bap-logo
Politics

ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်နှင့် တင်းမာမှုလျှော့ချရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

FjCB1D68xesYHGxhkOLGQ-image

လွန်ခဲ့သော တစ်နှစ် က

ဗြိတိန် ထိပ်တန်းသံတမန်တစ်ဦးဖြစ်သည့် James Cleverly သည် နှစ်နိုင်ငံအကြား လျော့ရဲနေသည့် ပူးပေါင်းမှုများ ပိုမိုခိုင်မာစေရန် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

 

၎င်းခရီးစဉ်သည် ငါးနှစ်ကျော်ကြာ ကာလအတွင်း ယူကေ နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ အင်္ဂါနေ့တွင် နှစ်နိုင်ငံလုံးက ခရီးစဉ်ကို အတည်ပြုခဲ့သည်။

 

နှစ်ဘက်လုံးမှ Sino-British (တရုတ်-ဗြိတိသျှ ပူးတွဲကြေငြာချက်) ဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများအတွက် ဘုံစိုးရိမ်မှုတို့ကို နက်ရှိုင်းစွာ ဆက်သွယ်ဆွေးနွေးသွားမည် ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ပြောသည်။

 

"အပြန်အလှန် လေးစားမှုစိတ်ထားကို အားပေးထောက်ခံရန်၊ နက်ရှိုင်းသော ဖလှယ်မှုများ ပြုရန်၊ အပြန်အလှန်နားလည်မှု တိုးမြှင့်ရန်နှင့် Sino-British ဆက်ဆံမှု တည်ငြိမ်စွာ တိုးတက်ရေးကို မြှင့်တင်ရန်တို့အတွက် ဗြိတိသျှသည် ကျွန်ုပ်တို့နှင့် အတူတကွ လုပ်ဆောင်သွားမည်ဟု မျှော်လင့်ပါကြောင်း” ၎င်းက ပြောသည်။

 

Cleverly သွားရောက်မှုသည် ဆယ်စုနှစ်များစွာ နိမ့်ကျနေခဲ့သည့် တရုတ်-ဗြိတိန် ပူးပေါင်းဆောင်ရွက်ရေး တည်ငြိမ်စေရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်တွင် တရုတ်အစိုးရ၏ အရပ်ဘက် လွတ်လပ်မှု ထိန်းချုပ်ဟန့်တားခြင်း၊ Xinjiang ဒေသတွင် လူနည်းစု ဝီဂါ များအပေါ် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲခြင်း၊ ရုရှားကို တရုတ်ထောက်ခံမှု၊ ဗြိတိန်နိုင်ငံ၏ အမေရိကန်နိုင်ငံနှင့် နီးကပ်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စသည့် အရေးတို့အပေါ်တွင် နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲနေခဲ့ကြသည်။

 

Cleverly က Xinjiang ဟောင်ကောင်အရေးများကို တရုတ်အစိုးရနှင့် မြှင့်တင်ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်မှုတွင် ကူညီခြင်း၊ တောင်တရုတ် ပင်လယ်မှ ပထဝီနိုင်ငံရေးတင်းမာမှုများပျံ့နှံ့လာခြင်းတို့အပါအဝင် ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် တရုတ် လွှမ်းမိုးမှုက တာဝန်ယူမှုရှိရေး ဖိအားပေးမည်ဟု မျှော်လင့်ရသည်။

 

၎င်းတာဝန်ယူမှုဆိုသည်မှာ တရုတ်က နိုင်ငံတကာ ကတိကဝတ်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုကြောင်း" ၎င်း က ပြောသည်။

 

ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ်ပါတီတွင် တရုတ်နိုင်ငံကို ခိုင်မာသည့် စည်းတားရေးနှင့် ပတ်သတ်၍ ကွဲလွဲမှု ဖြစ်ပေါ်နေသည်။ ဝေဖန်သူများက ယခင်ဝန်ကြီးချုပ်ဟောင်း Boris Johnson ကို ကုန်သွယ်မှုပူးပေါင်းရေးကို ဦးစားပေးပြီး တရုတ်၏ ခြိမ်းခြောက်မှုကို အမျိုးသား လုံခြုံရေးအဖြစ် အလေးအနက်မထားသည့် "တရုတ်လိုလားသူဟု ကိုယ်တိုင် ကြေငြာထားသူဟု စွပ်စွဲခဲ့ကြသည်။

 

လက်ရှိ ဝန်ကြီးချုပ် Rishi Sunak က သိမ်မွေ့ပြီး ထိပ်တိုက်မတွေ့ဆုံရေး ချဉ်းကပ်မှု လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ၎င်းက တရုတ်ကို ဗြိတိန်၏ တန်ဖိုးများနှင့် အကျိုးစီးပွားများအတွက် ကြီးထွား လာသော "စနစ်တကျ စိန်ခေါ်မှု” တစ်ခုဟု ရှင်းလင်းဖော်ပြသော်လည်း အာရှအင်အားကြီး နိုင်ငံနှင့် ဆက်ဆံရေးထိန်းသိမ်းထားရန် လိုအပ်ကြောင်းလည်း အလေးထားဖော်ပြပြောဆိုထားသည်။

 

ကွန်ဆာဗေးတစ်ပါတီ အမတ်၊ ယခင်ပါတီခေါင်းဆောင်ဟောင်း တရုတ်ကွန်မြူနစ်ပါတီကို ပွင့်လင်းစွာ ဝေဖန်လေ့ရှိသူ Iain Duncan Smith က Cleverly သွားရောက်မှုသည် "အလွန်အကျွံ ခယခြင်း စီမံချက်” အဖြစ် နောက်ဆုံးပေါ် သရုပ်ဖော်ပြသခြင်းဖြစ်သည်ဟု ပြောဆိုသည်။

 

ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားက ဆိုးဆိုးရွားရွား မတရားသဖြင့် လိုက်လျောကျေအေးတဲ့ အငွေ့အသက်တွေ ရနေတာပဲ။ဟု ၎င်းက ပြောသည်။ "လုပ်ငန်းတွေ ပိုလိုချင်တဲ့အတွက် တရုတ်ကို စိတ်မပျက်စေလိုဘူးဆိုတဲ့ ပုံစံပေါက်နေပါတယ်။”

 

Duncan Smith သည် တရုတ်က ၂၀၂၁ ခုနှစ်တွင် ဒဏ်ခတ်ရေးယူခဲ့သည့် တရုတ်ကို ဝေဖန်သူ ဗြိတိသျှ လွှတ်တော်ကိုယ်စားလှယ် ငါးဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းတို့သည် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုတို့သို့ ဝင်ရောက်ခွင့်နှင့် တရုတ်နိုင်ငံသားများနှင့် စီးပွားရေးလုပ်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

 

Cleverly က တရုတ်ကို ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရန် တောင်းဆိုသွားမည်ဟု ပြောကြားထားသည်။ လူ့အခွင့်အရေးနှင့် လုံခြုံရေးစိုးရိမ်မှုများကို အလေးပေးဖော်ပြမည့်အပြင် Cleverly သည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ကုန်သွယ်ရေးတို့တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖြစ်တန်ချေရှိသော နယ်ပယ်များကိုလည်း ရှာဖွေစူးစမ်းသွားမည်ဟု မျှော်လင့်ရသည်။

 

၎င်း၏ ခရီးစဉ်သည် ဆက်သွယ်ရေးလမ်းကြောင်းများ ခိုင်မာစေရေးနှင့် ဗြိတိသျှအကျိုးစီးပွား ကာကွယ်ရေးတို့ကို ရည်ရွယ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောကြားသည်။ ၎င်းသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ဒုသမ္မတ Han Zheng တို့နှင့်လည်း တွေ့ဆုံမည်ဟု ၎င်းဌာနက ပြောသည်။

 

Cleverly သည် ဘေဂျင်းသို့ ဂျူလိုင်လတွင် သွားရောက်ရန် မူလက စီစဉ်ထားသော်လည်း ၎င်း၏ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။ တရုတ်နိုင်ငံတွင်လည်း ၎င်းနှင့် တွေ့ဆုံရမည့် Qin Gang ကို Wang Yi နှင့် အစားထိုးခဲ့သည်။

 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International မှ ယူကေနိုင်ငံဆိုင်ရာ အလုပ်အမှုဆောင် အကြီးအကဲ Sacha Deshmukh က Cleverly "တရုတ်တွင် ရှိနေစဉ်အတွင်း ၎င်း လုပ်ဆောင်သမျှသည် လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စများ သဘောထားနှင့် ရပ်တည်ချက်အတိုင်း တည်ရှိနေစေရမည်။ဟု ပြောကြားသည်။

 

နိုငျငံခွားရေးဝနျကွီးက တံခါးပိတျအစညျးအဝေးတှမှော လူ့အခှငျ့အရေးဆိုငျရာအရေးကိစ်စများ မြှင့်တင်ပါမည်ဟု ကတိပြုသည်ထက် သာလွန် လုပ်ဆောင်ရမည်။” ဟု ၎င်းက ပြောသည်။

 

ကိုးကား - AP

ပုံစာ - ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး James Cleverly (Photo: Henry Nicholls/Pool Photo via AP)

 

တရုတ်
ဗြိတိသျှ
တရုတ်-ဗြိတိသျှ ပူးတွဲကြေငြာချက်

Share With
bap-logo