bap-logo
Politics

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမန်ဇာတို့ ဦးဆောင်ပြီး မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ

Gj52SJpKkL3191tAndpv0-image

လွန်ခဲ့သော တစ်နှစ် က

မုံရွာ၊ စက်တင်ဘာ ၉။

 

စစ်ကိုင်းတိုင်း ၊ မုံရွာအကျဉ်းထောင်မှာ မနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ဖမ်းဆီခံ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းသားအခွင့်ရေးချိုးဖောက်မှုတွေကို ခံခဲ့ရတာကြောင့် မုံရွာလူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ချောင်ဦးသပိတ်ခေါင်းဆောင် ကိုမန်ဇာတို့ ဦးဆောင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အရပ်ဘက် အုပ်ချုပ်ရေး ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသုံးအဆောင်တွေကို သိမ်းယူ တာကနေစတင်ပြီး နိုင်ငံရေးအကျဉ်းသား(၁၄)ဦးက ပထမအသုတ်အနေနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ကျန်တဲ့အကျဉ်းသားတွေကလဲ သူ့အသုတ်နဲ့သူ လူခွဲပြီး အစာငတ်ခံဆန္ဒပြမယ်လို့ ထောင်တွင်းကနေ သတင်းစကားပါးလာတယ်။ မုံရွာထောင်အတွင်းမှာ သူတို့က(စစ်ကောင်စီ) အကျဉ်းသားအခွင့်ရေး ချိုးဖောက်တာတွေလုပ်ရင် အကျဉ်းသားတွေအနေနဲ့ အစာငတ်ခံ ဆန္ဒပြမှုတွေဖြစ်လာဖို့ မျှော်မှန်းထားတာ ရှိနိုင်တယ်။ မုံရွာထောင်ကိုဖိနှိပ်ဖို့ အကြောင်းပြချက် ရှာတာဖြစ်နိုင်တယ်လို့” မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

လက်ရှိမှာ အစာငတ်ခံဆန္ဒပြသူ ၁၄ ဦးကို ထောင်အာဏာပိုင်တွေက ကိုဗစ်ကာလမှာ ကွာရန်တင်းထားခဲ့တဲ့ နေရာတွေကို ပြောင်းရွှေ့ထားပြီး ၂၄ နာရီ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ အစာငတ်ခံဆန္ဒပြ‌နေတဲ့ နိုင်/ကျဉ်းရဲဘော်တွေတောင်းဆိုထားတဲ့ တောင်းဆိုချက် တွေမှာ ဘယ်လိုအချက်တွေပါတင်တယ်ဆိုတာကိုတော့ BAP သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်းကနေစတင်ပြီး နိုင်ငံတဝန်းကအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်းပြင်းထန်ထန်ဖိနှိပ်တာ၊ ထောင်နေရာပြောင်းရွှေ့တယ်လို့ အကြောင်းပြပြီး အကျဉ်းသားတွေ ပစ်ခတ်သတ်ဖြတ်တာတွေကို ပိုမိုလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အစာငတ်ခံဆန္ဒပြကြတာလို့လည်း ကိုသိုက်ထွန်းဦး က ဆက်ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း မုံရွာအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မန္တလေးနဲ့ မြင်းခြံအကျဉ်းထောင်တွေကို ယာဉ်တန်းတွေနဲ့ပြောင်းရွှေ့ခဲ့ရာ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ မုံရွာမြို့က CDM ဆရာဝန် တဦးဖြစ်သူ ကချင်လူမျိုး ဒေါက်တာဇော်ထွယ်အောင် သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ - Wai Moe Naing’ Fb

 Burma Associated Press

 

စစ်ကိုင်း
မုံရွာ
ထောင်
အစာငတ်ခံ ဆန္ဒပြ
ဝေမိုးနိုင်

Share With
bap-logo