Opinion
ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၉)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
မိန်းမက တီတီတာတာ ပူဆာလို့ “ရော့ကွာ မင်းလည်းတစ်ဘွဲ့ယူ” ဆိုပြီး ဘွဲ့ထူးပေးလိုက်တော့ စစ်တပ် ကျေးဇူးဆိုတာ ပြည်သူတွေအပေါ်မှာသာ မရှိချင်နေမယ် မယားတွေအပေါ်မှာတော့ နည်းနည်းနောနော မဟုတ်ပါလားလို့ ကျနော် မောင်စက တွေးမိပါတယ်။
ကိုယ့်မိန်းမကို ဘွဲ့ထူးပေးတာတင်အားမရလို့ စီနီယာ နန်းကျမယ်မယ်ကြီးကိုပါ ဘွဲ့တစ်ခု အဆစ်ထည့်ပေး လိုက်သေး။ သုဿန်ကိုမျက်မှောက်ပြုနေပြီဖြစ်တဲ့ မယ်မယ်ကြီးရဲ့ နာရေး ကြော်ငြာမှာ ရေးစရာစာတစ်ခု တိုးအောင် အချိန်မီ ကျေးဆပ်ပြလိုက်တော့ နိပ်သဟ ပေါ့ခင်ဗျာ။
ဒါနဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ ကိုယ့်မိန်းမကိုဘွဲ့ပေးတာ တိုင်းသိပြည်သိ သတင်းစာထဲထည့်ပေးဖို့ မလိုပါဘူး၊ ထမင်းဝိုင်းမှာပေးလည်း ရပါတယ်ခင်ဗျာ။ မိန်းမရယ်မှမဟုတ် နောက်ဆို သားသမီးတွေ မြေးတွေကိုလည်းပေး၊ အိမ်မှာ မွေးထားတဲ့ အောင်နက်တို့၊ ဘိုဖြူတို့ကိုလည်း ပေးပေါ့။ မလုပ်ရဲတာမရှိသလို အရှက်လည်း မရှိတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌ အဖို့ ဒီလောက်တော့ အသေးအမွှားပဲဖြစ်မှာပါ။ မယ်မယ်ကြီးတစ်ယောက် သွားလမ်းသာလို့ ဖြောင့်ဖြူးပါစေလို့ မောင်စက ဆုတောင်းပေးလိုက်ပါတယ်။
အခုဆို ဘွဲ့ထူးရသူတော်ကောင်းတွေ၊ ဆရာတော်ကြီး ဆရာတော်လေးတွေများတဲ့ တိုင်းပြည်မှာ တော့ ဗိုလ်ကြီးတို့လာရင် ပြာကျရုံ ကျတာ မဟုတ်တော့ပါဘူး။ ဗိုလ်ကြီးတို့လာရင် အလောင်း တောင်ပုံယာပုံ ဖြစ်နေပါပြီ။
ဆင်သွားရင် လမ်းမဖြစ်ဘဲ ဆင်ဖြူဖြစ်ပြီး စစ်သားတွေသွားရင်တော့ ရွာတွေဟာ သုဿန် တစပြင် ဖြစ်သွားရတော့တာပါပဲ။
နှစ်သစ်မှာ ပြည်သူတွေ အံ့ဩသွားအောင် လုပ်ပြမယ်ဆိုတဲ့ အလောင်းစီသူ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ စေတနာတွေပေါ့ခင်ဗျာ။
တိုင်းပြည်ဖရိုဖရဲဖြစ်နေချိန် ဆောက်တည်ရာမရ ကသောင်းကနင်းဖြစ်နေတဲ့ လေးဦးပါတီရဲ့ဖြစ်အင်၊ နေပြည် တော်မှာ ဒုက္ခသည်စခန်းဖွင့်ထားတယ်ဆိုတဲ့ ချာပါတီကလည်း လူစုပြီးအီးကုန်းတုတ်တွေ ဝေလိုဝေ၊ ငြိမ်းချမ်းရေး စကားပြောဖို့ အလှူငွေလေးထည့်ပါဦးဆိုတဲ့ ထာဝရကျောင်းသား ဟောင်းကြီးပါတီရဲ့ ဖြစ်အင် ဒါတွေကို ကြည့်ပြီး ကန့်လန့်ကာနောက်မှာ ရယ်ခိုးနေသူဟာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌပဲ ဖြစ်မှာပါလို့ ပြောရင်း စာကို အသုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စုသမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က