bap-logo
Politics

ဦးဖြိုးမင်းသိန်းနှင့် ပါတီ၀င် ၃ ဦးကို NLD ပါတီ၀င်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်

J6-JrHVh9ROa2oN1EuKHD-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ မတ် ၃။       

ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင် (ဗဟိုကော်မတီဝင်)နှင့်ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်) တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ၀င်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း မတ်လ ၃ရက်တွင် ထုတ်ပြန်လိုက်သည်။

 

၎င်းတို့ ၄ဦးအား ပါတီမှ ပေးအပ်ထားသောတာဝန်များအားလုံး ရပ်ဆိုင်းသည့် အပြင် ယင်းတို့၏ ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပါကြောင်းလည်း အသိပေး ဖော်ပြထားသည်။

 

ထုတ်ပြန်ချက်တွင် ဥပဒေချိုးဖောက်ပြီး အကြမ်းဖက်အာဏာလု စစ်ကောင်စီမှ အတုအယောင် ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက်တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင် နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်းလည်း ဖော်ပြထားသည်။

 

ဦးဖြိုးမင်းသိန်းသည် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီထံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သတ်သည့် ထွက်ဆို ချက်များ ပေးခဲ့သူဖြစ်သည်။

 

 

 

ဒေါ်စန္ဒာမင်းမှာ ရန်ကုန်တိုင်း ဒေါ်စန္ဒာမင်းသည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဇဗ္မူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်သည်။ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော်တွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်ခဲ့သည်။

 

နေပြည်တော်အချုပ်ထောင်တွင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်အချို့ကို စစ်ကောင်စီက ပြီးခဲ့နှစ်ကုန်ပိုင်းတွင် တွေ့ဆုံခွင့် ပေးခဲ့ရာ ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့ဖြစ်ကြောင်း သိရသည်။

 

 

လက်ရှိ NLDပါတီတွင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ယခုနွေဦးတော်လှန်ရေးကာလတွင် ပါတီ၏ လုပ်ငန်း တာဝန်များကို ဗဟိုအလုပ်ကော်မတီမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့်ဆောင်ရွက်လျက်ရှိ နေသည်ဟု NLD ကဆိုသည်။

 

Burma Associated Presss

 

 

 

 

 

ဦးဖြိုးမင်းသိန်း
ဒေါ်စန္ဒာမင်း
ထုတ်ပယ်
အန်အယ်လ်ဒီ

Share With
bap-logo