bap-logo
Opinion

ဖရယ်ဒရယ်စိတ်နဲ့ တော်လှန်ရေးလုပ်ပါ

rCfhOzZhZhvvfwhWs0mq5-image

လွန်ခဲ့သော ၂ နှစ် က

ဒီရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူလိုက်ပြီ ဆိုတဲ့ သတင်းကြောင့် နွေဦးတော်လှန်ရေး အသိုင်းအဝိုင်း တစ်ခုလုံး ဂယက် ရိုက်သွားပါတယ်။ အများစုက ပြစ်တင်ဝေဖန်မှုတွေနဲ့ တုံ့ပြန်ကြပါတယ် ။
 
စစ်ကိုင်းတိုင်းအတွင်း နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ မြေပြင်မှာလည်း ပြည်သူ တွေရဲ့ ရပ်ရွာအိုးအိမ်တွေကို မီးလောင်တိုက်သွင်းပြီး စစ်ရေးဖိအား အပြင်းအထန် ပေးခံနေရတဲ့ချိန် ဖြစ်တာကြောင့် ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သတင်းဟာ စစ်ကောင်စီကို ရင်ဆိုင်နေရတဲ့ အခြားသောဒေသက ပြည်သူတွေအဖို့ ခေါင်းနပမ်းကြီးစရာ ဖြစ်သွားခဲ့ပါတယ်။
 
သူတို့အတွေးမှာ ရခိုင်ပြည်နယ်အတွင်း စစ်မီးအေးသွားရင် စစ်ကောင်စီဟာ အခြားဒေသတွေကို စစ်ရေးအင်အား ပိုမိုသုံးစွဲပြီး ဖိအားပေးတော့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲဖြစ်ပါတယ်။
 
ပြဿနာက အဲ့ဒီလို စိုးရိမ်ပူပန်မှုနဲ့အတူ ရခိုင်တော်လှန်ရေးအင်အားစုတွေအပေါ် ဝေဖန်တိုက်ခိုက် မှုတွေ ပေါ်ပေါက်လာတာဟာ စစ်ကောင်စီအတွက် အခြားဒေသက တော်လှန်ရေးအင်အားစုတွေ အပေါ် စိတ်ဓါတ်ကျဆင်းအောင် ထိုးနှက်ဖို့အကွက်ကောင်းကို တွေ့သွားသလို ရခိုင်စစ်မျက်နှာကို သုံးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲဗျူဟာကို ရှေ့တစ်လှမ်းတိုး ခင်းကျင်းလာနိုင်တာပဲ ဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုတွေကို ခွဲထုတ်စည်းရုံးဖို့ အမြဲဆိုသလို ကြံစည်အားထုတ်နေတာကြောင့် ဒီအရွေ့က အားလုံးအတွက် သတိကြီးကြီးနဲ့ ချဉ်းကပ်ဖြေရှင်းကြရ မယ့် အနေအထားပဲ ဖြစ်ပါတယ်။
 
ပြည်သူလူထုတွေကြားမှာ ဘယ်လိုဝေဖန်ပြောဆိုမှုတွေ ရှိငြားသော်လည်း ရက္ခိုင့်တပ်တော် (AA) အနေနဲ့ အခုလို အပစ်အခတ်ရပ်စဲရေး ရယူမှုအပေါ် အခြားသော တော်လှန်ရေးအင်အားစုများက တရားဝင် သဘောထားမှတ်ချက်ပေးခြင်း မရှိသေးတာဟာ အလွန်ကံကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
 
ဒါဟာ အာဏာရှင် စစ်ကောင်စီအပေါ် တိုင်းရင်းသားအပေါင်း ဆင်နွှဲနေတဲ့ တော်လှန်ရေးညီညွတ်မှု အစိုင်အခဲဟာ အနေအထားမပျက် ဆက်ပြီးရှိနေနိုင်ဖို့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။
 
ရခိုင့်တပ်တော်(AA) ရဲ့ ဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတဲ့ သဘောရှိပြီး သူ့ရဲ့ ပြည် နယ်အတွင်း တော်လှန်ရေးဆင်နွှဲမှုဟာလည်း သူ့ရဲ့ စနစ်၊ သူ့ရဲ့ မူဝါဒဘောင်အတွင်းမှာပဲ ရှိနေသေး တာကို တွေ့ ရပါတယ်။
 
တကယ်တော့ ပြည်မကို အခြေပြုရပ်တည်ထားကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်မက ပြည်သူတွေအနေနဲ့ ရက္ခိုင့်တပ်တော်(AA) ပုံမှန်သွားနေတဲ့ တော်လှန်ရေးဟန်ချက်နဲ့ ခြေလှမ်းတွေကို ခဏတာ မေ့လျော့သွားခဲ့တာကြောင့် အခုလို အပြစ်မြင်ကြတာသာ ဖြစ်ပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ဟာ နွေဦးတော်လှန်ရေး မပေါ်ပေါက်မီ ကတည်းက လက်နက်ကိုင်တော်လှန် ရေးကို သုညကစပြီး တည်ဆောက်နေခဲ့တာပါ။ နိုင်ငံရဲ့အရှေ့မြောက်စွန်းမှာ ဧည့်သည်ဘဝနဲ့ အင်အားကို အခြေပြုတည်ဆောက်ခဲ့ပြီး သူ့ရဲ့ရခိုင်မြေပေါ်ကို ရွှေ့ပြောင်းရပ်တည်နိုင်ဖို့ အတော်လေး ရုန်းကန်ကြိုးစားခဲ့ရတာပါ။
 
ရက္ခိုင့်တပ်တော်(AA) အနေနဲ့ ရခိုင်ပြည်နယ်ထဲ ရွှေ့ပြောင်းရပ်တည်နိုင်ရုံမက စစ်တပ်ကို ရင်ဆိုင် ခြိမ်းခြောက်နိုင်တဲ့ စစ်ရေးစွမ်းအင် အခြေအနေတစ်ရပ်ကိုရအောင် အချိန်ယူ တည်ဆောက်နေခဲ့ရ တာပါ။
 
ဒါကြောင့် စစ်အာဏာသိမ်းမှုပေါ်ပေါက်ပြီး တစ်နိုင်ငံလုံးက ထကြွတွန်းလှန်ကြချိန်မှာ ရခိုင်ပြည်နယ် ဟာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သလို တိုက်ပွဲဆိုတာလည်း လုံးဝ မရှိခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ရက္ခိုင့်တပ်တော်(AA)ကို စစ်ကောင်စီနဲ့ ဘက်တစ်ခုတည်း ရပ်တည်နေတဲ့ သဘောမျိုး စွပ်စွဲဝေဖန်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။
 
သို့သော် ရက္ခိုင့်တပ်တော် (AA) အနေနဲ့ နွေဦးတော်လှန်ရေးအပေါ် ၎င်းတို့ရဲ့ ထောက်ခံရပ်တည်မှုကို လိုအပ်တဲ့အချိန်တွေမှာ ပြသခဲ့ပြီး ဒေသတွင်း နီးစပ်တဲ့တော်လှန်ရေးအင်အားစုတွေကို ပေးနိုင်တဲ့ အကူအညီတွေ ပေးခဲ့တာပါ။
 
အဲ့ဒီနောက်မှာတော့ ရခိုင်ပြည်နယ်အတွင်း သေနတ်သံတွေ ပြန်ပေါ်လာခဲ့ပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွါးခဲ့ပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်ပွါးလာခဲ့ချိန်မှာ စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက် နေတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုရဲ့ စိတ်ကူးမှာပုံဖေါ်ထားခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေး ယန္တရားကြီးထဲ လိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုကို ဖြည့်လိုက်နိုင်သလို အားလုံး အားရဝမ်းသာနဲ့ စိတ်ခွန်အားတွေ တက်ကြွခဲ့ပါတယ်။
 
နိုင်ငံရဲ့ရှိသမျှ နယ်နမိတ်စည်းမျဉ်းတွေပေါ်ကနေ ပတ်ဝိုင်းပြီး စစ်ကောင်စီကို စစ်ရေး ဖိအားပေး နိုင်ကြပြီမို့ အောင်ပွဲအတွက် မျှော်လင့်ချက်ပိုပြီး ရလာကြလို့ပဲဖြစ်ပါတယ်။
 
အဲ့ဒီလို ကာလအပိုင်းအခြားကတည်းက ရက္ခိုင့်တပ်တော်(AA) ခေါင်းဆောင်တွေအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ လုံးဝပေါင်းစည်းရေးကို လက်တွေ့လုပ်ကိုင်ဖို့ မဖြစ်နိုင်တဲ့ အကြောင်း ရှင်းပြခဲ့ ပါသေးတယ်။
 
အကြောင်းကတော့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တော်လှန်ရေးလမ်းကြောင်း၊ မူဝါဒနဲ့မဟာဗျူဟာက သီးခြားဖြစ်တည်မှုနဲ့ သီးခြားသဘောဆောင်လို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ရဲ့ တော်လှန်ရေးဟာ စစ်အာဏာသိမ်းမှု မတိုင်မီ အချိန်စောပြီး ပေါ်ပေါက် လာခဲ့သလို သူမှီခိုရပ်တည်ရမယ့် သူ့ရဲ့ ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ နိုင်ငံရေးနိုးကြားမှု၊ အားပေးထောက်ခံမှုတွေဟာလည်း သူ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အခြေချရပ်တည်နိုင်ဖို့ အလွန် အရေးပါခဲ့ပါတယ်။
 
ဒါကြောင့် အခုလိုအချိန်မှာ ရက္ခိုင့်တပ်တော်(AA) အနေနဲ့ ဖြတ်လေးဖြတ်ကြောင့် ဒုက္ခတွေ့နေတဲ့ ပြည်သူလူထုကိုထောက်ထားပြီး ဆုံးဖြတ်ခဲ့တယ်ဆိုတာ သူ့ရဲ့မူလရှိပြီး တော်လှန်ရေး သစ္စာ ဖြစ်ပါတယ်။
 
ရခိုင်ပြည်သူလူထုရဲ့ ရေချိန်ကို ရက္ခိုင့်တပ်တော်ရဲ့ ခေါင်းဆောင်တွေသာ နားအလည်ဆုံးဖြစ်သလို သူတို့တော်လှန်ရေးအတွက် အရေးပါတဲ့ အခိုက်အတန့် အခင်းအကျင်းဖြစ်နေတာကြောင့်သာ အပစ်အခတ်ရပ်စဲရေးကို အတော်ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်တယ်လို့မြင်ပါတယ်။
 
ဒီနေရာမှာ မွေးကတည်းက ၁၄ ပြည်နယ်မူနဲ့ နေခဲ့ရတဲ့ ပြည်မကပြည်သူတွေအနေနဲ့ စဉ်းစားဆင်ခြင် စရာတစ်ခု ထောက်ပြချင်ပါတယ်။
 
ဒီမိုကရေစီရေး ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဟာ ၁၉၈၈ကစလို့ တအုံနွေးနွေး ရှိခဲ့ပြီး ၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးရယ်လို့ လက်နက်ကိုင်အုံကြွတဲ့အထိ အားကောင်းတဲ့ တော်လှန်ရေးတစ်ရပ်အဖြစ် ပြည်မနဲ့ အညာဒေသအပါအဝင် တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်ခဲ့တာမှန်ပေမယ့် ဒီလိုတော်လှန်ရေးရုပ်လုံးပေါ်လာဖို့ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်လှုပ် ရှားနေခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းရပ်တည်ပြီး လက်နက်ကိုင် တော်လှန်ရေး အရှိန်အဟုန်အင်အားကို ရယူခဲ့ရပါတယ်။ ရယူနေရဆဲလည်း ဖြစ်ပါတယ်။
 
ပြည်မအခြေပြု တော်လှန်ရေးအင်အားစုတွေ သတိပြုမိဖို့ အရေးကြီးတဲ့အချက်က တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအပြင် ဖယ်ဒရယ် အရေး ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် တစ်ခု ရှိနေတာပဲ ဖြစ်ပါတယ်။
 
သူတို့ဟာ နွေဦးတော်လှန်ရေးကို ကူဖို့သက်သက် အခုအချိန်အခါမှ ပေါ်ပေါက်လာတာ မဟုတ်ဘဲ လွတ်လပ်ရေးပြီးကတည်းက ၎င်းတို့ရဲ့ဆိုင်ရာ ပြည်နယ်လွတ်လပ်ခွင့်တွေအတွက် ခက်ခက်ခဲခဲ ရပ်တည်တိုက်ပွဲဝင်နေခဲ့တာ ဖြစ်ပါတယ်။
 
ဒါကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ နေရာမှာ ပြည်နယ်တွေရဲ့ သီးခြားဖြစ်တည်မှု၊ လွတ်လပ်မှုနဲ့ အဲ့ဒီဒေသ တွေမှာ ရှိနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ မူလရည်မှန်းချက်တွေကို အမြဲသတိထား လေးစား၊ အလေးအနက်ထားဖို့ လိုအပ်ပါတယ်။
 
တနည်းပြောရရင် တိုင်းရင်းသားအင်အားစုတွေနဲ့ ပြည်မတော်လှန်ရေး အင်အားစုတွေကြား အကြောင်းကြီးငယ် တစ်စုံတစ်ရာရှိလာခဲ့တဲ့အခါ ဖယ်ဒရယ်ဆိုတဲ့ သဘောတရားကို နှလုံးသွင်းပြီး တွေးခေါ်စဉ်းစားကြဖို့၊ ရပ်တည်ပြောဆိုကြဖို့ လိုအပ်တယ်ဆိုတာ မမေ့အပ်တာပါပဲ။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဟာ အခြားတော်လှန်ရေး အင်အားစုတွေအတွက် အဖြည့်ခံ ထောက်ပံ့ ရပ်တည်ပေးဖို့ ပေါ်ပေါက်လာတာမဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။
 
တော်လှန်ရေးရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် ပြုတ်ကျစေဖို့အတွက် ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးစုအားလုံး ညီညွတ်စွာ ပေါင်းစည်းတော်လှန်ကြရမှာဖြစ်သလို တစ်ချိန်တည်းမှာ လူမျိုးစု တစ်ခုချင်းစီရဲ့ သီးခြားဖြစ်တည်မှု သဘောတရားနဲ့ သူတို့ရဲ့ အကျိုးစီးပွါးကိုလည်း လျစ်လျူ မရှုမိဖို့ လိုအပ်ပါတယ်။
 
မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်မယ့် နွေဦးတော်လှန်ရေးဟာ ဘယ်ခေတ်၊ ဘယ် ကာလ၊ ဘယ်သမိုင်းဖြစ်စဉ်နဲ့မှ မတူအောင် ဗမာတိုင်းရင်းသားတွေရဲ့ အသည်းနှလုံးဖြစ်တဲ့ အညာ ဒေသနဲ့ ပြည်မဒေသတွေကို အခြေပြုပြီး အင်နဲ့အားနဲ့ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။
 
ဒါဟာ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်အိပ်မက်ကို လက်တွေ့ဖြစ်လာဖို့ ပိုပြီး နီးစပ်သွားစေပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မယ့် နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်သားတွေရဲ့ ဖယ်ဒရယ်အရေးဟာ ခေါင်းနဲ့ပန်းလို ခွဲခြားမရဘူးဆိုတာ တော်လှန်ရေးကို လက်တွေ့ ဦးဆောင် နေတဲ့ သူတိုင်း သိရှိနားလည်ထားပြီး ဖြစ်ပါတယ်။
 
တော်လှန်ရေးကို ဝန်းရံအားပေးပြီး ပါဝင်နေတဲ့ ပြည်သူတွေအနေနဲ့လည်း တိုင်းရင်းသားတွေနဲ့ အ ချင်းချင်းကြား သွေးကွဲမယ့်အရေးကို သတိနဲ့ ရှောင်ရှားကြဖို့၊ ဆင်ခြင်သိကို မြှင့်ထားဖို့ လိုအပ် ပါတယ်။
 
ပြည်သူတွေအနေနဲ့ အနာဂတ်မှာ မလွဲမသွေပေါ်ပေါက်လာမယ် ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ရည်မှန်းပြီး ဖယ်ဒရယ်လိုတွေး၊ ဖယ်ဒရယ်လိုစဉ်းစားပြီး နွေဦးတော်လှန်ရေးမှာ စိတ်ဓါတ်မကျဘဲ အင်တိုက်အားတိုက် ဆက်လက်ပါဝင်ခြင်းဟာ ပြည်မ၊ တောင်တန်း၊ တိုင်းရင်းသားတို့အားလုံး မျှော်လင့်ရည်မှန်းရာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း ရေး ပန်းတိုင်သာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
 

 

နိုင်ငံရေး
တိုက်ပွဲ
ရခိုင်
ရက္ခိုင့်တပ်တော်

Share With
bap-logo