bap-logo
Opinion

အာဏာရှင်အလွဲနှင့် တောင့်ခံရမည့် တော်လှန်ရေး

LEAZfQiJV3k20zQXLs2Dd-image

လွန်ခဲ့သော ၃ နှစ် က

ယူကရိန်းစစ်မြေပြင်တွင် ပူတင်၏တပ်များ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရမှုတွေ များလာသည်။ တစ်ဆက်တည်း၌ မြို့တချို့နှင့် အရေးပါသော နေရာတချို့ကို ယူကရိန်းတပ်များက ပြန်လည် သိမ်းပိုက်နေသော သတင်းများလည်း ကြားရသည်။

မူလက တွက်ဆထားသလို ရုရှားတို့အနေနှင့် တဖက်သတ်အနိုင်တိုက်ပွဲမဟုတ်ဘဲ ဘုံလုံတလှည့် ငါးပျံတစ်လှည့် ဖြစ်လာသည်။ ထိုအတွက်တစ်ဖက်မှာ ဂယက်ရိုက်သည်က တိုင်းပြည်၏ စီးပွားရေးပင် ဖြစ်သည်။

စစ်ပွဲတစ်ပွဲဆင်နွှဲရန် လူသူလက်နက်အင်အားသာမက ငွေကြေးကလည်း အဓိက အရေးပါသော နေရာတွင် ရှိနေသည်က အမှန်တရားဖြစ်၏။ အလားတူ တွက်ရေးသာစက်သူဌေး ဖြစ်သော်လည်း လက်တွေ့ အဖြစ်မှန်က တွက်ဆထားသည်နှင့် ပြောင်းပြန်အချိုးကျနေရာ အချိန် ကြာလာသည်နှင့် အမျှ ပူတင်အတွက် ဘေးကျပ်နံကျပ် ပိုဖြစ်လာနိုင်ပေသည်။  

စစ်ပွဲတစ်ပွဲအတွက် လူသူ လက်နက်အင်အားတစ်ခုတည်းနှင့် အခြေခံထား၍ မရသည်က သေချာ၏။ အထူးသဖြင့် ၂၁ရာစု နည်းပညာခေတ်တွင် လူသူအင်အား မည်မျှကြီးမားပါစေ နည်းပညာ၏ အဆုံးအဖြတ်က ရှေ့တန်းပို ရောက်လာသည်။

လက်နက်များတွင် တပ်ဆင်ထားသော နည်းပညာများ၏ ခေတ်မီမှုနှင့် ထိရောက်နိုင်စွမ်းက အခရာ ကျလာသည်။ ထိုအပြင် ထည့်တွက်စရာရှိသည်က ငွေကြေးကဏ္ဍ ဖြစ်သည်။ စစ်ပွဲကို အချိန်မည်မျှထိ တောင့်ခံထားနိုင်မည်လဲဆိုသည်က တိုင်းပြည်၏စီးပွားရေးနှင့် တိုက်ရိုက်အချိုး ကျနေသည်။

ရုရှား၏ ထုတ်ကုန်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝတွင်းထွက်များအပေါ် မှီခိုနေရရာ ကြာလေ အခက်အခဲပိုကြီးမားလေဖြစ်လာရန် အလားအလာ များနေပေသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရန်ဆိုလျင် သယ်ယူပို့ဆောင်စရိတ်အရ ဆင်ဖိုးထက် ချွန်းဖိုး ကြီးသလိုရှိမည်ဖြစ်သောကြောင့် နိုင်ငံတချို့က စိတ်ဝင်စားနိုင်သည့်တိုင် အမှန်တကယ် ဝယ်ယူဖို့ရာ ၌ အခက်အခဲရှိလိမ့်မည်။ သို့ရာ၌ ဤနေရာတွင်လည်း အခြေအနေက လွယ်ကူသည်တော့မဟုတ်။  

ရုရှား၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၌ အရေးပါသောနေရာများ၌ သုံးသည့်နည်းပညာ မြင့်ပစ္စည်းများအားလုံးသည် အနောက်နိုင်ငံများဆီက ဝယ်ယူရခြင်းဖြစ်ရာ အပြန်အလှန် စီးပွား ပိတ်ဆို့မှုတို့ကြား ရေရှည်တွင် အပိုပစ္စည်းရရှိရန်  မသေချာသည့်အခြေအနေမှာ ရှိနေသည်။ လက်ရှိ မှာပင် ထိုအပိုပစ္စည်းကိစ္စများအတွက် ခေါင်းခဲနေရခြင်းများရှိနေပြီ။

ယခုအခါ သူတော်ချင်း သတင်းလွှေ့လွှေ့  ဇာတ်ခင်းကြပြီဟု ဆိုရမည်။ ငွေမာလိုနေသည့်ရုရှားနှင့် ငွေမာမှန်သမျှ လက်နက်ဖိုးငွေချေရန် အရေးတကြီးလိုအပ်နေသည့် စစ်ကောင်စီတို့ကြား စက်သုံးဆီ ဝယ်ယူရေး စာချုပ်ချုပ်ကြသည်။

မည်သို့ဆိုစေ နှစ်ဖက်စလုံးက ကုန်သွယ်စီးပွားအရာ၌ ကြီးမားသော အခက်အခဲများ ကိုယ်စီ ကြုံနေရရာ ယခုစာချုပ်က မည်မျှ ခရီးပေါက်မည်လဲ ဘာမျှမသေချာ။ သေချာသည်က  နဂိုက ယိုင်နဲ့နေသော တိုင်းပြည်၏ စီးပွားရေးက အောက်တစ်ဆင့်ရောက်ဦးမည့်သဘောဖြစ်သည်။ ထိုဒဏ်ကို ပြည်သူများ လှိမ့်ခံရဦးမည်ဖြစ်၏။

ချုပ်၍ဆိုရလျင် စစ်ကောင်စီ၏ ထိုလုပ်ကိုင်မှုများက သူတို့၏ စီမံခန့်ခွဲမှုဟူသည် ဦးနှောက်မပါသော လုပ်ကိုင် ဆောင်ရွက်မှုများဟု ဆိုလျင်လည်းမမှား။ မိမိအာဏာတည်မြဲရေးအတွက် သွေးရူးသွေး တန်း ဆောင်ရွက်မှုများထက် ဘာမျှမပိုကြောင်း ပြဆိုနေခြင်းလည်းမည်ပါသည်။

ထိုသို့သောအမျှော်အမြင်မဲ့ လုပ်ကိုင်မှုများက ရှေ့ဆက်၍လည်း ပိုဆိုးလာနိုင်ပါသည်။ ထိုအခြေ အနေကို ပြည်သူများအနေနှင့် အပြန်အလှန်ဖေးမကြရင်း လက်ရှိ အကျပ်အတည်းများကို ကျော်လွှားလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် အပြီးသတ် အနိုင်ယူနိုင်ကြချိန်ထိ၊ နွေဦး တော်လှန်ရေး ပြီးဆုံးသည်ထိ တောင့်ခံရင်း အံတုရမည်သာဖြစ်ပါသည်။

Burma Associated Press

 

 

 

မြန်မာ
စစ်ကောင်စီ

Share With
bap-logo