Opinion
တရားမဲ့ ပြစ်ဒဏ်နှင့် ကာကွယ်ရမည့် အသက်ခန္ဓာ
လွန်ခဲ့သော ၂ နှစ် က
ဒဂုံတက္ကသိုလ်ကျောင်းသားတစ်စု ထပ်မံပြီး သေဒဏ်ချမှတ်ခံရသည်။ မြင်ရသမျှ အပြုံးကိုယ်စီဖြင့် တက်ကြွ နေသော လူငယ်အရွယ်လေးများ ဖြစ်သည်။
ဘဝ၌ တခြားလုပ်စရာမရှိ၍ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ကြ သူများမဟုတ်။ လုပ်မည်ဆိုလျင် လုပ်စရာတို့ တစ်ပုံကြီးရှိသော တိုင်းပြည်ပျက်ထဲတွင် သူတို့၏ ရွေးချယ်မှုက အနာဂတ်အပေါ် သစ္စာရှိသော ရွေးချယ်မှုဖြစ် သည်။
သည်အရွယ်ဆိုသည် ပြည်တွင်းမှာပဲ ဘာဖြစ်ဖြစ်တစ် ဝမ်းတစ်ခါးရှာမလား သို့မဟုတ် စွန့်စားပြီး ပြည်ပထွက်၍ အလုပ်အကိုင်ရှာမလား အားလုံးဖြစ်နိုင်သောအရွယ် ဖြစ်သည်။
စွန့်စားရသည်ခြင်းအတူတူ ကိုယ့်အတွက်ချည်း မဟုတ်ဘဲ အများအတွက်ပါ စဥ်းစားခြင်းဖြင့် မိမိအသက်အန္တ ရာယ်နှင့် တိုက်ရိုက် အချိုးကျသည့်လမ်းကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ဤသို့ဆိုလျင်တစ်ဖက်က အကြမ်းဖက်နေသော စစ်ကောင်စီတပ်ဆိုသည်ကို ကြည့်ရန်လိုမည်။ အောက်ခြေတပ် သား အတော်များများက အရပ်ထဲဇာတ်ထဲ အလုပ်အကိုင် မည်မည်ရရမရှိဘဲ သောက်စားမူးရူးနေကြသူများ ကစလို့ တပ်သားဟောင်းများ၏ သားသမီးများ၊ ဇွတ်ရော၊ အဓမ္မကော တပ်ထဲ ဆွဲသွင်းထားသူများနှင့် ဖွဲ့စည်းထားသည့် အစုအဖွဲ့ဖြစ်သည်။
စည်းကမ်းကလနားဆိုသည်က စာအုပ်ပေါ်တွင်သာရှိပြီး မြေပြင်ပေါ်ဘယ်တော့မျှ မဆင်းသည့် အဖွဲ့အစည်း၊ ကြီးနိုင်ငယ်ညှင်း လက်သင့်ရာစားတော်ခေါပြီး အထက်ဖားအောက်ဖိနှင့် ပရမ်းပတာ အတွင်းကြေ ကြေနေသည့် အဖွဲ့အစည်းဆိုလည်း မမှားပေ။
ဆိုရလျင်စစ်တပ်ဆိုသည် လူပျက်များ၏ သာလာယံ ဇရပ်။ အထက်က အမိန့်ပေးနေသည့် အရာရှိအုပ်စုဆို သည်မှာလည်း အထက်ဆင့်ရောက်လေ အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွားကြီးလေ ဆိုတာကိုမြင်သော လောဘ သားများနှင့် ပြည့်နှက်နေသည့် နေရာဖြစ်သည်။
အထက်နှင့်အောက် သူ့အရပ်နှင့်သူ့ဇာတ်ဆိုသလို အတွဲအဖက်ညီစွာ ယနေ့ ဗမာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ် နေခြင်းဖြစ်သည်။ ပျက်စီးခြင်းငါးပါးတိုင်မက ဟိုဖက်ထိလွန်နေသော အဖွဲ့ အစည်းဖြစ်သည်။
လက်ရှိအချိန်သည် စစ်ကောင်စီတပ်၏ ကျူးလွန်းမှုများက ယင်းတို့၏ နိုင်ငံရေးအာသီသကို ပြသလျက်ရှိသည်။ နိုင်ငံရေးအရ အန်တုမှုမှန်သမျှကို လက်ရဲဇက်ရဲဖြင့် ရက်စက်စွာ ချေမှုန်းမည်ဆိုသည့် သဘောထားကိုလည်း အထင်အရှား မြင်ရမည်။
နိုင်ငံအနှံ့ ဗုံးကြဲပြီး မီးလောင်တိုက်သွင်းရန်လည်း ဝန်မလေး။ ကလေးသူငယ်ကအစ သက်ကြီးရွယ်အိုအဆုံး ရက်စက်စွာ သတ်ဖြတ်ဖို့လည်း ဝန်မလေးပေ။
သို့ဖြစ်ရာ နိုင်ငံရေးအရ သဘောထားခြင်း မတိုက်ဆိုင်မှု မှန်သမျှကို ငြိုးသူရန်ဖက်လို သဘောထားပြီး လူကြားမ ကောင်းသည့် ပြစ်ဒဏ်တွေချမှတ်ရန်ဆိုသည်က ယင်းတို့အတွက် အလွယ်လေးပင်ဖြစ်၏။
မည်သို့ဆိုစေ ခုလို လက်ရှိတွင် နိုင်ငံအတော်များများ၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုဆိုခြင်းက ရှားပါးလှသည့် အခြေအနေမျိုး ဖြစ်၏။ သာမန်ကိစ္စမျှကို သေဒဏ်ပေးခြင်းမျိုးက အဆိုးရွားဆုံးသော အာဏာရှင်နိုင်ငံများတွင် သာ မြင်တွေ့ရခြင်းမျိုးဖြစ်သည်။
လူများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို အကြောင်းပြချက်မဲ့၊ ဥပဒေမဲ့ ဖမ်းဆီးသည်။ ထိုနည်းတူစွာ မည်သည့်နေရာတွင် ချုပ်နှောင်၍၊ မည်သို့စစ်မေးသည်ကိုလည်းမသိရ။ ထို့အပြင် မိသားစုများ၊ ရှေ့နေများနှင့် လည်း တွေ့ဆုံခွင့်၊ ထုချေခွင့် အလျဥ်းမရှိပါဘဲ အမိန့်ချမှတ်ချိန်ကျမှ သတင်းဖော်ပြဝံ့သော စစ်ကောင်စီ၏ သတ္တိ သည် သြချလောက်ဖွယ်ဖြစ်သည်။
ထိုသို့ဖြင့် ဖမ်းဆီးခံရပြီး သေဒဏ်ကျတာအပြင် မျက်ကွယ်သေဒဏ်ဆိုသည်တို့ကလည်း မနည်းမနော။ မည် သို့ဆိုစေ သေဒဏ်ကို ထိုသို့ ထမင်းစားရေသောက် ပေးဝံ့သော စစ်ကောင်စီ၏ လုပ်ရပ်က ဗမာမက ကမ္ဘာ့သမိုင်း တွင်ပါ စာတင်ရမည့်လုပ်ရပ်မျိုးသာ ဖြစ်လိမ့်မည်။
ထိုသို့သော အဆင်ခြင်မဲ့လုပ်ရပ်များနောက်နောင် ပေါ်ပေါက်မလာရေးသည် ပြည်သူများအားလုံးနှင့်လည်း သက်ဆိုင်နေရာ ဤသည်ကို ပြည်သူက လက်မခံကြောင်း တနည်းနည်းဖြင့် ပြသကြရန် လိုပေမည်။တရားမဝင် သည့် အစိုးရတစ်ရပ်က ပေးသောပြစ်ဒဏ်သည် တရားမဝင်ကြောင်း ပြသကြရန် ဖြစ်သည်။
အလားတူစွာ ထိုသို့သော ဖြစ်ရပ်မျိုးတို့ ထပ်မံမဖြစ်ပေါ်စေရန်ဆိုလျင် အသေချာဆုံးက အာဏာရှင်ယန္တရားကို ဖြိုဖျက်သည့်နည်းမှတပါး အခြားမရှိပေ။ အာဏာရှင်စနစ် တိုက်ဖျက်ရေးအပေါ် မျက်ခြေမပြတ် အားထည့် ကြခြင်းဖြင့် ထပ်မံဆုံးရှုံးမည့် အသက်ခန္ဓာတို့အား ကာကွယ်ရန် လိုပေမည်။