Opinion
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌထံပေးစာ (၈၈)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
မြန်မာပြည်သူတွေအားလုံးက ချစ်စနိုးနဲ့ “မအလ” “မအလ” ရယ်လို့ အမည်တွင်တဲ့ နေရာတကာ ပါလေရာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌဟာ အယူတော် မင်္ဂလာနာမည်ပေး ကင်ပွန်းတပ်တဲ့နေရာမှာလည်း ပါလာပြီဆိုတော့ ဗေဒင် ဆရာတွေအတွက် မျက်ခုံး ခပ်လှုပ်လှုပ်ပေါ့လေ။
ကံပိုက်တီကို ချိုင်းနားလိုပြန်ရင် နိမိတ်မကောင်းလို့ နာမည်ပြောင်းပေးရုံတင်မက တပြည်လုံးက မြို့ဝင်မြို့ထွက် ဆိုင်းဘုတ်တွေကိုလည်း အစိမ်းရောင်တွေအဖြစ် ပြောင်းလာလိုက် ကြာလာရင် မီးသတ်ကားလို ယာဉ်တွေနဲ့ စာတိုက်ပုံးပါမချန် စိမ်းလာမဲ့သဘောရှိနေပါတယ်။
ဒုတိယဝန်ကြီးချုပ်အပေါဆုံးနဲ့ စောဘွဲ့ရူးတွေများတဲ့တိုင်းပြည် မထူထောင်ခင် ဗိုလ်ချုပ်မှူးကြီးဥက္ကဌကို ညွန်ကြားရေးမှူး ရာထူးပေးအပ်ခဲ့တဲ့ ရန်ကုန်ဝန်ရှုပ်လေးကို ကျေးဆပ်သောအားဖြင့် သူ့ရဲ့ အမှုအခင်း ဆိုသည်မှာ ငွေတစ်သိန်းနဲ့ ကြေအေးပေးလိုက်တော့ နှလုံးသိပ်မကောင်းရှာတဲ့ ဝန်ရှုပ်လေးခမျာမှာလည်း ဒဏ်ငွေ သက်သာ လို သက်သာငြား နာမည်ကို “ဖြိုးမင်းသောင်း”ဆိုပြီး ပြောင်းချင် ပြောင်းရှာပေမပေါ့ ခင်ဗျာ။ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌက နာမည်ပေးတတ်မှာပါ။
မိုက်တွင်းနက်နက်နဲ့ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ဖို့တောင်အနိုင်နိုင် အကြံကုန်ထုတ်နေရတဲ့ စတန်းဒက် အာမီကြီးဟာဆိုရင်လည်း ကတုတ်ကျင်းထဲကနေ စိတ်ပုတီးကိုင်ရင်း စစ်အုပ်ချုပ်ရေး နယ်နိမိတ်တွေ တိုးပြီးရင်း တိုးနေရတာပါပဲလားခင်ဗျာ။
ဒီလိုအခြေအနေတွေအောက် ကိုယ့်ဖဲကိုယ်ချိုး ကုလားဖန်ထိုးဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲဆိုတာကြီးကိုလည်း ဒိုင်ပွဲရပ်ချင်တဲ့ လေသံလေး ဟလာတော့ ပြေးပြေးလွှားလွှားမှတ်ပုံတင်ထားတဲ့ ချာပါတီကြီးတွေနဲ့ စစ်ဖိနပ် အောက်က လျိုဝင်ရ ဝင်ရ၊ ခွေးတိုးပေါက်ဖြစ်ဖြစ် ဘယ်အပေါက်က ဝင်ရ ဝင်ရ လွတ်တော်ထဲ လစာယူပြီး ရှုရှုး ဝင်ပေါက်ဖို့ ချောင်းနေတဲ့ အမတ်ရူးတွေ အဖို့တော့ အီလယ်လယ်ကြီး ဖြစ်နေမှာ အသေအချာပါပဲ။
စာအုပ်အစိမ်းကြီးဟာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ လိုသလိုသုံးလို့ရတဲ့ မိတ်အင်ညောင်နှစ်ပင်ထွက် မှော်ဝင်ပစ္စည်း မဟုတ်ပါလား။
ကမ္ဘာပေါ်က ကာလအရှည်ကြာဆုံးရေးရတဲ့ အဲဒီစာအုပ်အစိမ်းရဲ့ ပဲ့ကိုင်ရှင် စာရေးသူကြီးဟာ သူ့စာအုပ်တောင် သူမမှတ်မိလောက်အောင် မှတ်ဉာဏ်တွေ ပျောက်ဆုံးနေပြီဆိုတော့ နောက်နှစ်ခါ တန်ဆောင်မုန်းတောင် ရောက်ပါ့မလားလို့ မောင်စကကိုယ်စား သတင်းမေးပေးပါဦး။
ဗိုလ်ချုပ်မှူးကြီးဥက္ကဌအနေနဲ့လည်း ဆရာသမားကောင်းကို ပစ်မထားသင့်ပါဘူး။ လူမမာသတင်း မေးရင်းနဲ့ လည်း ကြက်ဆူခင်းပိုင်ရှင် သူ့အတွက် ဘွဲ့ထူးလေး တစ်ခုလောက် လက်ဆောင် ယူသွားပေါ့ ခင်ဗျာ။
လျှပ်စစ်မီးလာရင်းနဲ့ အာဏာရှင်တွေ ဒုက္ခရောက်ရင် ပျော်ရတဲ့ တိုင်းသူပြည်သားတွေအဖို့တော့ သတင်းကောင်း ကို ထိုင်စောင့်နေရုံပဲရှိပါတယ်လို့ ပြောရင်းစာကို အဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က