bap-logo
Article

စစ်ကောင်စီ လက်အောက်မှာ ဘုရားတနေရဦးမယ့် ပုဂံ ရှေးဟောင်းဘုရား ပုထိုးများ

Mqf1lDif_po2CFPpzOzTF-image

လွန်ခဲ့သော ၃ နှစ် က

လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ၂၀၁၉ ခုနှစ် ဇူလိုင်လကမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်ခဲ့တဲ့ ပုဂံဒေသဟာလည်း အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပရမ်းပတာ ဖြစ်မှုတွေကို ခံစားရဖွယ်ရှိပြီး ဘုရားတကာ ရင်လေးနေရဦးမယ့် အခြေအနေတွေမှာ ရှိနေပါတယ်။

 

သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်ထောင်ကျော်နေပြီဖြစ်တဲ့ ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှု တစ်ခုအဖြစ် သတ်မှတ် ခြင်း ခံရဖို့ အတွက် ၁၉၉၅ ကနေစလို့ ၂၅ နှစ်ကြာ ကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။

 

ကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့အတွက် ကြန့်ကြာနေရတဲ့ အကြောင်းအရင်းကတော့ စစ်အစိုးရလက်ထက် စီမံခန့်ခွဲမှု အမှားနဲ့ ထိန်းသိမ်းမှုအလွဲများစွာကြောင့်ပဲ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ ကုသိုလ်ရတယ်ဆိုတဲ့ အမြင် တစ်ခုထဲနဲ့ ဘုရားတွေကို စိတ်ကြိုက်ပြုပြင်ခဲ့တာတွေ လက်သင့်ရာ စားတော်ခေါပြီး ပေးချင်တိုင်းပေးခဲ့တဲ့ ဟိုတယ် မြေနေရာတွေကြောင့် ပုဂံဒေသဟာ နစ်နာခဲ့ရပါတယ်။

 

ယခု သြဂုတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ နံရံ ပြိုကျခဲ့တဲ့ သံပျင်စွာဘုရားက ထိန်းသိမ်းမှု အမှားတွေ ထပ် မကျူးလွန်ဖို့ မြည်လာတဲ့ အသိပေးခေါင်းလောင်းသံတစ်ခု ဖြစ်လာပါတယ်။ ယခုရက်ပိုင်း ပုဂံမှာ မိုးဆက်တိုက် ရွာသွန်းမှုနဲ့အတူ သြဂုတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ပုဂံဒေသ အနောက်ဖွားစောကျေးရွာ အနောက် ဘက်မှာ ရှိတဲ့ သံပျင်စွာဘုရားရဲ့ တောင်ဘက်နံရံ ပြိုကျပျက်စီးခဲ့ပါတယ်။ ပြိုကျခဲ့တဲ့ နံရံကနေ ထွက်တာတဲ့ အထဲမှာ ရှေးအုတ် မဟုတ်တဲ့ အုတ်အသစ်တွေ ပါဝင်နေတာကို ဓာတ်ပုံတွေက တဆင့်မြင်ခဲ့ရပါတယ်။

 

ပြိုကျတဲ့ နံရံကနေ ပေါ်ထွက်လာတဲ့ ရှေးခေတ်သုံး မြေသားအင်္ဂတေတွေဟာ မိုးရေကြောင့် စိုစွတ်နေတာကို ဓာတ်ပုံတွေအရ တွေ့ရပါတယ်။

 

မြေသားအင်္ဂတေရဲ့ အားသာချက်က ငလျင်လှုပ်ရင် အလိုက်သင့် ရွေ့လျားနိုင်တယ်။ အားနည်းချက်က ရေထိတဲ့ ဒါဏ်မခံနိုင်ဘူး။ မိုးမလုံလို့ ရေထိတာ၊ ရေဝင်တာများလာရင် မြေသား အင်္ဂတေထဲက စေးကပ်စေတဲ့ ဓာတ်က ပျက်ပြယ်သွားရော။ အဲဒီတော့ သာမန်မြေမှုန်၊ ရွံ့စေး အဖြစ်ပဲ ဖြစ်နေတယ်။ မိုးသိပ်များရင် ပြိုဆင်းကုန်တာလို့ ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုဇေမျိုးလင်းက ပြောပါတယ်။

 

ကိုဇေမျိုးလင်းက ပုဂံဘုရားတွေ၊ သာသနိက အဆောက်ဦးတွေရဲ့ အုတ်စီအုတ်နင်းအကြောင်း သုတေသန လုပ်နေတာ ၂၀၁၄ခုနှစ်ကတည်းက ဖြစ်ပါတယ်။

 

၂၀၁၆ သြဂုတ်မှာ လှုပ်ခဲ့တဲ့ ငလျင်ပြီးနောက်ပိုင်းမှာတော့ Technical Support Team ဆိုတဲ့ နည်းပညာ အထောက်ကူပြုအဖွဲ့ကို ဗိသုကာ၊ အင်ဂျင်နီယာ၊ သုတေသနပညာရှင်တွေနဲ့ ဖွဲ့စည်းပြီး ငလျင်ဒါဏ်သင့် ပုဂံဘုရား ပြုပြင်ထိန်းသိမ်းအလုပ်တွေမှာ ပါဝင်ခဲ့သူတစ်ယောက်ပါ။

 

ပုဂံရှေးဟောင်းဒေသရဲ့ အုတ်စီးအုတ်နင်းတွေအကြောင်းကို Public Awareness ဖြစ်အောင် အွန်လိုင်းကနေ စာတွေ ရေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

 

ပုဂံဘုရားတွေ အဓိကကြောက်ရတာ မိုးရေစိမ့်တဲ့ ပြသာနာ။ ပုဂံကို ခုလိုမိတ်ကပ်လူး၊ အုတ်အသစ်တွေနဲ့ ပြန်စီပြီးပိတ်တာက restoration (မူလအတိုင်းမွမ်းမံခြင်း) မဟုတ်ဖူး။ make up လူးတဲ့ အဆင့်ပဲရှိတာ။ ရှေးအုတ်က အရွယ်ကြီးတယ်။ ရှေးအုတ်နဲ့ ခေတ်သစ်အုတ် အရွေ့မတူ။ load distribution မတူ။ load transformation လုပ်တာခြင်းမတူဘူး။ ရှေးအုတ်က တကယ်တွန်းရင် ခေတ်သစ်အုတ်က မခံနိုင် ဘူး။ ခံနိုင်ဖို့ဆို အုတ်နံရံကို ထူထူလုပ်ရမယ်။ အနည်းဆုံး ပေခွဲလောက်ထူနိုင်မှ။ ခုတော့ လစ်တာဘဲလို့ သူက ပြောပါတယ်။

 

နံရံပြိုကျခဲ့တဲ့ သံပျင်စွာဘုရားဟာ ရှေးဟောင်းအဆောက်အဦး ကြွင်းကျန်အနေအထားနဲ့ရှိတဲ့ ဘုရားတစ်ဆူ ဖြစ်ပြီးတော့ ၂၀၀၄ ခုနှစ်မှာ ကိုရီးယားနိုင်ငံဗုဒ္ဓဘာသာအသင်းတစ်ခုကနေ လှူဒါန်းမှုနဲ့ ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံ) ဌာနခွဲကနေ သိရပါတယ်။

 

အဲလိုပြုပြင်ပြီးတဲ့အခါမှာ နဂိုကြွင်းကျန်တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ခေတ်သစ်အုတ်တွေနဲ့ တွဲပြီး အင်္ဂါစုံ ပြန်ပြင်ခဲ့ကြဖြစ်ပြီး ၂၀၁၆ မှာ ငလျင်လှုပ်ပြီး အပေါ်ကကွမ်းတောင်ပိုင်းမှာ ထိခိုက်သွားခဲ့တာကြောင့် ပြုပြင် ခဲ့ရပါသေးတယ်။

 

မိုးရေတွေစိမ့်ပြီးတော့ အုတ်သားတွေပြိုကျတယ်။ မတွဲကပ်တော့ဘူး။ နှစ်ပိုင်းကြာလာတဲ့အခါမှာ အသစ်နဲ့ အဟောင်းနဲ့လည်း မတွဲတော့ဘဲ အဟောင်းတွေက ပြိုကျပြီး၊ အပြင်က အသစ်တွေပါ အပြင်ကို ထွက်လာတယ်။ အလျားက ၁၇ ပေ လောက်ရှိတယ်။ အနံက ၁၄ ပေ လောက်ရှိတယ်။ အထူကတော့ ပေ လောက်ရှိတယ်။ အဲလောက်ကြီးကို ပွင့်ထွက်သွားတယ်။ ဒါပေမယ့် ဟောင်းလောင်းပေါက် ဖြစ်တာတော့မဟုတ်ဘူး။ ဆက်ပြီး တော့ ပြိုနိုင်တာ၊ ရေစိမ့်နိုင်တာတွေကို စစ်ဆေးပြီးတော့မှ ပြန်လည်ပြုပြင်နိုင်ဖို့အတွက်တော့ ကုန်ကျစရိတ် တွေကို အထက်ကို တင်ပြထားပါတယ်လို့ ရှေးဟောင်းသုတေသန ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြိုကျပျက်စီးခဲ့တဲ့ သံပျင်စွာ ဘုရားရဲ့ အခြေအနေကို ပြောပါတယ်။

 

သူကလည်းပုဂံကမိုးများရင်တော့ ကြောက်ရတယ်။ ဘုရားတွေက သက်တမ်းအားဖြင့်လည်း ကြာလာပြီ။ သဘာဝဘေးဒဏ်တွေကလည်း အကြိမ်ကြိမ်ဖြစ်လာတယ်။ ခံစားခဲ့ရတယ်။    နောက်ပိုင်း ကမ္ဘာ့အမွေအနှစ် ဝင်သွားတဲ့ အလျောက် သတ်မှတ်ချက်တွေနဲ့ ထိန်းသိမ်းဆောင်ရွက်ပေးနေရတယ်လို့ ပြောပါတယ်။

 

ပုဂံတစ်မျက်နှာထဲပဲ ကြည့်ပြောရမယ်ဆိုရင် စစ်အစိုးရလက်ထက်မှာရော၊ NLD အစိုးရလက်ထက် မှာပါ စီမံခန့်ခွဲမှုအလွဲမှားတွေ ရှိခဲ့တယ်လို့ ကိုဇေမျိုးလင်းကပြောပါတယ်။စစ်အစိုးရလက်ထက် ၁၉၉၀ ဝန်းကျင်မှာက ရှိသမျှဘုရားတွေ လိုက်ပြင်တယ်။ ဘုရားပေါ်တက်ပြီး ဖျက်စီးတယ်။ NLD အစိုးရ လက်ထက်ကြတော့ လူလုပ်ကုန်းတွေ ဆောက်တယ်၊ အပင်တွေစိုက်တယ်၊ ဘုရားတွေပြင်ဖို့ တင်ဒါခေါ်တယ်။ လွဲပုံခြင်းတော့ မတူဘူးပေါ့လို့ သူကပြောပါတယ်။

 

သစ်ပင်တွေဟာ အမြစ်ထိုးတယ်၊ မြေပေါ်မြေအောက် အစိုဓာတ်ထိန်းထားတဲ့ သဘောရှိပြီး မြေအောက်မှာ အက်စစ် ဓာတ်ပေါင်း စွန့်ပစ်နိုင်တာ။ မိုးများလာနိုင်တာ။ အပင်တွေရှိရင် အက်စစ်ပိုးမွှားတွေ ပိုများလာတာ၊ စတာတွေက ဘုရားတွေကို ပျက်စီးရာ ပျက်စီးကြောင်းလမ်းပေါ် မြန်မြန်လေး တွန်းပို့နေသလိုပါပဲလို့ ကိုဇင်မျိုးလင်းက ပြောပါတယ်။


လွန်ခဲ့တဲ့ ၁၉၀၀ ဝန်းကျင်က ပုဂံနှင့် အခု ပုဂံတောင်မတူတော့ဘူးလို့ သူက ပြောပါတယ်။စစ်အစိုးရလက် ထက်မှာ ဖြစ်သလိုပြုပြင်ခဲ့တဲ့ ဘုရားတွေဟာ ၂၀၁၆ ငလျင်မှာ ထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

 

၂၀၁၆ ငလျင်ကြောင့် ရှေးဟောင်းစေတီပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရတာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်မှာ ငါးနှစ် တင်းတင်းပြည့်ခဲ့ပြီး ဖြစ်ပါတယ်။

 

image

သမိုင်းကြောင်းတွေအရ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ပုဂံဒေသဟာ ငလျင်ဒဏ်ကို မကြာခဏ ခံခဲ့ရတာပါ။

 

သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ ပုဂံလက်သစ်စာတမ်း အဆိုအရ ဒုတိယစည်သူ လက်ထက် (၁၁၆၅-၁၂၂၁) ငလျင်ကြီး၊ ၂၅ နိုဝင်ဘာ ၁၃၇၂ ငလျင်၊ မေ ၁၃၈၀ ငလျင်၊ ၁၄ ဇူလိုင် ၁၄၈၅ ငလျင်၊ ၁၃ ဒီဇင်ဘာ ၁၆၅၈ ငလျင်၊ ၁၀ ဇန်နဝါရီ ၁၇၇၈ ငလျင်၊ ၂၂ မတ် ၁၈၃၉ ငလျင်၊ ၁၆ ဇူလိုင် ၁၉၅၆ ငလျင်၊ ဇူလိုင် ၁၉၇၅ ငလျင်တွေလည်း လှုပ်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

 

အဲဒီငလျင်တွေထဲမှာမှ ၁၉၇၅ ခုနှစ် ဇူလိုင်လ ရက် က လှုပ်ခတ်ခဲ့သည့် ငလျင်ကတော့ ရစ်ခ်ျတာ စကေး ဒသမ ရှိပြီး နှစ်ပေါင်း ၉၀၀ အတွင်း အဆိုးဝါးဆုံး ငလျင်တစ်ခုဖြစ်ခဲ့ပါတယ်။

 

အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ ပြည်တွင်း ပြည်ပက နည်းပညာတွေ၊ ငွေကြေး အကူအညီတွေ ရယူပြီး ပုဂံဒေသကို ထိန်းသိမ်းဖို့အတွက် ၂၀၁၇ ကနေ ၂၀၂၀ အထိ လေးနှစ် စီမံကိန်းတစ်ခု ရေးဆွဲပြုလုပ် ထိန်းသိမ်းခဲ့ကြပါတယ်။ ရှေးဟောင်းဘုရား အတော်များများကိုလည်း အဲဒီအကူအညီတွေနဲ့ ပြုပြင်ခဲ့ကြပါတယ်။

 

ပုဂံဒေသနှင့် အနီးတစ်ဝိုက်မှာဆိုရင် ငလျင်လှုပ်ခတ်နိုင်တဲ့ အိန္ဒိယမြေထုချပ်နဲ့ ထိစပ်နေတဲ့ ဇုန်အပြင် ဂွေးချို ပြတ်ရွေ့၊ ရေနံချောင်း-ချောက် ပြတ်ရွေ့တွေကလည်း အနာဂတ်ပုဂံအတွက် ခြိမ်းခြောက်မှုတွေအဖြစ် တည်ရှိနေပါတယ်။

 

နောက်တစ်ခုကတော့ လူလုပ်တဲ့ ဘေးဖြစ်တဲ့ ယဉ်ကျေးမှုကို လျစ်လျူရှုတဲ့ ဝိသမ လောဘသားတွေရဲ့ အန္တာရယ် ကလည်း ပုဂံမှာ ရှိနေပါတယ်။

 

ကိုဗစ်ကာလဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းက ပုဂံမှာ ဘုရားဌာပနာ ဖောက်ထွင်းခံရတာ မီးရှို့ ဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘုရား ၁၂ ဆူရဲ့ ဌာပနာတွေ အဖောက်ခံခဲ့ရပြီး ရှေးဂူ ဘုရားတစ်ဆူ ဖြစ်တဲ့ လောကထိပ်ပန်ရဲ့ အဝင်တံခါးလည်း မီးရှို့ခံရပါသေးတယ်။

 

ဒီအခြေအနေတွေအားလုံးဟာ ပုဂံဒေသက ရှေးဟောင်းယဉ်ကျေးမှု အမွေအနစ်တွေကို ခြိမ်းခြောက်ခံနေကြ တာဖြစ်ပြီး အချိန်မီကာကွယ်ဖို့ သတိပေး အချက်ပြနေတာဖြစ်ပါတယ်။ ပုဂံရှေးဟောင်း သုတေသနဘက် ကတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေကို ရပ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

 

အရေးကြီးတဲ့နေရာတွေကို ဦးစားပေးပြီး ဆောင်ရွက်နေပါတယ်။ ဘုရားတိုင်းမှာ ဘုရားစောင့်တွေလည်း ရှိတယ်။ မိုးသည်းရင် မိုးလင်းတာနဲ့ ဘုရားစောင့်တွေကို လိုက်မေးတယ်။ လိုအပ်တာပြင်ပါတယ်လို့ ရှေးဟောင်း သုတေသနဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောပါတယ်။

 

ဒေသခံတွေဘက်ကတော့ အာဏာသိမ်းပြီး ခြောက်လအတွင်းမှာ ပုဂံဒေသအတွင်းမှာ ရှေးဟောင်း သုတေသနက လူတွေ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

 

ယခင်ကတည်းက လက်ရှိအထိ ပုဂံရှေးဟောင်းသုတေသနဌာနမှာ ထိပ်ပိုင်းရာထူးယူထားသူတွေဟာ ယဉ်ကျေး မှုကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကောင်းကောင်းနားမလည်တဲ့ စစ်တပ်က လာတဲ့သူတွေ ဖြစ်နေတာက လည်း ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် အခက်အခဲတစ်ခုဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

 

မိုးကျရွှေကိုတွေ ဌာနထဲမှာများတယ်၊ ဗိုလ်ကြီး ဗိုလ်မှူးတွေများတယ်။ ကောင်းတဲ့လူက တစ်ရာမှာ တစ်ယောက် ပဲ ပါတယ်။ အများစုက ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေနှစ် ထိန်းသိမ်းရေးအလုပ်နဲ့ မသင့်တော်တဲ့ လူတွေချည်းပဲလို့ ထိန်းသိမ်းရေးပညာရှင် ကိုဇေမျိုးလင်းက ပြောပါတယ်။

 

ပုဂံဘဲဖြစ်ဖြစ် အခြားနေရာဘဲဖြစ်ဖြစ် စီမံခန့်ခွဲမှုအမှားတွေ ဘာကြောင့်ဖြစ်လဲဆိုတာကို Cultural Resources Management ဆိုတဲ့ ပညာမတတ်တဲ့လူတွေ ဌာနထဲမှာရော၊ အပြင်မှာရော များနေလို့ပါလို့ သူက ပွင့်ပွင့် လင်းလင်းပြောပါတယ်။

 

ပုဂံကို ကယ်တင်ဖို့ အထောက်ကူ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ နည်းရှိတယ်။ မြေသား အင်္ဂတေတွေထဲက ခြောက်ခန်း သွားတဲ့ စေးကပ်/တွယ်ကပ်စေတဲ့ ဓာတ်ပေါင်းကို ပြန်ရလာအောင်လုပ်ရမယ်။ အကုန် ဖြိုချပီး အုတ်ပြန်စီလို့ ပြောတာမဟုတ်ဘူး။ grouting လုပ်ရမှာ။ ထုံးရယ်၊ ရေသန့်ရယ်၊ ပုပ္ပါးကထွက်တဲ့ ပိုဇိုလန်ကျောက်အမှုန့်ရယ်ကို အချိုးကျဖျော်ပီး လောင်းရမယ်။ ဒါက သိပ္ပံနည်း။ အချိုးကိုတော့ သေချာစမ်းရဦးမှာ။ ပိုဇိုလန်က ဝန်ကြီးဌာနချင်း စာမပါရင် မရောင်းပေးနိုင်ပါဘူး လုပ်နေလို့ကြာနေတာ။ မစမ်းရသေးဘူး။ နောက်တစ်နည်းက မြန်မာ့ရိုးရာနည်း၊ သကာရည်၊ ဥသျှစ်၊ အုံတုံ၊ ထုံး၊ ရောပီးစမ်းရမှာ။ ဒါလည်း တစ်ခါမှ မစမ်းရသေးဘူးလို့ သူကပြောပါတယ်။

 


သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ တတ်သိပညာရှင်တွေအနေနဲ့ ပုဂံဘုရားထိန်းသိမ်းမှုအပိုင်းကို သုတေသနလုပ်ပြီး ထဲထဲဝင်ဆောင်ရွက်ဖို့ ခက်ခဲနေဦးမယ်လို့လည်း ကိုဇင်မျိုးလင်းက ပြောပါတယ်။

 

လက်ရှိမှာ အာဏာသိမ်းမှုကြောင့်လည်း ပုဂံဒေသကို ထိခိုက်မှုရှိနိုင်တယ်လို့ သူက အခုလို ပြောပါတယ်။

 

၁၉၉၀ ခုနှစ်များဆီ ပြန်ရောက်သွားတယ်ပေါ့ဗျာ၊ ပုဂံ ကမ္ဘာ့အမွေနှစ်စာရင်းကနေ Heritage in Danger စာရင်းထဲပါဖို့ လမ်းကြောင်းကို တည့်တည့်ကြီးသွားကြမှာပေါ့ဗျာ။ ပုဂံမှ မဟုတ်ပါဘူး၊ ပျူမြို့တွေလည်း စိတ်မချရပါဘူးလို့ ကိုဇင်မျိုးလင်းက ပြောပါတယ်။

 

အန္တရာယ်ရှိတဲ့ အမွေအနှစ် World Heritage in Danger အဖြစ် သတ်မှတ်ခြင်းခံရတာကို ဆိုလိုတာဖြစ်ပြီး။ အဲဒီအခြေအနေရောက်ခဲ့လို့မှ ပြန်လည်ကောင်းမွန်အောင် မပြင်ဆင်နိုင်ခဲ့ရင် ကမ္ဘာ့အမွေအနှစ်ကနေ ပယ်ဖျက် နိုင်တဲ့ အဆင့်အထိ ရောက်လာမှာဖြစ်ပါတယ်။

Burma Associated Press

မြန်မာ
ရှေးဟောင်းအမွေအနှစ်
ပုဂံ

Share With
bap-logo