Local News
ဘုန်းကြီး သုံးပါးပါသည့် အစုလိုက်အပြုံလိုက် အသတ်ခံရသည့် အလောင်း ၂၈ လောင်း ပင်လောင်းတွင်တွေ့
လွန်ခဲ့သော ၂ နှစ် က
မတ် ၁၂
လတ်တလော တိုက်ပွဲများပြင်းထန်နေသည့် ပင်လောင်းဒေသ၊ နမ်းနှိမ်ရွာ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးသုံးပါး ပါဝင်သည့် အလောင်း ၂၈ လောင်း တွေ့ရှိသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီး များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရွာအတွင်း ဝင်ရောက်ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် ဘုန်းကြီး ၃ ပါးတို့ကို ခိုအောင်းရာမှ ထွက်စေခဲ့ပြီး ကျောင်းတော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု KNDF ကဆိုသည်။
အဆိုပါသတ်ဖြတ်မှုဖြစ်စဉ်အတွက် KNDF, PDF, KAတို့ မလှမ်းမကမ်းမှ ကင်းထောက် တွေ့ရှိခဲ့သည်ဟုလည်း ဆိုသည်။
“စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းတာကြောင့် မိမိတို့ ဝင်ရောက် ကူညီနိုင်ခြင်း မရှိခဲ့ဘဲ နောက်နေ့ မတ်လ ၁၂ ရက် နေ့လယ်အချိန်မှ ကျေးရွာထဲ ဝင်ရောက်နိုင်ခဲ့ပြီး အခုဖြစ်စဉ်ကို မှတ်တမ်းရယူနိုင်ခဲ့ပါတယ်” ဟု KNDF ကဆိုသည်။
သေဆုံးသူများ၏ အလောင်း ၂၈ လောင်းကို တွေ့ရှိရသည့်အတွက် ပျောက်ဆုံးသူအချို့လည်း ရှိနေသည်။
သေဆုံးသူ၏ အလောင်းများကို KNDF က သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်သည်ဟု အသိပေးထားသည်။ ထို့အတူ လုံခြုံစိတ်ချသော နေရာ၌ ဘာသာရေးအရ ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မိသားစုများကို ကူညီသွားမည်ဟု KNDF ကဆိုသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းကို KNDF, KA, ရှမ်းတောင် PDF, PDF ဖယ်ခုံ၊ PDF မိုးဗြဲနှင့် လာရောက်ကူညီသည့် DMO PDF တို့က ဆက်လက် တန်ပြန် စစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး ယခုကျူးလွန်မှု အတွက် သက်ဆိုင်ရာ စစ်ကောင်စီတပ်ကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည်ဟုလည်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတော မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ ၄ ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း ၃ ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ ၁၁ ရက်၊နေ့လယ် ၁၁ နာရီခန့်တွင် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသော နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်စီးခဲ့သည်။
ယခုလ ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာတွင် စစ်တပ်က ဖမ်းခေါ်သွားသည့် ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့သည်။
ပုံစာ - ပင်လောင်းဒေသ၊ နမ်းနှိမ်ရွာ ဘုန်းကြီးကျောင်းတွင် အစုလိုက်အပြုံလိုက် အသတ်ခံရသူများ
(ဓာတ်ပုံ- KNDF)