bap-logo
Politics

Zara ဖက်ရှင်အဝတ်အထည်လုပ်ငန်း ပိုင်ဆိုင်သည့် Inditex က မြန်မာနိုင်ငံမှ အဝတ်အထည် မှာယူမှု ရပ်တန့်မည်

I3I4eal0QJRh3l6KLUMyj-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၈။

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL  ၏ ကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာရန် လှုံ့ဆော်မှု ရလဒ်အဖြစ် Zara ဖက်ရှင်အဝတ်အထည်လုပ်ငန်း ပိုင်ဆိုင်သည့် Inditex က မြန်မာမှ ဝယ်ယူမှုများ ရပ်တန့်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း Reuters ကို ကြာသပတေးနေ့က ပြောကြားသည်။

 

“IndustriALL ၏ တောင်းဆိုမှုကို လိုက်လျောသည့်အနေဖြင့် Inditex သည် မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် ဆောင်ရွက်နေပြီဖြစ်ကြောင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်ဖြင့် ရေးသားဖော်ပြခဲ့သည်။ ရလဒ်အားဖြင့် မြန်မာနိုင်ငံတွင် လည်ပတ်နေသော စက်ရုံအရေအတွက်ကို ဆက်လက်လျော့ချသွားမည်။ဟု ဖော်ပြသည်။

 

Inditex သည် ၎င်း၏ ထွက်ခွာမှု အချိန်ဇယားကို ဖော်ပြခြင်းမရှိပါ။ ကုန်ပစ္စည်းပေးသွင်းသူများ၏ စာရင်းကိုလည်း ဖော်ပြခြင်း မရှိ၍ မြန်မာနိုင်ငံမှ စက်ရုံအရေအတွက် မည်မျှက အမြန်-ဖက်ရှင် လုပ်ငန်းကြီးကို ကုန်ပစ္စည်းပေးသွင်းနေသည်ကို ရှင်းလင်းစွာ မသိရပါ။

 

အနောက်တိုင်းအမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူ အကြီးစားများကို အဝတ်အထည်နှင့် ဖိနပ်များ ပေးပို့တင်သွင်းနေသည့် မြန်မာ၏ အထည်ချုပ်လုပ်ငန်းသည် အလုပ်အကိုင် အဓိက ခန့်ထားပေးနေသည့် လုပ်ငန်းခွင်ဖြစ်ပြီး စစ်အာဏာရှင်တို့က ၂၀၂၁ ခုနှစ်အစောပိုင်းတွင် အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းသို့ ကျရောက် သွားခဲ့သည်။ ထိုစဉ်က စ၍ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံခဲ့ရကြောင်း IndustriALL က ပြောကြားသည်။

 

ကုန်အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများကို အဆက်အသွယ်ဖြတ်တောက်ရန် ဖိအားပေးမှုများ ရှိနေသော်လည်း ၎င်းတို့၏ ထွက်ခွာမှုများသည် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလုပ်သမားများအတွက် စီးပွားရေးထိခိုက်မှုများ ပိုမိုဖြစ်ပွားစေနိုင်သည်။ ဥရောပသမဂ္ဂက၏ ရပ်တည်ချက်မှာ ကုမ္ပဏီများကို မြန်မာမှ ဆက်လက်မှာယူသည့်ဘက်မှ ဖြစ်သည်။

 

စပိန် အမြန်-ဖက်ရှင် လက်လီရောင်းချသူ Mango က မြန်မာမှ မှာယူခြင်းများ ရပ်တန့်ထားကြောင်း Reuters ကို ပြောကြားသည်။ Marks & Spencer က ၎င်းတို့၏ ထွက်ခွာမှုကို အောက်တိုဘာလတွင် ကြောငြာပြီးနောက် Primark ကလည်း တာဝန်ယူမှုရှိသော ထွက်ခွာမှုသို့ လုပ်ဆောင်နေကြောင်းပြီးခဲ့သည့်နှစ် စက်တင်ဘာလက ပြောကြားသည်။

 

Inditex က IndustriALL နှင့် ၂၀၀၇ ခုနှစ်ကပင် သဘောတူညီချက် တစ်ခု ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သက်တမ်းတိုးခဲ့ကြောင်း ၎င်းတို့၏ အစီရင်ခံစာအရ သိရသည်။ ၎င်းသဘောတူညီချက်တွင် ကုန်သွယ်မှုသမဂ္ဂနှင့် ပြောဆိုဆွေးနွေးမှု ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး ကုန်ပစ္စည်းပေးသွင်းမှု လုပ်ငန်းစဉ်တစ်လျှောက် အလုပ်သမားများ၏ လိုအပ်မှုကို ဖော်ထုတ်ဖြေရှင်းရမည်ဟု ပါရှိသည်။

 

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံများ၏ အခြေအနေ တိုးမြှင့်ရန် ၂၀၁၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည့် Smart Factories project ကို ဆက်ခံဆောင်ရွက်သည့် MADE ဟု ခေါ်သော စီမံချက်တစ်ခုကို ရံပုံငွေထောက်ပံ့ခဲ့သည်။ H&MAdidas၊ နှင့် Bestseller အပါအဝင် လက်လီရောင်းချသည့် လုပ်ငန်း ၇ ခု မှာ MADE ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

 

ဥရောပသမဂ္ဂနှင့် MADE တို့၏ မိတ်ဖက်များသည် တာဝန်ယူမှုကို လိုက်နာသည့်အနေဖြင့် မြန်မာ နိုင်ငံမှ ဆက်လက်မှာယူတင်သွင်းမှုများ ပြုလုပ်ခြင်းသည် အလုပ်သမားများ၏ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။ဥရောပကော်မရှင်၏ နိုင်ငံ တကာမိတ်ဖက်များဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mario Ronconi က မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် အကြီးအကဲကို ဂျွန်လ ၂၈ ရက်တွင် ရေးသားပေးပို့ခဲ့သော စာကို IndustriALL က Reuters သို့ မျှဝေခဲ့သည်။

 

အဝတ်အထည် လုပ်ငန်းဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုအဖွဲ့တစ်ခုဖြစ်သည့် Clean Clothes လှုံ့ဆော် မှုက ကုန်အမှတ်တံဆိပ်များသည် မြန်မာမှ မှာယူတင်သွင်းမှုကို ဆက်လက်လုပ်ဆောင်သင့်ပြီး အရောင်းအဝယ်ဆိုင်ရာ ဥပဒေလိုက်နာမှုများ မြှင့်တင်ကျပ်မတ်သင့်ပြီး အလုပ်သမား အခွင့် အရေးနှင့် ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများသည် စစ်အာဏာရှင်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ထောက်ပံ့အားပေးမှုမဖြစ်စေရန် လုပ်ဆောင်သင့်သည်ဟု ပြောကြားသည်။

 

Inditex မြန်မာမှ ထွက်ခွာရန် စီစဉ်နေကြောင်း သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Sourcing Journal က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - စပိန်နိုင်ငံ  Las Palmas de Gran Canaria မြို့မှ Inditex စပိန်လုပ်ငန်းစု၏ Zara အဝတ်အထည်စတိုးဆိုင်တစ်ဆိုင်။ (Photo: REUTERS/Borja Suarez/File Photo ) 

 

 Burma Associated Press

 

မြန်မာ
Inditex
ZARA

Share With
bap-logo