bap-logo
International

ရေဓာတ်ပြည့်ဝခြင်းက ဖိစီးမှုများကို အကောင်းဆုံး ခုခံကာကွယ်နိုင်ချေရှိဟု လေ့လာချက်အသစ်တွင် ဖော်ပြ

MW5kwmzPGLGmZ9fPj3qdv-image

လွန်ခဲ့သော ၁၀ နာရီ က

 

BAP၊ ဘာသာပြန်။

 

ရေပိုသောက်သင့်ကြောင်း လူအများစုက သိရှိကြသော်လည်း ရေဓာတ်မပြည့်ဝခြင်းကြောင့် မျှော်လင့် မထားသော အကျိုးဆက်များခံစားရနိုင်ကြောင်း၊ ၎င်းမှာ နေ့စဥ် ဖိစီးမှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ သိသာထင်ရှားစွာ ခက်ခဲနိုင်ခြင်းဖြစ်ကြောင်း Applied Physiology Journal (အသုံးချ ဇီဝကမ္မဗေဒဂျာနယ်)မှ လေ့လာချက်အသစ်တွင် ဖော်ပြထားသည်။

 

နေ့စဥ် ရေ ၁.၅ လီတာ အောက် သောက်သုံးသူများသည် cortisol အလွန်အမင်း မြင့်တက်နေသည်ဟု တွေ့ရှိရကြောင်း ၎င်းလေ့လာချက်တွင် ဖော်ပြထားသည်။ Cortisol ဆိုသည်မှာ ဖိစီးမှုများသည့် အခြေအနေများ ရင်ဆိုင်ရသည့်အခါ ခန္ဓာကိုယ်မှ ထုတ်လုပ်ပေးသော အဓိက ဟော်မုန်းတစ်မျိုးဖြစ်သည်။ အမြဲလို ရေဓာတ်အနည်းငယ်လိုအပ်နေသူများသည် ဖိစီးမှုကို တုန့်ပြန်ရာတွင် ပိုမိုခက်ခဲနိုင်သည်ဟု လေ့လာတွေ့ရှိကြောင်း၊ ထိုအချက်ကို လေ့လာသူများ၏ နားလည်မှုမှာ ယခုမှ အစပိုင်းတွင်ပင် ရှိသေးကြောင်း ဖော်ပြထားသည်။

 

ကျန်းမာရေးကောင်းမွန်သည့် အရွယ်ရောက်လူငယ်များကို ၎င်းတို့၏ ပုံမှန် အရည်သောက်သုံးမှုပေါ် မူတည်၍ အုပ်စုနှစ်ခုခွဲ၍ လေ့လာစမ်းသပ်ခဲ့သည်ဟု ဆိုသည်။ အုပ်စုတစ်ခုမှာ နေ့စဥ် ၁.၅ လီတာအောက် သောက်သုံးကြသည်။ အခြားအုပ်စုမှာ စံနှုန်းအဖြစ် ထောက်ခံထားချက်ကို ကျော်လွန်၍ အမျိုးသမီးများက ၂ လီတာ၊ အမျိုးသားများက ၂.၅ လီတာသောက်သုံးကြသည်။ ၎င်းနှုန်းအတိုင်း တစ်ပတ်ကြာသည့်အခါ ၎င်းတို့ကို လူအများရှေ့တွင် စကားပြောခြင်း၊ စိတ်တွက်တွက်ခြင်းတို့ပါဝင်သော ဖိစီးမှုခံနိုင်မှု လက်တွေ့စမ်းသပ်ချက်များ ပြုလုပ်ခဲ့သည်။

 

အုပ်စုနှစ်ခုလုံးက တုန်လှုပ်မှုနှင့် နှလုံးခုန်နှုန်း တိုးမြင့်လာခြင်းကို ညီမျှစွာ ခံစားခဲ့ရသည်။ သို့သော် အရည်သောက်သုံးမှု နိမ့်ကျသည့်အုပ်စုက cortisol သိသာစွာ မြင့်တက်မှု ကြုံတွေ့ခံစားရသည်။ ထိုကဲ့သို့ နေ့စဉ်ရက်ဆက် လများစွာ၊ နှစ်များစွာ အရည်ဓာတ်မလုံလောက်လျှင် ပြဿနာဖြစ်လာနိုင်သည်ဟု ဆိုသည်။ ကာလရှည်ကြာစွာ Cortisol မြင့်တက်နေခြင်းသည် နှလုံးရောဂါ၊ ကျောက်ကပ်ပြဿနာ၊ ဆီးချိုရောဂါအန္တရာယ် မြင့်တက်မှုနှင့် ဆက်စပ်နေသည်။

 

အံ့အားသင့်ဖွယ်ကောင်းသည်မှာ ရေဓာတ်လျော့နည်းသည့် အုပ်စုမှာ ရေဓာတ်ကောင်းမွန်စွာရသည့် အုပ်စုထက် ရေငတ်ခြင်း ပိုမိုခံစားရသည်ဟု ဖော်ပြအကြောင်းကြားခြင်း မရှိပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များကမူ ကွဲပြားစွာ ဖော်ပြနေကြသည်။ အရောင်ရင့်ပြီး ပို၍ ပြစ်သော ဆီးက ရေဓာတ်မလုံလောက်ကြောင်း ဖော်ပြနေကြသည်။ ထို့ကြောင့် အရည်ပိုမိုလိုအပ်‌နေကြောင်းကို ရေငတ်ခြင်းဖြင့်သာ ညွှန်ပြနေကြောင်း ယုံကြည်ထား၍ မရပေ။

 

ဖိစီးမှုတိုးမြင့်လာသည့်ဖြစ်စဉ်၏နောက်ကွယ်တွင် ခန္ဓာကိုယ်၏ ထူးခြားဆန်းပြားသော ရေစီမံခန့်ခွဲမှုစနစ် ပါဝင်နေသည်။ ရေဓာတ်မလုံကြောင်း စစ်ဆေးတွေ့ရှိရလျှင် ဦးနှောက်က vasopressin ဟု ခေါ်သည့် ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးသည်။ ၎င်းဟော်မုန်းက ကျောက်ကပ်ကို ‌ရေထိန်းသိမ်းထားရန်၊ ခန္ဓာကိုယ်တွင်း လည်ပတ်နေသည့် သွေးပမာ ထိန်းသိမ်းထားရန် ညွှန်ကြားပေးသည်။ Vasopressin သည် ၎င်းတစ်ခုတည်း သီးခြားလုပ်ဆောင်သည် မဟုတ်ပါ။ ၎င်းက ဦးနှောက်၏ ဖိစီးမှုတုန့်ပြန်မှုစနစ်ကိုလည်း လွှမ်းမိုးမှုရှိသည်။ ခက်ခဲသည့်အခိုက်အတန့်များတွင် cortisol ထုတ်လွှတ်မှုကိုလည်း မြင့်တက်စေနိုင် သည့် အလားအလာရှိသည်။

 

ရေဓာတ်လုံလောက်ခြင်းတစ်ခုတည်းဖြင့် လက်တွေ့ကမ္ဘာမှ ဖိစီးမှုပုံစံအားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ နှစ်များစွာ၊ ဆယ်စုနှစ်များစွာအတွင်း ဖိစီးမှုနှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများကို ရေဓာတ်လုံလောက်မှုက ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိ ရေရှည်လေ့လာစမ်းသပ်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်

 

-        ဝန်ထုတ်ဝန်ပိုး နှစ်ဆ

 

ထိုအခြေအနေက ဇီဝကမ္မဆိုင်ရာ ဝန်ထုတ်ဝန်ပိုး နှစ်ဆ ဖြစ်လာစေသည်။ Vasopressin က အဖိုးတန်ရေများကို ထိန်းသိမ်းထားစေရန် ကူညီပေးသော်လည်း တစ်ချိန်တည်းမှာပင် ဖိစီးမှုများအပေါ် ခန္ဓာကိုယ်က ပိုမိုတုန့်ပြန်စေရန် ပြုလုပ်ပေးသည်။ အလုပ်ပြီးရမည့် သတ်မှတ်ရက်များ၊ မိသားစု ဝတ္တရားများ၊ ငွေကြေးပူပန်ခြင်းများကဲ့သို့သော တစုံတယောက်၏ နေ့စဉ်ဖိအားများကို ဤဇီဝကမ္မဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများက ကာလကြာရှည်လာသည်နှင့်အမျှ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာစေနိုင် သည်ဟု ဖော်ပြထားသည်။

 

ဖိစီးမှုကို ကြံ့ကြံ့ခံနိုင်မှုအပေါ်တွင် လွှမ်းမိုးနေသည့် ဘဝနေထိုင်မှုပုံစံ အချက်အလက်များတွင် ရေဓာတ်လုံလောက်မှုလည်း ပါဝင်လာသည်ဟု ၎င်းလေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။ အိပ်စက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရပြည့်ဝခြင်းနှင့် လူမှုရေး ဆက်သွယ်ချိတ်ဆက်ခြင်းတို့ အားလုံးသည် ဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍများမှ ပါဝင်နေသည်။ ဖိစီးမှုကို စီမံခန့်ခွဲရာတွင် ရေသည် အခြားအရာများကဲ့သို့ လျှော့တွက်ခံထားခြင်း ဖြစ်နိုင်သည်။

 

၎င်းရိုက်ခတ်ချက်များမှာ တစ်ဦးချင်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်ထက် ကျော်လွန်နေသည်။ ကာလရှည်ကြာ ဖိစီးမှုကို အများပြည်သူဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းအဖြစ် လူ့အဖွဲ့အစည်းက အသိအမှတ်ပြု ထားကြသည်။ ရေဓာတ်လုံလောက်ခြင်းက အံ့အားသင့်စဖွယ် လက်လှမ်းမီနိုင်သည့် ဖြေရှင်းမှုတစ်ခု ဖြစ်လာသည်။ အချိန်နှင့် အရင်းအမြစ် အများအပြားလိုအပ်သည့် အခြား များပြားလှစွာသော ဖိစီးမှုစီမံခန့်ခွဲမှု မဟာဗျူဟာများကဲ့သို့မဟုတ်ဘဲ ရေအလုံအလောက်သောက်ခြင်းက လွယ်ကူရိုးစင်း ကြောင်းလည်း ဖော်ပြထားသည်။

 

သို့သော် ရေသည် ဖိစီးမှုကို အလုံးစုံကုသနိုင်သည့် ဖြေရှင်းချက်ဟု မဆိုလိုကြောင်းလည်း ဖော်ပြထား သည်။ လေ့လာစမ်းသပ်မှုပြုလုပ်ထားသည့် လူငယ်များသည် နေ့စဉ်လူမှုဘဝထဲမှ ရှုပ်ထွေးသည့် စိတ်ပိုင်းဆိုင်ရာ၊ လူမှုအဖွဲ့အစည်းဆိုင်ရာ လူသားများကို အပြည့်အဝ ထပ်တူမပြုနိုင်ပါဟု ဆိုသည်။ ရေဓာတ်လုံလောက်ခြင်းတစ်ခုတည်းဖြင့် လက်တွေ့ကမ္ဘာမှ ဖိစီးမှုပုံစံအားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ နှစ်များစွာ၊ ဆယ်စုနှစ်များစွာအတွင်း ဖိစီးမှုနှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများကို ရေဓာတ်လုံလောက်မှုက ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိ ရေရှည်လေ့လာစမ်းသပ်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။

 

တစ်ဦးချင်း ရေလိုအပ်ချက်မှာ အသက်အရွယ်၊ ခန္ဓာကိုယ် အရွယ်အစား၊ လှုပ်ရှားမှု၊ ရာသီဥတု‌ ပြောင်းလဲမှုတို့ပေါ်တွင် မူတည်သည်။ လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ရေဓာတ်ကြွယ်ဝသည့် အစားအသောက်များသည်လည်း နေ့စဥ် အရည်လိုအပ်ချက်ကို အားဖြည့်ပေးသည်ဟု ဆိုသည်။ နေ့စဥ် ပမာဏ အတိအကျသောက်ခြင်းထက် ပုံမှန်သောက်ခြင်းက အဓိကကျသည်ဟုလည်း ဖော်ပြထားသည်။

 

ဆီးအရောင်ကို စောင့်ကြည့်ခြင်းဖြင့် ရိုးရှင်းစွာ စစ်ဆေးနိုင်သည်။ ဆီးအရောင် အဝါရောင်ဖျော့ဖျော့ရှိလျှင် ရေဓာတ်လုံလောက်သည်၊ အရောင်ရင့်လျှင် ရေဓာတ်ပိုမိုလိုအပ်သည်ဟု ဆိုသည်။ သို့ဆိုလျှင် စဉ်းစားခန့်မှန်းနေရန် မလိုအပ်ဘဲ နေ့စဉ် အရေးတကြီးလိုအပ်သော အလေ့အကျင့်တစ်ခုအဖြစ် လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ဖော်ပြထားသည်။

 

ကိုးကား - The Conversation

 

ပုံစာ - ရေဓာတ်အနည်းငယ် လျော့နည်းခြင်းက ဖိစီးမှုကို တိုးမြင့်စေနိုင်သည်ဟု လေ့လာတွေ့ရှိရ။ PeopleImages.com - Yuri A/Shutterstock.com

 

 

 

ရေဓာတ်မလုံလောက်ခြင်း

Share With
bap-logo