတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာဦးမှာပါ။ ဆိုလိုတာကတော့ အာဏာရှင်ထွက်ပေါက်အတွက် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ တစ်ခုပါပဲ။

 

ပြည်သူတွေအတွက်ကတော့ ရွေးချယ်စရာ သိပ်များများစားစားမရှိပါဘူး။ ဘုံရန်သူဟာ ဘယ်သူလဲ၊ ပြည်သူတွေလိုချင်တာက ဘာလဲ။ အဲဒီပန်းတိုင်ကို ဘယ်လိုသွားမလဲဆိုတာကို မျက်ခြေမပြတ်ဖို့ပဲ လိုပါတယ်။

 

ဒီလမ်းကို လျှောက်တဲ့အခါမှာလည်း အချင်းချင်းညီညွတ်မှုက အခရာကျပြီး အားလုံးတွန်းမှ ရွေ့နိုင်မယ့် အရွေ့ တစ်ခုကို ကိုယ်တစ်ယောက်တည်းမတွန်းရုံနဲ့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ထင်မြင်ယူဆမယ်ဆိုရင် ကိုယ့်လို လူတွေ များလာတဲ့အခါ ရွှေပြည်တော်က မျှော်တိုင်းဝေးနေဦးမှာပါပဲ။

 

Burma Associated Press

ရွေးကောက်ပွဲ
မင်းအောင်လှိုင်
သမ္မတ
မြန်မာ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo