bap-logo
Urban Life

အလှမ်းဝေးဝေး၊ ကျားနဲ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး

Ge1D75NQ7VSMP4fWET5sB-image

လွန်ခဲ့သော ၃ နှစ် က

နွားကျောင်းသားတစ်ဦး ကျားကိုက်ခံရတယ်ဆိုတဲ့စကားက ဒီနေ့အချိန်အခါအတွက်တော့ အထူးအဆန်း ဖြစ် နေစေသလို၊ နောင်ပြောင် ပြက်ရယ်ပြုစရာလည်း ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက လူမှုကွန်ယက်ပေါ်မှာ ကျားကိုက်ခံရသူရဲ့ ဓာတ်ပုံနဲ့တကွ သတင်းတွေ တက်လာခဲ့ပေမယ့် ကျားနဲ့ ကင်းကွာပြီး အလှမ်းဝေးလှတဲ့လူထု အတွက်တော့ ယုံကြည်ဖို့ ခက်ခဲနေမှာအမှန်ပါပဲ။

 

ဒါကလည်း လူတွေနေထိုင်ကြတဲ့ ပတ်ဝန်းကျင်၊ ကျေးရွာတွေမှာ ကျားနဲ့ကျားခြေရာတွေ့တယ်ဆိုတဲ့ စကားက ခပ်ရှားရှားဖြစ်ခဲ့သလို၊ ကျားကို လွယ်လင့်တကူ မတွေ့ရတော့တာကလည်း ဆယ်စုနှစ်များ ပင်ချီခဲ့ပါပြီ။  

 

ဒီဖြစ်စဉ်က ကျားဟာ မြန်မာနိုင်ငံမှာ ကျားကောင်ရေ လျော့နည်းကျဆင်းနေပြီး၊ တွေ့ရဖို့ အလွန် ခက်ခဲနေတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ကြောင်းကို သက်သေပြနေပါတယ်။

 

ဒါပေမယ့် အသက် ၅၅ နှစ် အရွယ် ဦးစန်းဝင်းတစ်ယောက်အမှန်ပင် ကျားနဲ့ပက်ပင်းတိုးပြီး အကိုက်ခံခဲ့ရပါတယ်။ သူနေထိုင်ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးမှာ အဖော်အပေါင်းတွေနဲ့  နွား ကျောင်းသွားစဉ် ကျားကိုက်ခံခဲ့ရတာဖြစ်ပြီး၊ လက်ရှိအချိန်ထိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲပါပဲ။


ဦးစန်းဝင်းတစ်ယောက် ကျားအကိုက်မခံရခင် နာရီပိုင်းအလိုထိ ရွာအနီးမှာ ကျားတွေ့တယ်ဆိုတဲ့ သတင်းကို မယုံကြည်ခဲ့သလို၊ သူ့သက်တမ်းတလျှောက်မှာလည်း ရွာအနီးစပ်တွေမှာ ကျားနဲ့ ကျားခြေရာတွေ့တယ် ဆိုတာကို ကြားဖူးနားဝပင်မရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

ရှေ့ကသွားတဲ့ကလေးတွေက သူတို့ကို ကျားလိုက်လို့ ဆိုပြီးပြောပေမယ့် ကိုယ့်ဒေသမှာမရှိဘဲကို မယုံဘူးခင်ဗျ။ ကြားလည်းမကြားဖူးတော့ မယုံဘူးခင်ဗျ။ တောခြောက်တယ်ပဲထင်တာ။ အဲဒါနဲ့ ကျွန်တော် ဆက်သွားပြီး၊ အောက်တွေငုံကြည့်တော့ ကျားခြေရာကို တကယ်တွေ့တယ်။ ပြီးတော့ ခြုံထဲကထွက်ပြီး ကျွန်တော့်ကို ကိုက် လိုက်ပါတယ်ခင်ဗျ။ ကိုက်ပြီးမှ ဝါးတစ်ပြန်စာလောက်မှာ မတ်တပ်ကြီး ရပ်နေပါတယ်။ ကျွန်တော်တို့လူအုပ်က ဝိုင်းမောင်းမှ"ဝေါင်းလို့ အကျယ်ကြီးအော်ပြီး ပြေးပါတယ်ခင်ဗျ"လို့ ပြောရင်း ဦးစန်းဝင်းတစ်ယောက် သူ ကြုံတွေ့ခဲ့ရတာကို အံ့သြနေဆဲပါပဲ။

 

ဦးစန်းဝင်းအပါအဝင် နွားကျောင်းသား ဦးထဲက သူတစ်ယောက်သာ ပေါင်နဲ့ ဒူးစပ်ကို အကိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။ ကျားအရွယ်က ခါးသာသာ၊ ရင်စို့လောက်( နွားမတမ်းပေါက်လောက်) ရှိတာကို မြင်လိုက်ရ ပေမယ့်၊  ဒဏ်ရာကြောင့် ကျားရဲ့ ခန္ဓာကိုယ် အရောင်နဲ့ပုံစံ(အစင်းကျား၊အကွက်)ကို သဲသဲကွဲကွဲ မမြင်တွေ့လိုက်ရ ဘူးလို့ သူကဆိုပါတယ်။

 

နွားမတမ်းပေါက်လောက် ရှိတယ်။ ဒဏ်ရာကများတယ်။ ချုပ်လည်းချုပ်ရတယ်။ အခြားကတော့ နေကောင်းပါ တယ်။ အဲဘက်မှာ အရင်ကမရှိဘူး။ တောတောင်ကလည်း ကောင်းတဲ့တောမရှိဘူး။ ချုံပဲ ရှိတယ်။ အခုလို အချိန်မှာဆို ကျွန်တော်တို့လည်း ရှိမယ်ကိုမထင်ဘူး။ ခြေရာတွေ့တာကတော့ အဲဒီနေ့မှာပဲ တွေ့ကြတာ။ နွား ကျောင်းနေတဲ့ကလေးက အရင်တွေ့ပြီး၊ သူကိုလည်းလိုက်လို့ သစ်ပင်ပေါ်ကို တက်ပြေးရတယ်ဆိုပြီး ကျွန်တော့် ကို ပြောထားသေးတယ်။ အသက် ၅၀ ကျော်မှာ တခါမှမကြုံဖူးတော့ မယုံခဲ့ဘူး"လို့ ဦးစန်းဝင်းက ဆက်ပြော ပါတယ်။

 

ဒါပေမယ့် သဲပေါ်မှာထင်ကျန်ခဲ့တဲ့ ခြေရာကတော့ ကျားဖြစ်ကြောင်းအတည်ပြုဖို့ သက်သေအဖြစ် ကျန် နေခဲ့ပါ တယ်။

 

အဲဒါနဲ့ပတ်သက်ပြီး ကျားထိန်းသိမ်းရေးပညာရှင်တစ်ဦးက ဖြစ်နိုင်ခြေအရ ကျားသို့မဟုတ် ကျားသစ်ဖြစ်နိုင် တယ်လို့ ယူဆခဲ့ပါတယ်။ လူထုကအများအားဖြင့် ကြောင်ကြီးမျိုးနွယ်ဝင်တွေကို ရောထွေးမှတ်တတ်ကြပြီး၊ ဥပမာ- အစင်းကျားပါရင် ကျားလို့မှတ်တတ်ပြီး၊ အကွက်အပြောက်ဆိုရင် ကျားနွယ်ဝင်လို့ မှတ်လေ့ရှိကြ တယ်လို့ ဆိုပါတယ်။

 

နောက်တစ်ခုကတော့ သဘာဝထဲမှာ ကျားထက် ကျားသစ်တွေကိုတွေ့ရလွယ်ပြီး၊ ကျားသစ်တွေက ကျားထက် adaptability (လိုက်လျောညီထွေနေတတ်ခြင်း) မြင့်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း အစပိုင်းမှာ ကျား သို့မဟုတ် ကျားသစ်ဖြစ်ကြောင်း အတည်ပြုပြောဖို့ခက်ခဲခဲ့ပြီး၊ ဖြစ်နိုင်ခြေကိုသာ တွက်ချက်နိုင်ခဲ့ပါတယ်။

 

ကျားပေါက်တွေ (၂ နှစ်ခွဲ၊ နှစ်သားတွေ၊ မြီးကောင်ပေါက်တွေ) က နေရာသစ်ကိုရှာရင်း နယ်ကျွံလာတာ ဖြစ်နိုင်တယ်"လို့ ၎င်းကဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေကလည်း အခုလိုမျိုး ကျားပေါက်တစ်ကောင်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးကို ရောက်ရှိလာခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်။ ၎င်းကျားကတော့ ထိုင်းနိုင်ငံ၊ ဟွေ့ခခမ်း အမျိုးသားဥယျာဉ်ကဖြစ်ပြီး၊ ကီလိုမီတာရာချီအောင်ထိ နယ်မြေသစ်ကို လိုက်ရှာရင်း မြန်မာနိုင်ငံဘက် ရောက်လာတာဖြစ်သလို၊ ထိုင်းနိုင်ငံဘက်က ကျားတွေဟာ မြန်မာနိုင်ငံဘက်သို့ မကြာခဏ နယ်မြေသစ်လာရှာတတ်ကြောင်းကိုလည်း  ထိုင်းနိုင်ငံဘက်မှ ထိန်းသိမ်းရေးသမားတွေရဲ့ Satellite data တွေ ကနေတဆင့် သိရတယ်လို့ ကျားထိန်းသိမ်းရေးပညာရှင်က ပြောပါတယ်။

 

ဒါပေမယ့် အခုပွင့်ဖြူမြို့နယ်မှာ နွားကျောင်းသားကို ကိုက်လိုက်တဲ့ သတ္တဝါကိုတော့ ကျားဖြစ်ဖို့များတယ်လို့၊ ကျားကိုက်တဲ့ဖြစ်စဉ် ဖြစ်ပြီးရက်ပိုင်းအကြာမှာ ၎င်းက ယူဆလိုက်ပါတယ်။

 

အခုကတော့ ကျားလို့ပြောလို့ရပါပြီ။ အမဖြစ်ဖို့ များပါတယ်"လို့ ကျားထိန်းသိမ်းရေးပညာရှင်တစ်ဦးက BAPကို မှတ်ချက်ပြုပေးပါတယ်။

 

လက်ရှိမှာ ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းတဲ့ကာလကို ကြုံတွေ့နေရတာက တစ်နှစ်ခွဲလောက်ရှိနေပြီး ဖြစ်တာ ကြောင့် တောရိုင်းတိရစ္ဆာန်တွေဟာ လူသားတွေရဲ့ ဘေးရန်နည်းသွားပြီ အထင်နဲ့ အပြင်ထွက်လာပြီး၊ ပွင့်ဖြူ မြို့နယ်ဘက်ကို ရောက်လာတာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် သူတို့ နေထိုင်ရာ သဘာဝ စားကျက်နေရင်း ဒေသတွေမှာ အနှောင့်အယှက်ဖြစ်လို့ ရှောင်တိမ်းရင်း ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်လို့ တွက်ချက်ထားပါတယ်။

 

"သဲတောမှာ တွေ့ရတဲ့ ခြေရာကတော့ ကျားနဲ့ကျားသစ်ခွဲဖို့ ခက်ပါတယ်။ ပုံမှန် မြေနုမှာတွေ့ရတဲ့ ကျားခြေရာ ကတော့ ဖနောင့် အကျယ် စင်တီမီတာနဲ့အထက်ပါ။ ကျားသစ်က . စင်တီမီတာရှိပါတယ်။ အရွယ် ရောက်ပြီး ပျမ်းမျှအတိုင်းအတာကို ပြောတာပါ။ အထီးအမကလည်း ကွဲပါတယ်။ ယောကျာ်းလက်နဲ့ မိန်းမ လက်လိုပဲ တုတ်ခိုင်တာနဲ့သွယ်လျတာ ကွာပါတယ်"လို့ ၎င်းကပြောပါတယ်။

 

အခုအချိန်ခါမှာတော့ ကျားလို့ပြောလိုက်ရင် ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီဘေးမဲ့တောကိုသာ ပြေးမြင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အာရှတိုက်မှာ ကျားကောင်ရေ ကျန်ရှိနေဆဲ ၁၃ နိုင်ငံအနက် တစ်ခုဖြစ်ပြီး၊ ကျားတွေက မြောက်ဘက် မြင့်မားတဲ့ တောင်တန်းတွေကလွဲပြီး၊ နိုင်ငံအတွင်း  နေရာအတော်များစွာမှာ နေထိုင်ကျက်စားလေ့ ရှိကြပါတယ်။

 

(ပုံစာ-သူနေထိုင်ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာ အနီးမှာ ဦးစန်းဝင်း တစ်ယောက်အမှန်ပင် ကျားနဲ့ပက်ပင်းတိုးပြီး အကိုက်ခံခဲ့ရပါတယ်။)

 

အတိတ်က နိုင်ငံအတွင်း ကျားတွေကျက်စားခဲ့တာကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ( ၁၉၀၃ခုနှစ်) က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီဝန်းကျင်မှာ အင်္ဂလိပ်စစ်သားတစ်ဦးက ကျားမတစ်ကောင်ကို သေနတ်နဲ့ ပစ်သတ် ဖူးတယ်ဆိုတဲ့ ဖြစ်စဉ်ကသက်သေရှိခဲ့သလို၊ ကျားအမဲလိုက်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ ကျားမျိုးစိတ်နှစ်ခုဖြစ်တဲ့ ဘဂ်လားကျား (Panthera tigris tigris) နဲ့ အင်ဒိုချိုင်းနား ကျား (Panthera tigris corbetti) တို့ နေထိုင်ကျက်စားပြီး၊ ကမ္ဘာမှာ ၎င်းနှစ်မျိုး အပါအဝင် မျိုးသာ ကျန်ရှိတော့ပြီး ၃မျိုးမှာ မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။

 

ဒီဘက်ခေတ်မှာတော့ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တော၊ ထမံသီဘေးမဲ့တောနဲ့ တနင်္သာရီတောင်တန်းတွေမှာ နိုင်ငံတော်အဆင့်ကျားစာရင်းကို ကင်မရာထောင်ချက်တွေသုံးပြီး ကောက်ယူခဲ့ရာက ကျားရှိနေသေးကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထိ ကျားတွေကျက်စားနေထိုင်တဲ့ ဧရိယာအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း လောက်ကိုသာ လေ့လာဆန်းစစ်မှု ပြုလုပ်နိုင်ခဲ့သေးပြီး၊ ကင်မရာမှတ်တမ်းတွေအရတော့ အနည်းဆုံး ကောင်ရေ ၂၀ ကျော်လောက်ကို တွေ့ရသေးတယ်လို့ ဆိုထားပါတယ်။

 

"အခုတော့ ကျွန်တော်တို့ နိုင်ငံသားတွေအပါအဝင် သားငှက်တွေပါ ဘဝတူတွေပါပဲ။ မြန်မာမှာ Tiger Conservation Landscape (TCL-37) အဖြစ် (ကချင်က နေရာတချို့၊ စစ်ကိုင်း၊ ချင်း၊ ရခိုင်) နဲ့ TCL- 19 (ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ)ဆိုပြီး ရှိပါတယ်။ ၁၉၉၈ခုနှစ်မတိုင်ခင်က လူတွေ့အင်တာဗျူးတွေမှာ ရခိုင်က တောတောင်တွေမှာ ကျားရှိနိုင်ကြောင်းသိရပြီး ကင်မရာကတော့ မှတ်တမ်းမရခဲ့ပါဘူး။ ခုတော့ TCL-37  နဲ့ ဆက်စပ်ပြီးတော့ လာနိုင်တယ်လို့ စဉ်းစားမိပါတယ်"လို့ သားငှက်ထိန်းသိမ်းရေး ပညာရှင်က ဆိုပါတယ်။

 

အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ကျားနဲ့ကျားထွက်ပစ္စည်းတွေကို တရားမဝင်ဈေးကွက်တွေမှာ ကျန်ရှိဆဲ နိုင်ငံဖြစ်သလို၊ ကျားတွေရဲ့ အသက်ရှင်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ အဖြစ်လည်း ပါဝင်နေတယ်လို့ ပြီးခဲ့တဲ့နှစ်တွေက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)ရဲ့ စီရင်ခံစာတစ်ခုမှာ ဖော်ပြဖူးပါတယ်။  

 

အစီရင်ခံစာထဲမှာ ဖော်ပြထားတာက ကျားတစ်ကောင်လုံးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက ဈေးကွက် ဝင် နေပြီး၊ အဲဒီအစိတ်အပိုင်းတွေကို လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ကနေတဆင့် တရုတ်နိုင်ငံက စားသုံးသူတွေထံသို့ ရောင်းဝယ်ဖောက်ကားကြကြောင်း၊ အရေခွံကို အဆင်တန်ဆာအဖြစ် ရောင်းဝယ်ကြပြီး၊ ဂုဏ်သိက္ခာရှိသော လက်ဆောင်ပစ္စည်းအဖြစ်သော်လည်းကောင်း၊ ကျားခန္ဒာကိုယ် အစိတ်အပိုင်းတွေကို တိုင်းရင်းဆေးအဖြစ် သော်လည်းကောင်း၊ အရိုးကို ဝိုင်ချက်ရာတွင်လည်းကောင်း၊ အမျိုးသားအားတိုးဆေးအနေနဲ့လည်းကောင်း၊ နေရာဒေသလိုက်ပြီး အသုံးပြုဖို့ ရောင်းဝယ်ဖောက်ကားကြတယ်လို့ ဖော်ပြထားပါတယ်။

 

အဲဒီအပြင် သဘာဝတောထဲကနေ ဖမ်းဆီးပြီး မွေးမြူထားတဲ့ကျားကောင်ရေ ၇,၀၀၀ ကျော်ထိကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေက ကျားမွေးမြူရေးခြံတွေမှာ ထိန်းသိမ်း မွေးမြူထားတယ်လို့လည်း ဖော်ပြဖူးပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာတော့ တကမ္ဘာလုံးမှာ အတိုင်းအတာ အရ သဘာဝအလျောက်ကျက်စားတဲ့ ကျားကောင်ရေက ၃,၈၉၀ ထိသာ ကျန်နေခဲ့ပါတော့တယ်။

 

ကျားတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါလှတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ သစ်တော ဂေဟစနစ်ကို ကာကွယ်သူတွေဖြစ်ပြီး၊ သူတို့ကျက်စားတဲ့နယ်နိမိတ်ထဲက သတ္တဝါတွေရဲ့ ပေါက်ဖွားနှုန်းကိုလည်း ထိန်းချုပ်ပေးတာကြောင့် သစ်တောဂေဟစနစ်ကောင်းမွန်မှုရဲ့ အကောင်းဆုံးအညွှန်းကိန်းဆိုလည်း ဟုတ်ပါတယ်။

 

အခုလို ပွင့်ဖြူမြို့နယ်က လူတွေအနီးဝန်းကျင်မှာ ကျားနဲ့ကျားခြေရာတွေ့ရတာက နိုင်ငံရဲ့ ဂေဟစနစ်နဲ့ သားငှက် ထိန်းသိမ်းရေးအတွက် ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ဒေသခံတွေကို စိုးထိတ်နေစေမှာအမှန်ပါပဲ။ ဒါကြောင့်လည်း ဒီရက်ပိုင်းမှာ ပွင့်ဖြူမြို့နယ်က တောင်သူတွေက တောင်ယာလုပ်ငန်းခွင်ကိုသွားဖို့ စိုးထိတ်နေကြရသလို၊ ပွင့်ဖြူမြို့နယ် အပြင် စေတ္တုတရာမြို့နယ်ထဲမှာလည်း ဒီနေ့(စက်တင်ဘာ ၂ ရက်နံနက်)က ညောင်အိုင်၊ မုန်းတံတားအနီးက ယာကွက်ထဲမှာ ကျားခြေရာလို့ယူဆရတဲ့ ခြေရာအချို့နဲ့ ခရမ်းချဉ်ခင်းထဲမှာ ခွေးကြီးနှစ်ကောင် ကိုယ်လုံးစာမျှရှိတဲ့ ဝပ်ကျင်းရာတစ်ခုကိုလည်း တွေ့ရတယ် လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

မည်သို့ပင်ဆိုစေ ကျားကို နိုင်ငံအတွင်းဥပဒေအရ လုံးဝကာကွယ်ထားပြီး၊ ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ ကျားတွေကိုအမဲလိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အနာတရဖြစ်စေခြင်း၊ စုဆောင်းခြင်းတွေကို ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် လူ အချင်းချင်းကိုပင် နေ့စဉ်သတ်ဖြတ်နေတဲ့ ယနေ့စစ်အာဏာရှင် လက်အောက်မှာတော့ ကျားအပါအဝင် တောရိုင်း တိရစ္ဆာန်တွေရသင့်တဲ့ အခွင့်အရေးကတော့ မျှော်လင့်ဖို့ပင် အလှမ်းဝေးကွာလှပါတယ်။


Burma Associated Press



 

မြန်မာ
ကျား
တောရိုင်းတိရစ္ဆာန်

Share With
bap-logo