bap-logo
Opinion

EAO တို့ ဖြေဆိုချိန်တန်သည့် မေးခွန်း

XD6Nln9rsq9iSmzY6Aw4S-image

လွန်ခဲ့သော ၂ နှစ် က

 

တိုင်းရင်းသား EAOများ၏ ကနဦးရည်မှန်းချက်သည် အမျိုးသားရေးဟု ယေဘုယျ ဆိုနိုင်လိမ့်မည်။

 

ခေတ်အဆက်ဆက်(အချို့ဆိုလျင် ရှေးဘုရင်များလက်ထက်)ကထိ မိမိတို့အစဥ်အဆက် ခံစားခဲ့ရသော ဖိနှိပ်ခံရ မှုများကို သမိုင်းအကြောင်းအရာအဖြစ် ဖော်ပြရင်း အမျိုးသားလွတ်မြောက်ရေးကို ရည်မျှော်ချက်အဖြစ် ဆို တတ်ကြသည်။

 

အမျိုးသားလွတ်မြောက်ရေးဆိုသည်က အတော်ကျယ်ပြန့်သော သဘောရှိ၏။ မိမိတို့အစဥ်အဆက် လက်ခံ ကျင့်သုံးခဲ့သော ရိုးရာယုံကြည်ချက်များကစ၍ ကိုးကွယ်ယုံကြည်မှုများအထိပါ၏။

 

ထိုအထဲ အထူးပြုတတ်ကြသည်က ကိုယ်ပိုင်ပြဌာန်းခွင့်စသော အခွင့်အရေးဆိုင်ရာများဖြစ်၏။ နောက်ပိုင်း ကာလများ၌မူ ကမ္ဘာကြီး၏ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း ထင်ဟပ်ချက်အဖြစ် လူသား၏ အခြေခံ ရပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးတို့ပါ ထည့်သွင်းလာကြသည်။

 

သာမန်အားဖြင့် လူ့သဘာဝအရ မည်သည့်လူမျိူးမဆို မိမိတို့၏ ရိုးရာမှစ၍ အမျိုးအနွယ်ကို တတ်စွမ်းသမျှ ထိန်းသိမ်းလိုကြသည်ချည်းပင်ဖြစ်၏။

 

ရပ်ထဲရွာထဲတွင် ကျင့်သုံးနေကျဓလေ့များမှအစ မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်း စသည်ထိ ပါ၏။ အများအားဖြင့်လည်း ထိန်းသိမ်းနေကြသည်ကို တွေ့မြင်ရသည်။

 

သို့ရာတွင် အာဏာရှင်စနစ်၏ သရုပ်သကန်ဖြစ်သော ဖိနှိပ်မှု၊ သွေးခွဲသပ်လျှိူမှု စသည့်တို့ရှိလာချိန် အဖိနှိပ်ခံ ဘဝက လွတ်မြောက်ရေးနှင့် မိမိတို့မျိုးနွယ် မတိမ်ကောမပျောက်ကွယ်ရေးစသည့် မျှော်မြင်ခြင်း နောက်တွင် လက်နက်ကိုင် လမ်းစဥ်ပေါ်လာခဲ့သည်။

 

တဖက်တွင် နိုင်ငံ၏အုပ်ချူပ်မှုအာဏာအရပ်ရပ်က လက်နက်ကိုင်ထားသော စစ်တပ်၏ အလိုကျ လည်ပတ် ရသည့် သဘောရှိခဲ့သည်။

 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းသည့်တိုင် နိုင်ငံရေးဆိုသည် စစ်တပ်ထွက်များသာ ကျက်စားခွင့်ရှိသော နေရာလို ဖြစ်နေခဲ့သည်။ ဘောင်းဘီချွတ်များ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်သော အရပ်က လွှတ်တော်ဟု အမည်ရခဲ့သည်။

 

နောက်ပိုင်းကာလများ၌ ထိုအခြေအနေမှ အစွန်းအရောက်ဆုံး အဆင့်ဆီ ဦးတည်ခဲ့သည်။ ဘောင်းဘီဝတ်များ ပြောင်ပြောင်တင်းတင်း လွှတ်တော်ထဲဝင်ထိုင်၊ မဲပေးစသည်ဖြင့် တပ်၏လုပ်ပိုင်ခွင့်က အတိုင်းအဆမရှိ ကျယ်ပြန့်လာချိန် နဂိုတည်းက ယိုင်ရွဲ့နေသော နိုင်ငံရေးက ပို၍ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တော့သည်။

 

ဤမှတစ်ဆင့် ကိုယ်ရေးသောဥပဒေ ကိုယ်ပြန်ခြေနှင့်ဖျက်သော ယခုလို စစ်အာဏာသိမ်းခြင်း အခြေအနေ အဆိုးဆုံးအဆင့်ထိ ရောက်ခဲ့တော့သည်။ ထိုဖြတ်သန်းမှု အစဥ်ကနေ သင်ခန်းစာဆွဲထုတ်လျင် စစ်တပ်ဟူသည် ယုံကြည်စရာ အလျဥ်းမရှိသော အဖွဲ့ဆိုသည့် အဖြေရလိမ့်မည်။ နိုင်ငံရေးတွင် သာမန်အရပ်သားများအတွက် အာမခံချက်မရှိခြင်းကို မြင်ရမည်။

 

အရာရာတွင် အာဏာရှင်အလိုကျ အိမ်ဖြည့် လည်ပတ်ပေးရခြင်းကလွဲ၍ ပြည်သူလူထုအတွက် ဟုတ်တိပတ်တိ အကျိုးဖြစ်ထွန်းမှု မရှိခဲ့ခြင်းက သေချာ၏။

 

ဤတွင် ပြည်သူဟုဆိုရာ၌ တိုင်းပြည်အတွင်းက တိုင်းရင်းသားအားလုံး အပါအဝင်ဖြစ်သည်။ လက်ရှိတွင်လည်း အာဏာရှင်အလိုကျ ဖွဲ့စည်းပုံကို သက်တမ်းကြာနိုင်သမျှကြာအောင် ဆွဲဆန့်ရန် ကြိုးစားနေခြင်းကို မြင်နေ ရသည်။

 

ချူပ်၍ဆိုရလျင် အတိတ်မက ပစ္စုပ္ပန်၌ပါ တိုင်းပြည်၏ အရေးပါသော ကိစ္စများ၌ ပြည်သူတို့၏ ပါဝင် ပတ်သက်နိုင်မှုက အကန့်အသတ်များစွာဖြင့် မရေမရာရှိနေသည်ကို မြင်ရ၏။

 

စစ်တပ်၏ အခြေခံအတွေးအခေါ်မှာ တိုင်းပြည်ကို သူတို့သာလျင်တည်ငြိမ်အောင် အုပ်ချူပ်နိုင်စွမ်းရှိသည်။ သူတို့မပါသ၍ ‘တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်မှုကို မရနိုင်’ ဆိုသည်ဖြစ်၏။

 

ထိုအတွေးအခေါ်အရ အရာအားလုံးတွင် ကြိုတင်သတ်မှတ်ချက်က ကြီးကြီးမားမား ရှိထားပြီးဖြစ်သလို ထိုအ ရာကို လွယ်လွယ်နှင့် လက်လွှတ်လိမ့်မည်မဟုတ်ဆိုသည်ကလည်း သေချာ၏။

 

လက်ရှိအချိန် ၂၀၀၈ ခြေဥကို ဖြတ်ညှပ်ကပ်လုပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မီးကုန်ယမ်းကုန် ကြိုးစားလုပ်ဆောင်နေခြင်းများက သာဓကဖြစ်သည်။

 

ထိုနည်းတူစွာ NCAဆိုသည်ကလည်း ပေးတာယူ၊ ကျွေးတာစားမျှသာဖြစ်ပြီး နောက်ဆုံးတွင် စစ်တပ်၏ စိတ်တော်သိ ဗောင်းတော်ငြိမ့်ဘဝနှင့် ဘာမျှမည်မည်ရရမဖြစ်ဘဲ ဇာတ်သိမ်းရမည်ဆိုသည်ကို ၉၀ ခုနှစ်အလွန် ငြိမ်းချမ်းရေးရယူမှု အချိန်ကာလများကသက်သေပြနေသည်။

 

သို့ဖြစ်ရာ တိုင်းရင်းသားEAOများအနေနှင့် ပြီးခဲ့သော ကာလရှည်တစ်လျှောက် မိမိတို့ကြုံတွေ့ ခံစားခဲ့ရသော အနိဌာရုံများနှင့် လက်တွေ့မျှော်မှန်းချက်တို့ မည်မျှကွာဟပြီး အနာဂတ်တွင် ထိုသို့သော အဖွဲ့အစည်းမျိုးနှင့် မည်သို့ ဆက်လက်စခန်းသွားမည်ဆိုသည်အား သေချာစွာ စဥ်းစားကြရန် လိုလာပြီ ဖြစ်သည်။

 

အထူးသဖြင့် အတိတ်က ရှုံ့ချည်နှပ်ချည် လိုက်လျောမှုများဖြင့် မိမိတို့အဖွဲ့များအတွင်း စိမ့်ဝင်သပ်လျှိုရင်း နယ်ချဲ့လာသော စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားကို မည်သို့ရင်ဆိုင်မည်လဲဆိုသည်က သေချာစွာ စဥ်းစားချိန်တန်ပြီဖြစ်သည်။

 

အသီးသီးအသက ကိုယ့်နယ်မြေကျဥ်းကျဥ်းလေးအတွင်း ခဏတာ နေသာရေးအတွက် လိုက်လျောပေးခဲ့ရမှု များက ရေရှည်တွင် ဘာမျှ အကျိုးမရှိခဲ့သည်က ပြီးခဲ့သော အချိန်တို့က သက်သေပြဖြစ်၏။

 

ယခုလိုအချိန်မျိုး၌ အတိတ်က အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်မှုများကို သည်လိုပင် တောင်မရောက် မြောက်မရောက် အခြေအနေတွင် ဆက်လက်နေထိုင်ရင်း လုံးပါးပါးအစားခံမလား သို့မဟုတ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီး ကိုယ့်အနာဂတ် ကိုယ်တိုင်ပြဌာန်းမည်ဆိုသော သတ္တိမျိုးဖြင့် အချင်းချင်း ကျောချင်းကပ် လက်ချင်းတွဲ ရင်ဆိုင်မည်လားဆိုသည်က တိုင်းရင်းသား EAOများ ဖြေဆိုချိန်တန်ပြီဖြစ်သော မေးခွန်းပင် ဖြစ်ပေသည်။

 

Burma Associated Press

 

 

စစ်တပ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ
မြန်မာ

Share With
bap-logo