Articles
ပုန်ကန်ထကြွမှုများက စိန်ခေါ်လာစဉ် မြန်မာစစ်အာဏာရှင်က ပိုမိုကြမ်းတမ်းစွာ ဖြိုခွင်းနေ
လွန်ခဲ့သော ၈ လ က
မြန်မာနိုင်ငံ၏ စစ်တပ်အုပ်ချုပ်သူများက ဖမ်းဆီးထိန်းသိမ်းမှု လှိုင်းလုံးအသစ်များ ပြုလုပ်ရန် အချက်ပြနေပြီး လက်ရှိ အကျဉ်းသားများ၏ အခြေအနေ ပိုမိုယိုယွင်းလာသည်ဟုလည်း အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက ပြောသည်။
ထောင်ပေါင်းများစွာသော အပြစ်မရှိသူများ သေဆုံးခဲ့ကြပြီးဖြစ်သည်။ သောင်းချီသော ဒီမိုကရေစီလှုပ်ရှားသူများ ဖမ်းဆီးခံထားရသည်။ စစ်အုပ်ချုပ်မှု ပြန်လည်လာခြင်းက လတ်တလော နှစ်များအတွင်း မြန်မာနိုင်ငံကို ကျယ်ကျယ်ပြန့်ပြန် ဖျက်ဆီးလိုက်သည်။
သဘောထားမတိုက်ဆိုင်သူများနှင့် စစ်တပ်ကို ဝင်ရောက်ရန် ငြင်းဆန်သူ အမျိုးသား၊ အမျိုးသမီးများကို ဖမ်းဆီးအကျဉ်းချရန် အားထုတ်မှု အသစ်များ ပြုလုပ်ခဲ့သည်
နယ်ဘက်ဒေသများတွင် ပုန်ကန်ထကြွသူများက မြေပြင်သိမ်းပိုက်လာသည်နှင့်အမျှ စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုပ်မှုမှာလည်း တိုးမြင့်လာသည်။
သဘောထားမတိုက်ဆိုင်သူများနှင့် စစ်တပ်ကို ဝင်ရောက်ရန် ငြင်းဆန်သူ အမျိုးသား၊ အမျိုးသမီးများကို ဖမ်းဆီးအကျဉ်းချရန် အားထုတ်မှု အသစ်များ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံထားရသူများကို သေစေလောက်သည့် ပြုမူဆက်ဆံမှုများဖြင့် နှိပ်စက်ဒဏ်ခတ်မှုများလည်း တိုးမြင့်လာသည်။
ယခုနှစ် ပထမ နှစ်လအတွင်း နှိပ်စက်မှု၊ ငြင်းဆိုခံရမှုတို့ကြောင့် အကျဉ်းသား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် ယခင် အကျဉ်သားဟောင်းများက ပြောသည်။ စစ်တပ်အုပ်ချုပ်နေသည့် အကျဉ်း ထောင်များ၏ အခြေအနေသည် ဆက်လက် ဆိုးရွားနေသည်ဟု ၎င်းတို့က ပြောကြပြီး အကျဉ်းသားများ၏ ရပိုင်ခွင့်ဖြစ်သော အစားအစာ၊ စနစ်ကျသည့် ရေနှင့် သန့်ရှင်းရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ မရရှိဘဲ ကြောက်မက်ဖွယ် နှိပ်စက်ညှဉ်းပန်းမှု ရင်ဆိုင်နေကြရသည်။
“နိုဝင်ဘာလက စပြီး အခြေအနေတွေက ဆိုးသည်ထက် ဆိုးလာတယ်” ဟု သုံးနှစ်နီးပါး ထောင်ဒဏ်ခံခဲ့ရသည့် ဇန်နဝါရီလတွင် ကရင်နီပြည်နယ် အကျဉ်းထောင်တစ်ခုမှ လွတ်မြောက်လာသော ဒီမိုကရေစီအရေး လှုပ်ရှား ထောက်ခံသူ ကျောင်းသားတစ်ဦးဖြစ်သည့် Myar Reh က ပြောသည်။ "သူတို့က ကျွန်တော့် မျက်နှာကို ထိုးတယ်။ သေနတ်ဒင်နဲ့ ရိုက်တယ်။ ကျွန်တော့် တစ်ကိုယ်လုံး သွေးတွေချည်းပဲ။ သူတို့က ခေါင်းကို သေနတ်နဲ့ ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ကျွန်တော့် ခေါင်းနားကနေ ကျည်အစစ်တွေ ပစ်တယ်။"
စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။
စစ်တပ်က ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ခုခံကာကွယ်သည့် လက္ခဏာဖြင့် ကြေငြာခဲ့သည်။ ၎င်းအမိန့်မှာ စစ်တပ်က လူဖမ်းပွဲ အသစ်များ ပြုလုပ်ရန် အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးချနိုင်ပြီး ခုခံငြင်းဆန်သူများကို ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည်။
စစ်အာဏာရှင်တို့က အကျဉ်းထောင်များကို ရှင်းလင်းမည်ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူ ထောင်ချီ၍ လွှတ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ၎င်း လွတ်လပ်ရေးပေးမှုမှာ ယာယီသာ ဖြစ်ဖွယ်ရှိကြောင်း၊ စစ်အာဏာရှင်တို့သည် အလားတူ "လွတ်ငြိမ်းခွင့်"များ ပေးခဲ့ကြောင်း၊ သို့သော် လွတ်မြောက်လာသူ အများအပြားကို ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက ပြီးခဲ့သည့် နှစ်တွင် ထောက်ပြကြသည်။
အခွင့်အရေးလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သည့် Myanmar Witness က အကျဉ်းထောင်အဆောက်အအုံ အသစ်များ တည်ဆောက်နေသည်ဟု ညွှန်ပြနေသည့် ဂြိုဟ်တုဓာတ်ပုံများကို လေ့လာခဲ့ကြောင်း၊ ၎င်း အဆောက်အအုံသစ်များသည် လက်ရှိ အကျဉ်းထောင်များအနီးတွင် ဆောက်လုပ်နေကြောင်း ပြောသည်။
စစ်တပ်လက်ထဲတွက် ကျန်ခဲ့သူများအတွက် ထိန်းသိမ်းခံရမှုသည် သေစေလောက်သည့် အန္တရာယ်ရှိသည်။ အကျဉ်းထောင်တွင်း ရိုက်နှက်ခံရပြီး စနစ်တကျ၊ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့် အသက် ၄၃ နှစ်အရွယ် ကိုယာရှင်သည် ဇန်နဝါရီလတွင် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်ဟု ဒီမိုကရေစီအရေး လိုလားလှုပ်ရှားသူ မွန်တိုင်းရင်းသားအဖွဲ့ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောသည်။
ဖေဖေဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဖမ်းဆီးခံရပြီး သေဆုံးသူ ၁၅၀၀ ကျော် ရှိပြီဖြစ်သည်
ရှင်းလင်းဖော်ပြမှု မရှိသည့် အစာအိမ်ဝေဒနာကြောင့် အသက် ၃၁ နှစ် အရွယ်ရှိ ကိုပြည့်ဖြိုးအောင်သည်လည်း အလားတူအခြေအနေများကြောင့် ဇန်နဝါရီလတွင်ပင် သေဆုံးခဲ့သည်ဟု ၎င်းတို့က ပြောသည်။ နှစ်ဦးလုံးမှာ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့မှာ ယခုနှစ် ပထမ နှစ်လအတွင်း စစ်တပ်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် သဘောထားကွဲလွဲသူ ၁၂၀ ဦးအနက် အပါအဝင်ဖြစ်သည်ဟု ဖမ်းဆီးထိန်းသိမ်းခံရသူများကို ခြေရာခံ စာရင်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။ ၎င်းအရေအတွက်ကို ပြီးခဲ့သည့်နှစ်တွင် အလားတူ သေဆုံးခဲ့သည့် ၆၀၂ ဦးနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
ဖေဖေဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဖမ်းဆီးခံရပြီး သေဆုံးသူ ၁၅၀၀ ကျော် ရှိပြီဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။ လက်ရှိစစ်အာဏာရှင်တို့သည် ဖမ်းဆီးခံရသူ ဒါဇင်ပေါင်းများစွာကို သေသည်အထိ နှိပ်စက်ခဲ့သည်ဟု ပြောသည်။ ၎င်းတို့က စစ်တပ် ဖမ်းဆီးထိန်းသိမ်းမှုအောက်တွင် လူပေါင်း ၂၀၀၀၀ ကျော် ကျန်ရှိနေသေးသည်ဟု ခန့်မှန်းထားပြီး အရပ်သားသေဆုံးမှုမှာ ၄၅၀၀ ကျော်ပြီဖြစ်သည်။
တပ်မတော်ဟု သိရှိကြသည့် အုပ်ချုပ်နေသော စစ်တပ်သည် အရပ်သားများကို ဗုံးကြဲမှုများ၊ ၎င်းတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုမှုများ၊ ရိုဟင်ဂျာကဲ့သို့သော လူနည်းစုများကို ဖိနှိပ်မှုများ၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ညှဉ်းပန်းနှိက်စက်မှုများဖြင့် သိရှိထားကြသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်ခံခဲ့ရသည့် အစိုးရကို အာဏာ မျှဝေခြင်း ခေတ္တမျှ ခွင့်ပြုခဲ့ပြီးနောက် လွန်ခဲ့သည့် သုံးနှစ်တွင် အာဏာအလုံးစုံ ပြန်လည် ရယူခဲ့သည်။
“ဗမာပြည်က စစ်တပ်က ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ သူတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို မရပ်တန့်ခဲ့ပါဘူး။” ဟု AAPP တွဲဖက်အတွင်းရှေးမှူး ဦးဘိုကြည်က ပြောသည်။ "၁၉၈၈ လူထုအုံကြွမှုမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီး ပြစ်ဒဏ်ချခံခဲ့ရတုန်းက ကျွန်တော့်ကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်ခဲ့ပါတယ်။”
စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုကို ယခုအခါ ရင်ဆိုင်နေရပြီဖြစ်သည်။ တော်လှန်ပုန်ကန်သူများက သိသာထင်ရှားသော အောင်မြင်မှုများ ချမှတ်နိုင်နေပြီး မဟာမိတ်များက စစ်အဏာရှင်ကို ဖြုတ်ချနိုင်မှု ရှိ၊ မရှိ စောင့်ကြည့်ရန် ကျန်ရှိနေသေးသော်လည်း စစ်တပ်၏ တုန့်ပြန်မှုမှာ ရှင်းလင်းသည်။
နိုဝင်ဘာလတွင် တော်လှန်ပုန်ကန်သူများက ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မြို့မှ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး မြို့၏ အစိတ်အပိုင်းအတော်များများကို သိမ်းပိုက်ခဲ့သည်။ အချို့သော စစ်အာဏာရှင်တပ်ဖွဲ့များက အကျဉ်းစခန်းများသို့ ဘေးကင်းစေရန် ဆုတ်ခွာခဲ့ကြသည်။
သူတို့ “ကျွန်တော်တို့မှာ ရှိတဲ့ အစားအစာတွေကို ယူသွားကြတယ်။” ဟု အသက် ၂၇ နှစ်အရွယ်ရှိ ဖေဖော်ဝါရီလက လွတ်မြောက်လာသူ စောအယ်ထောနေဆွိက ပြောသည်။ "အဲဒါ အခြေအနေတွေ စပြီး ဆိုးသည်ထက် ဆိုးလာတဲ့ အချိန်ပဲ။ ကျွန်တော်တို့က နိုင်ငံရေးအကျဉ်းသားတွေဆိုတော့ ကျွန်တော်တို့ကို ဆိုးဆိုးရွားရွား ဆက်ဆံကြပါတယ်။ သန့်ရှင်းတဲ့ အစားအစာဆိုတာ မရှိသလောက်ပဲ။ ကြောင်စာတွေ စားနေရသလိုပဲ။”
လွိုင်ကော်မြို့မှ လက်နက်ကိုင်ပဋိပက္ခသည် ဖမ်းဆီးခံရသူများအတွက် ခြိမ်းခြောက်မှုအသစ်ကို ပြသနေခြင်းဖြစ်သည်။ "နိုင်ငံရေးအကျဉ်းသားတွေက သူတို့ရဲ့ အသက်ကို ရင်းရတဲ့ စစ်တပ်ရဲ့ ဓားစာခံတွေ၊ လူသားဒိုင်းတွေလို ခံစားရတယ်။” ဟု AAPP မှ ဦးဘိုကြည်က ပြောသည်။
စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော ဒီမိုကရေစီအရေး လိုလားလှုပ်ရှားသူအများအပြားအတွက် စစ်ကြောရေးကို ပထမဆုံး ဖြတ်သန်းရသည်။ ၎င်းတို့ကို တရားဝင် ဖမ်းဆီးမှုနှင့် အကျဉ်းထောင်သို့ မပို့မီစစ်ကြောရေးစခန်းများသို့ ခေါ်ဆောင်သွားပြီး နှိပ်စက်ညှဉ်းပန်းလေ့ရှိသည်။
“စစ်ကြောရေးစခန်းတွေမှာ ဒီလို မတရား ပြုမူဆက်ဆံတာတွေဟာ အကျဉ်းထောင်မရောက်မီအထိ အများကြီး ရှိပါတယ်။” မွန်ပြည် အခွင့်အရေးလှုပ်ရှားမှုအဖွဲ့မှ အစီအစဉ် ညွှန်ကြားရေးမှူး နိုင်ဦးမွန်က ပြောသည်။
စိုင်းလင်းဦးသည် လွိုင်ကော်ထောင်အတွင်း နှစ်နှစ်ခွဲကျော် နေထိုင်ခဲ့ရပြီး အောက်တိုဘာလတွင် လွတ်မြောက်လာသည်။
“၁၁၁၁ စစ်ဆင်ရေး မစတင်ခင် လွတ်မြောက်လာတာ ကျွန်တော် အလွန် ကံကောင်းတာ။” ဟု နိုဝင်ဘာလက တော်လှန်ပုန်ကန်သူတို့၏ တိုက်ခိုက်မှုကို ၎င်းက ရည်ညွှန်းပြောဆိုသည်။ "ဒါပေမယ့် လွိုင်ကော်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀ ဒီနေ့အထိ ကျန်နေသေးတယ်။”
ကိုးကား - The New York Times
ပုံစာ - လွိုင်ကော်အကျဉ်းထောင်ကို Google Maps မှ တွေ့မြင်ရပုံ။