bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၉၀)

sUH1jaslNUStEKvurCmYY-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

တိုင်းပြည်ထဲက လူငယ်၊ လူကြီးတွေ စာအုပ်စာပေ ရွေးရခက်မှာစိုးလို့ စေတနာဗရပွနဲ့ တင်းကြပ် ကန့်သတ် ပေးလိုက်တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကို မောင်စက ဖတ်လိုက်မိပါတယ်။

 

စာအုပ်တစ်အုပ် စာပေတိုက်တစ်ခုကို ပိတ်သိမ်းဖို့အတွက် တရားရုံးတွေ မလိုတော့ဘူးဆိုလာတော့ စာအိတ် ဖွင့်ပြီး အမိန့်ချနေရတဲ့ တရားသူကြီးတွေလည်း အခြားမှာ ငွေရှာဖို့အချိန်ပိုထွက်တာပါ့ခင်ဗျာ။

 

နောက်ဆို တိုင်းပြည်မှာ ဖတ်စရာစာဆိုလို့ ကြေးမုံနဲ့ မြန်မာ့အလင်းပဲ ကျန်တော့မယ်ဆိုရင် သတင်းစာ ဖတ်ရတဲ့ လူတွေလည်း စိတ်ချမ်းသာနိုင်ပါတယ်။ တိုင်းပြည်ထဲက စိတ်ချမ်းသာစရာသတင်းတွေဆိုတာ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌ ထုတ်ဝေသူလုပ်တဲ့ သတင်းစာတိုက်တွေမှာပဲ ရှာတွေ့နိုင်သကိုး။

 

သတင်းစာတွေ မဖတ်ရင်တော့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌလက်ထက် တိုင်းပြည်မှာ တိုးတက်နေပြီဆိုတဲ့ စာရင်းတွေ လိုက်ကြည့်ရင် တစ်ခုပြီးတစ်ခု တင်းကြပ် ထပ်တိုးတဲ့ ဥပဒေတွေ၊ မီးရှို့ခံရတဲ့အိမ်တွေ၊ နေ့စဉ်နဲ့အမျှ သေကြေ ပျက်စီးနေတဲ့ လူတွေ၊ ဒုက္ခသည် အရေအတွက်တွေပဲ ရှိတာမဟုတ်လား။

 

ဒီလောက်နေပျော်စရာကောင်းတဲ့ တိုင်းပြည်မှာမနေဘဲ ပတ်စပို့ရိုက်ထုတ်တဲ့ စက်ပျက်လောက်အောင်ကို တိုင်းပြည်က ထွက်ချင်တဲ့လူတွေကတော့ သူ့ထိုက်နဲ့ သူကံပေါ့ခင်ဗျာ။

 

မကြာခင်မှာ ဒီမှာ ခေတ်မီဖွံ့ဖြိုးတက်တဲ့ သောက်ကျိုးနည်း နိုင်ငံတော်ကြီး ဖြစ်တော့မဟုတ်လား။

 

လမ်းမီးတောင်မှန်အောင် မပေးနိုင်တဲ့ လျှပ်စစ်မီးမမှန်တဲ့ နိုင်ငံရဲ့လမ်းတွေပေါ်မှာ ပြေးဆွဲမဲ့ အီးကားတွေကိုလည်း မြင်ရတော့မှာလေ။

 

အီးကားပေါ်ကို မီးစက်တင်မောင်းရအောင်လည်း မှိုတက်နေတဲ့ လက်ဖက်ခြောက်ကြီးက စက်သုံးဆီတွေ ခြွေတာ ကြစို့ဆိုပြီး ပြောလာတော့ မေ့မေ့ ပျောက်ပျောက်ဖြစ်နေတဲ့ ကြက်ဆူခင်းလေးတွေကို ရေလောင်း ပေါင်းသင် ပြန်လုပ်ရတော့မလိုလိုဆိုတော့ အတော်လေးတော့ ခွကျသားခင်ဗျာ။

 

သို့သော်လည်း အခြားတစ်ဖက်မှာတော့ မီးမရလို့ အီးကားတွေ လမ်းဘေးရပ်သွားရင်ကယ်တင်ဖို့ လမ်းဘေးမှာ ဘက်ထရီအိုးအစုတ်လေးတွေ မိတ်အင်ချိုင်းနား မီးစက်စုတ်လေးတွေချအီးကားအားဖြည့်သည်’ဆိုတဲ့ အသေးစား အလတ်အစား-အက်အမ်အီး လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးလာတော့မယ်မဟုတ်လားခင်ဗျာ။

 

ဒါ့အပြင် မြို့အနှံ့ ရွာအစုံ မီးပတ်ရှို့ရင်း တိုင်းပြည်ပြာကျခဲ့ရင်လည်း ကမ္ဘာ့ ပထမဆုံး ဖွဲပြာတင်ပို့တဲ့ နိုင်ငံလည်း ဖြစ်လာနိုင်ဖို့အခွင့်အလမ်းကလည်း ရှိနေပါသေးတယ်။

 

ဘာပဲဖြစ်ဖြစ် ဒီနှစ် မြန်မာပေါလိဝုဒ် အကယ်ဒမီပေးပွဲမှာတော့စောဘွဲ့ရူး ကိုကြင်စိုးနှင့် လျှပ်စစ်ရထား ကစားကွင်းရှာပုံတော်ဆိုတဲ့ ဟာသရုပ်ရှင်ကြီးက ဆုတစ်ခုခုလောက် ချိတ်သွားနိုင်ပါတယ်။ စစ်သားတွေထက် ရယ်စရာကောင်းတဲ့ ပြက်လုံးလည်း ဒီတိုင်းပြည်မှာ မရှိတော့ဘူးဆိုတော့ မတော်တဆများ ဆုရခဲ့ရင် ကမ္ဘာမှာ ရုပ်ရှင်အကယ်ဒမီဆုလည်းရဖူးတဲ့ အာဏာရှင်ရယ်လို့ဆိုပြီး ဖြစ်လာနိုင်တယ်မဟုတ်လား။

 

သရေစည်သူ အကယ်ဒမီ မင်းအောင်လှိုင်ဆိုတော့ နိပ်သဟပေါ့ခင်ဗျာလို့ပြောရင်း စာကို အဆုံးသတ် လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

သရော်စာ

Share With
bap-logo