bap-logo
Politics

ဒုက္ခသည် ၂ သိန်းကျော်လက်ခံထားရသည့် မလေးရှားက မြန်မာ့အရေး မဖြေရှင်းနိုင်သေးသည့်အပေါ် စိုးရိမ်

APNH-kH6u4GDrX4E_Q5lr-image

လွန်ခဲ့သော ၂ နှစ် က

မနီလာ၊ မတ် ၁။

 

မလေးရှားမှာ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည် နှစ်သိန်းကျော်ကို လက်ခံထားရတာမို့ မြန်မာ့အရေး ကို ဖြေရှင်းနိုင်ဖို့ရာ မြန်မာရဲ့စစ်အုပ်ချုပ်ရေးသမားများကို ပြောဆိုဖြောင်းဖျနိုင်ဖို့ရာလိုကြောင်း မလေးရှား ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့ (မတ် ၁) မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဆိုခဲ့ပါတယ်။

 

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဖိလစ်ပိုင်ဝန်ကြီးချုပ် ဖာဒီနန်မားကိုစ့် ဂျူနီယာ နဲ့တွေ့ဆုံစဉ်မှာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ပင်လယ်အငြင်းပွားမှုများနဲ့ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။

 

"အခု မလေးရှားမှာ မြန်မာဒုက္ခသည် ၂ သိန်းကျော် ကိုလက်ခံထားရပြီး မဖြေရှင်းရသေးတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိပါတယ်" လို့ မစ္စတာ အန်ဝါက ဆိုခဲ့ပါတယ်။

 

မြန်မာမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်ဖက်အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက် တိုင်းပြည်ဟာ အဖက်ဖက်မှာ ယိုယွင်းပျက်စီးလာနေပါတယ်။

 

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ လုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ‌အပြစ်မဲ့ပြည်သူ ထောင်ချီသေဆုံးခဲ့ရပြီး ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲ ဖြစ်ပွားရာအရပ်တွေမှာလည်း နေရပ်စွန့်ခွာရှောင်ပြေးရသူ ၁ သန်းကျော်ရှိခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်ကလည်း စစ်တပ်က နယ်မြေရှင်းလင်းမှုဟုဆိုကာ ‌ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး ယင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှာ သောင်တင်နေတာ ယနေ့ထက်တိုင်ပဲဖြစ်ပါတယ်။

 

ဖိလစ်ပိုင်သမ္မတ မားကို့ကတော့ စစ်အုပ်စုခေါင်းဆောင်နဲ့ အာဆီယံခေါင်းဆောင်များအကြားရယူထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကိုသာ အကောင်အထည်ဖေါ်ပေးဖို့ ထပ်လောင်းပြောဆိုပေမယ့် မလေးရှား ဝန်ကြီးချုပ် မစ္စတာ အင်ဝါကတော့ မြန်မာ့အရေးကို ဖြေရှင်းဖို့ မြန်မာ့ရဲ့အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်တွေကို ဘယ်လိုသိမ်းသွင်းပြီး အာဆီယံနဲ့လက်တွဲဆောင်ရွက်စေမလဲဆိုတဲ့ လမ်းစဉ်သစ်ကို ဖေါ်ဆောင်သင့်ကြောင်း ဆိုခဲ့ပါတယ်။

 

"မြန်မာ့အရေးဟာ ဒေသတွင်း လုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာကို ထိခိုက်‌နေတာမို့ ဒါဟာ သူတို့ရဲ့ ပြည်တွင်း အရေးကိစ္စလို့ပဲ မှတ်ယူလို့မရပါဘူး" လို့ မစ္စတာ အင်ဝါ က ဆိုခဲ့ပါသေးတယ်။

 

၂၀၂၁ ခုနှစ်၊ ဧပြီမှာ အာဆီယံက မြန်မာစစ်ခေါင်းဆောင်နဲ့ရယူခဲ့တဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဖမ်းဆီး ထားတဲ့နိုင်ငံရေးအကျဉ်းသားများကိုပြန်လွှတ်ပေးရေး၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို လက်ခံပေးရေး၊ မြန်မာဆိုင်ရာ အာဆီယံအထူးသံကိုလက်ခံပေးရန်နဲ့ နိုင်ငံရေးနယ်ပယ်က အားလုံး ပါဝင်တဲ့ စားပွဲဝိုင်းဖွဲ့ဆွေးနွေးမှုတစ်ခုကို အာဆီယံ အထူးသံရဲ့ဖြန်ဖြေပေးမှုနဲ့ ကျင်းပပေးနိုင်ရေးဆိုတဲ့ ဘုံသဘော တူညီချက် ငါးချက်ကို ယနေ့အထိ ဆုတ်ကိုင်ပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

 

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နဲ့ အီးယူ တို့ပါဝင်တဲ့ အနောက်နိုင်ငံတွေကတော့ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာ အရေးယူမှုတွေအပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်အားပေးစီးပွားရေးလုပ်ကန်းရှင်များကို ပိတ်ဆို့အရေးယူ ခြင်းဖြင့် မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာတုန့်ပြန်ခဲ့ပါတယ်။

 

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဖိအားပေးမှုများကြောင့် အာဆီယံရဲ့ထိပ်သီးအစည်းအဝေးများနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးများကို မြန်မာစစ်ဗိုလ်ချုပ်တွေတက်ရောက်မှုကိုလည်း ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး အာဆီယံက ပိတ်ပင်ခဲ့ပါတယ်။

 

ပုံစာ - မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် နှင့် ဖိလစ်ပိုင်ဝန်ကြီးချုပ် ဖာဒီနန်မားကိုစ့် ဂျူနီယာ တို့ မနီလာ၌ မတ် ၁ ၌တွေ့ဆုံစဉ်

ပုံ - AP

Burma Associated Press

ဒုက္ခသည်
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ
မလေးရှား
မြန်မာ
ရိုဟင်ဂျာ

Share With
bap-logo